Friday, February 17, 2017

သမထ နှင့် ဝိပဿနာ

"သမထ နှင့် ဝိပဿနာ"
••••••••••••••••••••
                   ယခုခေတ်အခါသည် "ဝိပဿနာ"ထွန်းကားလာသော အခါဖြစ်ပေသည်။ ဝိပဿနာ ထွန်းကားသည့်အားလျော်စွာ အားထုတ်ဖို့ရာ အခွင့်အခါ အချိန်ရကြသော ပုဂ္ဂိုလ်တို့က ဝိပဿနာတရားကို တတ်နိုင်သမျှ အားထုတ်နေကြပြီး၊ အားထုတ်ဖို့ရာ အခွင့်အခါ မကြုံနိုင်သေးသည့်ပုဂ္ဂိုလ်တို့ကလည်း ဝိပဿနာတရားအားထုတ်သောအခါ လိုက်နာဖွယ်ရာ အခြေခံများကို မှတ်သားလေ့လာလျက်ရှိကြပေသည်။
             ဝိပဿနာ ကျင့်ကြံအားထုတ်သည့် ဓမ္မမိတ်ဆွေ များ ပိုမို များပြားလာစေရန် ဝိပဿနာ နှင့် ပတ်သက်သော အားထုတ်နည်း၊ ရှုမှတ်နည်းများ ကို ကုသိုလ်ပြုရာ ၍ ယခင်က မိမိကဲ့သို "ဝိပဿနာ" ကို နားမလည်သူ တချို့ က မေးမြန်းလာပါတယ်။ "သမထ နဲ့  ဝိပဿနာ" က ဘာကွာလဲ၊ မတူဘူးလား..တဲ့။
           အဖြေပေးရန်ထက် ဖတ်ရှု လေလာထားသမျှ အား ဤသို့  ပြန်လည်ရေးသား ဖေါ်ပြခြင်းက သင့်တော်မည်ဟု ယူဆ၍ စုဆောင်းထားသမျှသော ကောက်နှုတ်ချက်များကို စုစည်း၍ ဓမ္မဒါန အဖြစ် ဖြန့်ဝေလိုက်ပါသည်။
(ခန္ဓာ-၅ပါးတစ်ဦး)
••••••••••••••••••••••••••••••••
             "သမထ"ဆိုသည်မှာ တစ်ခုတည်းသော အာရုံကို စွဲမြဲစွာ ယူထားသည့် "စိတ် အလုပ်"ဟု ဖော်ပြထားပါတယ်။ "ဝိပဿနာ"ဟူသည်မှာ ဘုံသုံးပါး တို့တွင် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ကို ရှုမှတ် ဆင်ခြင်သည့် "ဉာဏ်အလုပ်"ဟု သိရှိထားပါသည်။

