Tuesday, May 2, 2017
တဏှာဖြစ်လာလျှင် ဖယ်ရှားနည်း
တဏှာဖြစ်လာလျှင် ဖယ်ရှားနည်း
••••••••••••••••••••••••••••••••
တရားဆိုတာက နေရာတိုင်း၊ အချိန်တိုင်း ကျင့်လို့ရပါတယ်။ ကမ္မဌာန်းထိုင်နေမှ တရားကျင့်တာမဟုတ်ပါ။
တရားဆိုတာ ဣရိယာပုတ် လေးပါးစလုံးနဲ့
ကိုယ်ရဲ့စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ အညစ်အကြေးတွေကို သန့်ရှင်းအောင်လုပ်တာဟာ တရားပါပဲ။
လက်တွေ့ကျင့်သုံးနေတယ်လို့ ခေါ်ပါတယ်။
တရားထိုင်နေတဲ့ ပုဂ္ဂိုလ်သာ တရားကျင့်တယ်လို့ မအောင့်မေ့နဲ့။ အာရုံတွေနဲ့ တွေ့နေတဲ့အခါမှာ မကောင်းတဲ့ အာရုံတွေကို ဖယ်ရှားပစ်နေတာလည်း တရားကျင့်တာပါပဲ။
မျက်စိက နှစ်သက်စရာအာရုံတွေ့လို့၊ နားက နှစ်သက်စရာအသံကြားလို့၊ ကျန်တဲ့အာရုံတွေကလည်း နှစ်သက်စရာ ဆုံမိလို့ တဏှာလောဘတွေ နှစ်သက်စရာတွေ တွေ့လာပြီဆိုရင်
ဖယ်ရှားနိုင်ရပါမယ်။
အဲဒီ နှစ်သက်စရာအာရုံဆိုတာ သက်ရှိရှိတယ်၊ သက်မဲ့ရှိတယ်။
သက်ရှိပေါ်မှာ တွယ်တာစိတ်၊ ချစ်ခင်စိတ်၊ တဏှာလောဘပေါ်လာရင် အသုဘ ဘာဝနာပွားပြီး ဖယ်ရှားပစ်ပါ။
တစ်ခါက ရှင်ဝင်္ဂီသ အရပ်ထဲ ဆွမ်းခံသွားတုန်း နှစ်သက်စရာ မာတုဂါမ တစ်ယောက်နဲ့တွေ့လာလို့ စိတ်တွေဖောက်ပြန်လာတဲ့အခါ
အရှင်အာနန္ဒာကို ဖွင့်ပြောတယ်။
“တပည့်တော်, ဘုရား။ ကာမဂုဏ်အာရုံတွေ လွှမ်းမိုးနေပါတယ်။
အဲဒီ စိတ်တွေကြောင့် စိတ်ထဲမှာ ပူလောင်နေပါတယ်။
တပည့်တော်ကို ငြိမ်းအေးအောင် အရှင်ဘုရား ဆုံးမပါ” တဲ့။
အဲဒီတော့ ရှင်အာနန္ဒာက “အေး မင်း အမှတ်သညာလွှဲနေလို့ ဒီလိုဖြစ်တာ၊ မင်း သညာလေးကို ပြောင်းလိုက်။
စိတ်ထဲမှာ လှတယ်ဆိုတဲ့ အတွေးကြောင့် ဒီလိုဖြစ်တာ။
မလှဘူးဆိုတာ ပေါ်အောင်တွေး။
တင့်တယ်တယ်ဆိုလို့ ဒီလိုဖြစ်တာ၊ မတင့်တယ်ဘူးဆိုတာ ပေါ်အောင်တွေး။ မတင့်တယ်ဘူးဆိုတဲ့ ရွံ့စဖွယ်တွေကို လိုက်ရှာတွေး။
လူရဲ့ခန္ဓာကိုယ်မှာ ရွံ့စရာတွေ အများကြီးရှိတယ်။
ရွံ့စရာတွေမတွေးဘဲနဲ့ နှစ်သက်စရာတွေ တွေးနေရင်တော့