               နှစ်မျိုးစလုံး တူညီနေသည်မှာ "ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိတ္တ၊ ဥဒ္ဓစ္စ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ"စသော "နီဝရဏ"တရားများ ဖယ်ရှားရန်လိုအပ်ခြင်းမှာ တူနေပါသည်။ သမထ တွင် "ပရိကမ္မနမိတ်၊ ဥဂ္ဂဟနမိတ်၊ ပဋိဘာဂနမိတ်" ဆိုပြီးတော့(၃ )မျိုး ရှိတဲ့အနက် "ပဋိဘာဂနမိတ်"ကို ရတဲ့အခါမှာ" ဥပစာရသမာဓိ"ဟု ခေါ်ဆိုထားပါတယ်။" ပဋိဘာဂနမိတ်"ဆိုသည်မှာ မူလယူထားသော "ကသိုင်းနမိတ်" မဟုတ်တော့ပဲ ကသိုင်းနမိတ် နှင့် ပုံစံတူ "အာရုံအတု၊ အာရုံအနု"ဟု ဆိုပါသည်။ စရှုစဉ် က "ကသိုင်းဝန်းနမိတ်"ကို "ပကတိမျက်စိ"နဲ့ စိုက်ကြည့်ရပါတယ်။" ပဋိဘာဂနမိတ်" ရတဲ့အခါ မျက်စိဖွင့်ထားထား၊ ပိတ်ထားထား မည်သည့်နေရာကြည့်ကြည့် "ကသိုင်းနမိတ်"သာ ထင်နေပါတော့တယ်။
             "နီဝရဏတရား"တွေ မရှိတော့ပါ။ သို့သော် မခိုင်ခံ့သေး။ ဈာန်အင်္ဂါများ ဈာန်စိတ်များ ပေါ်နေသော်လည်း ရံဖန်ရံခါ ဘဝင်စိတ် ကြားဝင်တတ်တယ် လို့ " ဖားအောက်တောရဆရာတော်ကြီး" ရဲ့ ကျမ်းမှာ ဖတ်ရှုရပါတယ်..တဲ့။ အဲဒီ"ပဋိဘာဂနမိတ်"ကို အထပ်ထပ်ရှုပြီး ခိုင်ခံ့လာပြီဆိုလျှင် "အပ္ပနာဈာန်သမာဓိ" ဖြစ်လာပြီဟု ခေါ်ဆိုနိုင်ပါတယ်။ ဈာန်စိတ်များ အဆက်မပြတ်ဖြစ်နေပါတော့သည်။ ဈာန်အင်္ဂါများကိုလည်း ထင်ထင်ရှားရှား သိနေနိုင်ပါသည်။
             "ပထမဈာန်"ရပြီလို့ ပြောနိုင်ပါသည်။ ထိုနောက်မှာ ဈာန်အင်္ဂါများကို ရှုမှတ်၍ ပယ်သွားခြင်းဖြင့် ဈာန်အဆင့်ဆင့် ဆက်တက်သွားနိုင်ပါသည်။ ဤကား သမထအလုပ်ဟု နားလည်ထားပါသည်။ 
           "ဝိပဿနာ"အလုပ်သည် "ဉာဏ်အလုပ်" ဖြစ်ပါသည်။ "မိုးကုတ်ဆရာတော်ဘုရားကြီး "က "သမာထ"ဆိုသည်မှာ "ရိုးရိုးမျက်စိ"နဲ့ ကြည့်ရသည်။ "ဝိပဿနာ"ကတော့ "ဉာဏ်နှင့် ကြည့်ရသည်"ဟု နားလည်လွယ်အောင် မိန့်ခဲ့ပါသည်။ ရုပ်နာမ်တို့၏ ဖြစ်ပျက်အမှန်ကို ယျထာဘူတ ကျကျ မြင်နိုင်ရန်မှာ "နီဝရဏတရား"များ ဦးစွာ ဖယ်ရှားရပါသည်။ "သမာထ"ကနေ ဈာန်သမာဓိရပြီး" ဝိပဿနာ"ကူးရာမှာ မူလယူထားတဲ့ သမထအာရုံမှ "ရုပ်၊ ဝေဒနာ၊ စိတ်၊ ဓမ္မ " တို့ရဲ့  ဖြစ်ခြင်း ပျက်ခြင်းကို ပြောင်းပြီး ရှုဆင်ခြင်ဖို့ လိုပါသည်။
              "သမထ"ပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀) ရှိပါသည်။ ဘာတွေလဲဆိုတော့.....
(၁) ကသိုဏ်း (၁၀) ပါး။
" ရေ၊ မြေ၊ လေ၊ မီး၊ နီ၊ ၀ါ၊ ညို၊ ဖြူ၊ ကောင်းကင်၊ အလင်းရောင်"

(၂) အသုဘ (၁၀) ပါး။

(၃) အနုဿတိ (၁၀)ပါး ။
"ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၊ (ရတနာ ၃ ပါးဂုဏ်ကို ဆင်ခြင်ခြင်း)၊
သီလာ၊ စာဂါ၊(မိမိ၏ သီလ၊ ဒါနတို့ကို ဆင်ခြင်ခြင်း)၊
ဒေ၀တာ(နတ်တို့၏ဂုဏ်)၊ ဥပသမာ(နိဗ္ဗာန်၏ ဂုဏ်ကို အောက့်မေ့ခြင်း)၊
မရဏာ (သေခြင်းကို ဆင်ခြင်ခြင်း)၊
ကာယဂတာ ( ၃၂ ကောဋ္ဌာသ)၊ အာနာပါနဿတိ (၀င်လေ၊ ထွက်လေ)

(၄) ဗြဟ္မ၀ိဟာရ ၄ ပါး
" မေတ္တာ၊ ဂရုဏာ၊ မုတိတာ၊ ဥပေက္ခာ၊"

(၅) အာရုပ္ပတရား ၄ ပါး။

(၆) အဟာရေ ပဋိကူလသညာ ၁ ပါး။

(၇) စတုဓါတုဝဝတ္တာန ၁ ပါး
(ခန္ဓာရှိ ဓါတ်ကြီးလေးပါး)။

          ကမ္မဌာန်း ၄၀ မှာ အနုဿတိ ၁၀ ပါးအနက် "ကာယဂတာဿတိ" နဲ့ "အာနာပါနဿတိ"တို့မှ လွဲ၍ ကျန်အနုဿတိ ၈ ပါး၊ အဟာရေ ပဋိကူလသညာ နှင့် စတုဓါတုဝဝတ္တာနကမ္မဌာန်း တို့သည် ဥပစာရသမာဓိကိုသာဆောင်နိုင်သော ဥပစာရကမ္မဌာန်းတို့ ဖြစ်ပါသည်။ ကသိုင်း ၁၀ ပါး၊ အသုဘ ၁၀ ပါး၊ ကာယဂတာဿတိ၊ အာနာပါနဿတိ၊ ဗြဟ္မ၀ိဟာရ ၄ ပါး၊ အာရုပ္ပ ၄ ပါး၊ ဤ ၃၀ သော ကမ္မဌာန်းတို့သည် အပ္ပနာသမာဓိကို ဆောင်နိုင်သောကြောင့် အပ္ပနာကမ္မဌာန်းဟုခေါ်ပါသည်။
         ထို အပ္ပနာကမ္မဌာန်းတို့တွင် ကသိုင်း ၁၀ ပါးနှင့် အာနာပါနဿတိသကမ္မဌာန်းတို့သည် ဈာန်လေးပါး အစဉ်လိုက် စတုတ္ထဈာန်အထိ ဆောင်နိုင်သဖြင့် စတုက္ကဇ္ဈာနိကကမ္မဌာန်းများ ဖြစ်ကြသည်။ အသုဘ ၁၀ ပါးနှင့် ကယာဂတာဿတိတို့သည် ပထမဈာန်ကိုသာ ဆောင်နိုင်သောကြောင့် ပထမဇ္ဈာနိကကမ္မဌာန်းဟု ခေါ်ပါသည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ကမ္မဌာန်းတို့သည် တတိယဈာန်အတိ ပေါက်ရောက်နိုင်သော တတိယဇ္ဈာနိကကမ္မဌာန်းဖြစ်ပြီး ဥပေက္ခာနှင့် အာရုပ္ပ ၄ ပါး ကမ္မဌာန်းတို့သည် စတုတ္ထဈာန်ကိုသာ ပေါက်နိုင်သောကြောင့် စတုက္ကဇ္ဈာနိကကမ္မဌာန်းများ ဖြစ်ကြပါသည်။
           "ဝိပဿနာ"ပိုင်းတွင် သတိပဌာန်တရား ၄ ပါးကို ပွားများ အားထုတ်သူသည် "မျက်မှောက်ဘဝ"မှာပင် "အရဟတ္တဖိုလ်" ထိပေါက်နိုင်သည် တစ်ကြောင်းတည်းသောလမ်းဟု မဟာသတိပဌာနသုတ်တွင် ဟောကြားထားခဲ့ပါသည်။
           "ကာယနုပဿနာသတိပဌာန်"သည် ဝင်လေထွက်လေ၊ ၃၂ ကောဋ္ဌာသ စသည့်ရုပ်အပေါင်းကို ခိုင်မြဲသော သတိဖြင့် အဖန်ဖန်ရှုခြင်းဖြင့် အသုဘအခြင်းအရာ ထင်လာပြီး သုဘ ဝိပလ္လာသ (တင့်တယ်သည်ဟု ဖောက်ပြန်စွာမြင်ခြင်း)ကို ပယ်ရှားပါသည်။