လောဘဖြစ်တယ်။
“အသုဘာယ စိတ္တံ ဘာဝေဟိ၊ မာနာနုသယ မုဇ္ဇဟ” တဲ့။
ဒါဟာတားဆီးတဲ့ နည်းတစ်ခုပဲ။
အဲဒီနည်းနဲ့ ဖြေဖျောက်လိုက်တဲ့ အခါမှာ ပူလောင်နေတဲ့ သူရဲ့ တဏှာရာဂ စိတ်တွေဟာ ချိုးနှိမ်ပြီးသား ဖြစ်သွားတယ်။
ကိုယ့်သန္တာန်မှာ လောဘဖြစ်ရင် ဖြစ်မှန်းသိရမယ်၊ မဖြစ်အောင်ထိန်းရမယ်။ မာနဖြစ်ရင် ဖြစ်မှန်းသိရမယ်။
အဲဒီ စိတ်ရဲ့ အညစ်အကြေးတွေ၊ သဘာဝတွေကို သိလာပြီဆိုလို့ရှိရင် သူတို့ရဲ့ ထွက်ပေါက်ကို ရှာရမယ်။
အဲဒီ ထွက်ပေါက်ရှာပြီး ဖယ်ရှားပစ်တာဟာ တရားကျင့်တာပါပဲ။
ဒါကြောင့် တရားချစ်ခင် သူတော်စင်တို့ အနေနဲ့ ဗုဒ္ဓမြတ်စွာ ဟောထားတဲ့ ဓမ္မကို လက်တွေ့ကျင့်သုံးခြင်းဖြင့် သာသနာတော်နဲ့ ကြုံတွေ့ရကျိုးနပ်ပြီး ဓမ္မကိုကျင့်သုံးခြင်းကြောင့် မိမိတို့၏ စိတ်နေသဘောထားအားလုံး အလွန်မွန်မြတ်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေကုန်သတည်း။
( ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ )
3 Treasures: Buddha, Dhamma & Sangha မှဓမ္မဒါနအဖြစ်ကူးယူဖေါ်ပြသည်။
............................................................................................
တွယ်တာမှုကို လျှော့ချပါ။
တွယ်တာတာက နံပါတ် တစ်
ကိုယ့်ကိုယ်ကို တွယ် တာတယ်၊
ကိုယ့်ဘဝကိုတွယ်တာ တာကို အကြောင်းပြုပြီး
တွယ်တာမှုကို တိုးချဲ့ လိုက်တဲ့အခါ
နောက်တစ်ယောက် ရောက်လာတယ်၊
တွယ်တာမှုက ဒုတိယနောက်တစ်ခုဖြစ်လာတယ်။
အဲဒီထဲမယ်၊ ပစ္စည်းဥစ္စာတွေ
တွယ်တာတာတွေ ပါသေးတယ်။
ဘဝကိုတွယ်တာတာ၊ တွယ်တာရင်းကတော့
ကိုယ့်ကိုယ်ကို တွယ်တာတာပါပဲ။
ကိုယ့်ကိုယ်ကိုတွယ်တာရာကနေ
ပစ္စည်းဥစ္စာတွေ တွယ်တာ တယ်။
တွယ်တာပြီးတဲ့အခါ  
နောက်တစ်ယောက် တွယ်တာ ဖို့ ကြိုးစားတယ်။
နောက် တစ်  ယောက် တွယ်တာဖို့
ကြိုးစားရာကနေပြီးတော့
သုံးယောက်လေးယောက် ငါးယောက်နဲ့
မပြတ်နိုင်တော့ဘူး။
တွယ်တာမှုတွေတိုးချဲ့သွားတာ။
အဲဒီလိုပဲ ဝမ်းတွေသာလို့ ၊