          " ဝေဒနာနုပဿနာ"သည် ဒုက္ခဝေဒနာ၊ သုခဝေဒနာ၊ ဥပေက္ခာဝေဒနာ တို့ကို ခိုင်မြဲသော သတိဖြင့် အဖန်ဖန်ရှုမှတ်ခြင်းဖြင့် ဒုက္ခအခြင်းအရာထင်လာပြီး ရုပ်နာမ်တို့အပေါ် သုခဟုထင်မှတ်မှားခြင်း၊ သုခ ဝိပလ္လာသ ကို ပယ်ရှားခြင်း ဖြစ်ပါသည်။
            "စိတ္တာနုပဿနာသတိပဌာန်"သည် ဖြစ်ပေါ်လာသမျှသော ရာဂနှင့်တကွသောစိတ် ရာဂကင်းသောစိတ်စသဖြင့် ခိုင်မြဲသော သတိ ဖြင့် အဖန်ဖန်ရှုမှတ်ရာမှ စိတ်တို့၏ မမြဲသော အနိစ္စအခြင်းအရာ ထင်လာပြီး မြဲသည်ဟု ဖောက်ပြန်စွာမြင်သော နိစ္စ ဝိပလ္လာသကို ပယ်ရှားခြင်းဖြစ်ပါသည်။
             "ဓမ္မာနုပဿနာသည် ကာယ၊ ဝေဒနာ၊ စိတ္တတို့မှကြွင်းသော သညာ၊ သင်္ခါရစသော ဓမ္မ၊ နီဝရဏတို့ကို ခိုင်မြဲသော သတိဖြင့် အဖန်ဖန်ရှုမှတ်ရင်း လောကတွင် အရာရာတို့သည် ပရမတ္တဓမ္မတို့သာ ဖြစ်ပျက်ပြောင်းလည်းနေခြင်း အတ္တကောင် အသက်ကောင် လိပ်ပြာကောင်တို့ မရှိဟူသော အနတ္တအခြင်းအရာကိုထင်လာပြီး အတ္တ ဝိပလ္လာသကို ပယ်ရှားခြင်း ဖြစ်ပါသည်။
             ဝိပဿနာတရား အားထုတ်မည့်သူသည် ရှေးဦးစွာ "သီလမဂ္ဂင်" နှင့် ပြည့်စုံရန်လိုအပ်ပါသည်။ လူတို့အတွက်မူကား "အာဇီဝဋ္ဌမက "သီလနှင့် ပြည့်စုံရပါမည်။ မိစ္ဆာဇီဝ နှင့် ကာယဒုစရိုက် ၃ ပါး (သူ့အသက်သတ်ခြင်း၊ သူတစ်ပါးပစ္စည်းခိုးခြင်း၊ ကာမဂုဏ်၌ မှားယွင်းစွာပြုမိခြင်း)၊ ဝစီဒုစရိုက် ၄ ပါး (လိမ်လည်ပြောဆိုခြင်း၊ ချောပြစ်ဂုံးတိုက်သော စကား၊ ပိန်ဖျင်းသောစကား၊ ရုန့်ရင်းကြမ်းတမ်းသောစကား) စသော ၈ ပါးသော မကောင်းမှုဒုစရိုက်တို့မှ ရှောင်ကျဉ်နိုင်လျှင် လူတို့အတွက် ၈ ပါးသီလ လုံခြုံပါသည်။ မဂ္ဂင် ၈ ပါးအနက် "သမ္မာဝါစာ၊ သမ္မကမ္မန္တ၊ သမာအာဇီဝ"စသော မဂ္ဂင် ၃ ပါးဖြင့် ပြည့်စုံပါပြီ။
             ထို သီလမဂ္ဂင် ၃ ပါး ပြည်စုံပြီးနောက် "အာနာပါနဿတိ၊ ကာယဂတာဿတိ ကမ္မဌာန်း"တို့ဖြင့် ပထမဈာန် ရောက်အောင် အားမထုတ်ပဲ "ဥပစာရသမာဓိ" သို့မဟုတ် "ခဏိကသမာဓိ" ဖြင့် ဝိပဿနာလမ်း ကိုလိုက်လျှင် "သုဒ္ဓဝိပဿနာယာနိကလမ်း"ကို လိုက်သူဟု ခေါ်ဆိုပါသည်။
               သို့မဟုတ် ဈာန်၊ သမာပတ်များထူထောင်ပြီးမှ ဝိပဿနာလမ်းလိုက်လျှင် "သမာထဝိပဿနာယာနိကလမ်း" လိုက်သူဟု ခေါ်ဆိုနိုင်ပါသည်။
               ထိုလမ်းကြောင်း ၂ ကြောင်းအနက် မည်သည့် လမ်းကြောင်းကိုလိုက်သည်ဖြစ်စေ ကျန်မဂ္ဂင် ၅ ပါးဖြစ်သော "သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာသတိ၊ သမ္မာဝါယာမ၊ သမ္မာသမာဓိ"တို့နှင့် ပြည့်စုံသည့်အခါ မဂ္ဂင် ၈ ပါး ပြည့်စုံသွားပြီး "နိရောဓသစ္စာ" ဖြစ်သည့် အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည် ဖြစ်ပါသည်။
           သတိပဌာန်တရား ၄ ပါး ပွါးများ အားထုတ်ရာတွင် အကြမ်းအားဖြင့် "ရုပ်ကမ္မဌာန်းနှင့် နာမ်ကမ္မဌာန်း "၂ မျိုး ခွဲခြားကြည့်နိုင်ပါသည်။ "ကာယယနုပဿနာ" ကို ရုပ်ကမ္မဌာန်းဟု ခေါ်ဆိုပြီး "စိတ္တာ၊ ဝေဒနာ၊ ဓမ္မာနုပဿနာ"တို့ကို "နာမ်ကမ္မဌာန်း"ဟု ခေါ်ဆိုသည်ဟု နားလည်ထားပါသည်။
           ထိုကမ္မဌာန်း ၂ မျိုး ရွှေးချယ်မှုနှင့်ပတ်သက်၍ ဘဝသာသနာစာအုပ်တွင် လယ်တီဆရာတော်၊ သထုံဇေတဝန်ဆရာတော်ကြီး၊ မိုးညှင်းဆရာတောကြီး၊ ရွှေတောင်ဆရာတော်၊ ပြည်နိဗ္ဗိန္ဒဆရာတော်၊ မဟာစည်ဆရာတော်၊ တောင်ပုလုဆရာတော်၊ ဝေဘူဆရာတော်တို့သည် "ရုပ်ကမ္မဌာန်း"ကို အပေးများသည်။
မိုးကုတ်ဆရာတော်ကြီးက "စိတ္တာနုပဿနာ "နာမ်ကမ္မဌာန်းကို အပေးများသည်ဟု ဖောပြထားပါသည်။