သားသမီးတွေနဲ၊့ မြေးတွေနဲ့ ၊မြစ် တွေနဲ့
ဆိုပြီးပျော်နေကြတာ၊ ဘယ်တွယ်တာမှုတွေ
လျော့အောင်လုပ်တာဟုတ်မလဲ၊ တိုးချဲ့ နေတာ။
ကိုယ့်အကျိုးစီးပွားဆိုတာ
တွယ်တာမှုကို လျော့ချရမယ်။
တွယ်တာမှုကိုဘာဖြစ်လို့ လျှော့ချရမှာလဲ၊
လူ့ ဘဝဟာ အတွယ်လေးရှိမှ
ပျော်စရာကောင်းတယ်လို့ ထင်တဲ့လူက
ထင်နေဦးမှာ လေ။
တွယ်တာမှုကြောင့် ငရဲကျတယ်လို
့ပြောတာမဟုတ်ဘူး။ တွယ်တာမှုရှိပြီး
ပစ္စည်းကိုပဲတွယ်တွယ်, လူကိုပဲ တွယ် တွယ်,
တွယ်တာမှုဆိုတဲ့ရာဂမကင်းလို့ ရှိရင်
ဘာဖြစ်လဲဆို လူတွယ်ရင် သူ့ အတွက်
သောက ဖြစ်တယ်။
ပစ္စည်းတွယ်ရင် အဲဒီပစ္စည်း အတွက်
သောက၊ ရင်ထဲ မှာ မအေးတဲ့ဟာ
ဖြစ်လာတာဟာ တွယ်တာမှုရဲ့ အပြစ်ပဲ။
တခြားအဝေးကြီးမရှာနဲ့ ၊
ပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုခုအပေါ်မှာ
သောကဆိုတာ လူတွေမှာ ရှိကြတယ်၊
ပိုက်ဆံများများ ချမ်းသာလာလေလေ
သောကများများဖြစ် လေ၊
မြန်မာစကားလည်းရှိတယ် မဟုတ်လား
"မရှိတောင့်တ ရှိကြောင့်ကျ"၊
ကြောင့်ကျ ဆိုတာ သောကကိုပြောတာ။
မရှိရင်တော့ရှိချင်တာ၊ တောင့်တ၊
ရှိလာတော့ ဘာဖြစ်လဲ၊ သောကဖြစ်လာတယ်။
ဘယ်သူ့  ပေါ် မှ   သောကမရှိရင်
ကိုယ့်ကိုယ်ကို သောကဖြစ်တယ်။
သားတွေသမီးတွေကြီးကုန်ပြီ၊
တို့ ကတော့    အေး အေးဆေးဆေးပဲ၊
ဘယ်မှာအေးမှတုန်း၊ မအေးလို့ ဘဲ
တယ်လီဖုန်းဆက်ပြီး "နေကောင်းကြလား"
လှမ်းမေးနေတာ။
သူကသာ အေးတယ်ထင်နေတာလေ၊
မလာလို့ ရှိရင် "ဟဲ့မလာ ကြဘူးလား၊
ဖုန်းလေးမှဆက်ဖေါ် မရဘူး" 
အဲဒီလိုကြောင့်ကျမှုတွေဟာ
ဘယ်သူ့ ကြောင့်ဖြစ်ရတာလည်းဆိုရင်
ဒီရာဂကြောင့် ဖြစ်တာ။
အဲဒီရာဂကို ဖယ်ရှားဖို့ ကြိုးစားရမယ်တဲ့။
ဒီလိုဆိုလိုတာနော်။
ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
#AshinNandamalabhivamsa
အတ္တဟိတ နှင့် ပရဟိတ
စာအုပ်မှကောက်နှုတ် ချက်
အမှတ်စဉ် (၁၂၂)
www.drnandamalabhivamsa.com.mm
ၡCredit: Original upload
No comments:
Post a Comment