"စိတ္တာနုပဿနာ"ကို မိုးကုတ်ဆရာတော်ကြီး သဘောကျရခြင်းမှာ-
               (၁) မိုးကုတ်ဆရာတော်ကြီးသည် အနှစ် ၃၀ ကျော် အဘိဓမ္မာ ပို့ချခဲ့လို့ အဘိဓမ္မာအားသန်လို့ မမြင်ရသော စိတ်-စေတသိတ် သရုပ်ခွဲရာတွင် အားသန်သည်၊ အလေ့အကျင့်များသည်က တစ်ကြောင်း။

                (၂) စိတ်တို့သည် ရုပ်ထက် အဖြစ်အပျက်မြန်သည် "ဒိဌိ"ကွာလွယ်မည်။ "ဒိဌိ" ပြုတ်ရင် "သောတာပန်" ဖြစ်လွယ်သည်က တစ်ကြောင်း။

                  (၃) အရှင်သာရိပုတ္တရာက "သူများစိတ် အကဲခတ်ရတာထက် ကိုယ်စိတ် အကဲခတ်ရတာ" ပိုပြီး "အမှန်" တွေ့နိုင်သည်။ စိတ်ကိုရှုကြဟု မိန့်သည်က တစ်ကြောင်းဟု ယူဆကြောင်း ၄င်းစာအုပ်တွင် ဖော်ပြထားပါသည်။
           သို့သော်လည်း မိုးကုတ်ဆရာတော်ကြီးကလည်း "ကိုယ် နဲ့ လိုက်ဖက်တဲ့ တရားနာပါ"လို့ မိန့်ပါသည်။ “ရုပ်ကြိုက်လား၊ စိတ်ကြိုက်လား၊ ဝေဒနာကြိုက်လား၊ ဓမ္မသဘောကြိုက်လား အဆင်ပြေတာရှုပါ”ဟု တိုက်တွန်းခဲ့ပါသေးသည်။
           အချုပ်အားဖြင့် မဟာစည်ဆရာတော်ကြီး၏ ဓမ္မာစင်္ကြာတရားတော်(၁) အရ သတိပဌာန်တရားလေးပါး မှ ကင်းလွတ်ပြီး မဂ်ဖိုလ်ရခြင်းသည် မရှိဟု ဟောကြားထားသည့်အတွက် သတိပဌာန်တရား ၄ ပါးကို ပွားများခြင်းသည်သာ တစ်ကြောင်းတည်းသောလမ်း ဖြစ်ပါသည်။ သောတာပန် ဖြစ်ဖို့မှသည် ရဟန္တာဖြစ်သည်အထိ "တစ်ကြောင်းတည်းသောလမ်းကို ၄ ကြိမ်" လျှောက်ရမည် ဖြစ်ပါသည်။
           ကမ္မဌာန်းရွှေးချယ်ရာတွင်လည်း စရိုက် ၆ မျိုး ရှိသည့်အနက် မိမိစရိုက် နှင့် သင့်တော်ဖို့ အရေးကြီးသည် ဟု မှတ်သားဘူးပါသည်။ သတိပဌာန် ၄ ပါးလုံးကို ရှုကြည့်ပါ။ မိမိအားသန်ရာ ကမ္မဌာန်းတစ်ခုခုကို ရှုရင်းဖြင့် သတိထားမိလာပါလိမ့်မည်။ အားသန်ရာကို စွဲစွဲမြဲမြဲ အားထုတ်ဖို့သာလိုပါသည်။ "ရုပ်ရယ် ၊စိတ်ရယ်၊ ဝေဒနာ ရယ်၊ ဘယ်ဟာရှုရှု ဖြစ်ပျက်ဆုံး ဖြစ်ပျက်မုန်း ပါက "အသင်္ခတ နိဗ္ဗာန်"က ဆီးကြိုနေမည်ဟု ယုံကြည်ပါသည်။
          သတိပဌာန်တရား ပွါးများသူသည် ၇ ရက်မှ ၇ နှစ်အတွင်း "အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းရှိလျှင် အနာဂါမိဖိုလ်ဖြစ်စေ" ၂ ခုအနက် တစ်ခုခုသော"ဖိုလ်"ကို ရမည်ဟု "မဟာသတိပဋ္ဌာနသုတ်"တွင် ဟောကြားထာသောကြောင့် “သူတော် ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာ နှလုံး၊ ကျင့်သုံး ဇွဲသန် မြတ်နိဗ္ဗာန်သို့”ဟူသော အဆုံးအမနှင့်အညီ အားထုတ်သွားကြပါရန် စေတနာရှေ့ထား၍ အကြံပြုတိုက်တွန်းအပ်ပါသည်။
ချမ်းသာစစ်နဲ့ ပြည့်စုံကြပါစေ။
သာဓု၊သာဓု၊သာဓု
••••••••••••••••••••••••••••••••••
ကိုးကား-မေတ္တာစက်ဝန်း နှင့် Ref: http://khitthitmyotaw.blogspot.com/2013/05/blog-post_15.html တို့ မှ ကောက်နှုတ် ဒါနပြုပါသည်။
(ခန္ဓာ-၅ပါးတစ်ဦး)

No comments:

Post a Comment