Monday, February 27, 2017

ဆွဲဆောင်မှုအလွဲများ

▫ ဟိုဟာ ဒီဟာဆောင်ရင်ဘာဖြစ်မယ်တို့ ဒီပို့စ်ကိုရှယ်ရင်
ဘယ်လိုကံကောင်းမယ်တို့ ဆိုသောပို့စ်ပိုင်ရှင်များသို့▫
📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖

(မြွေဖြူမြင် လာဘ်ကောင်းတယ် ဤပို့စ်ကိုရှယ်သိန်းထီပေါက်တယ် ပညာတော်တယ် စာမေးပွဲအောင်မယ်စသဖြင့် ဘာသာရေးအသိမှားကိုဖြန့်ဝေ အန္ဓတစ်တွေနောက် စဉ်းစားဉာဏ်မရှိသူတွေကတောက်လျောက်လိုက်ကြ စာဖတ်ရမှာ တရားနာရမှာတော့ပျင်းကြလေသည်)

လောကကြီးမှာ လူရယ်လို့ဖြစ်လာလျှင်"ကိုယ့်ဝန် ကိုယ်ထမ်း""ကိုယ့်အား ကိုယ်ကိုး""ကိုယ့်လမ်း ကိုယ်လျှောက်""ကိုယ့်စခန်း ကိုယ်ရောက်" တာပဲ မဟုတ်လား။"ကြံတွေး ကြည့်ပါ"နည်းနည်းလေး ကြံတွေးပြီးကြည့်၊ ဒီဘ၀ စုပြုံပြီး ရောက်လာကြတယ်၊ ညီအစ်ကိုမောင်နှမတွေ ဖြစ်လာကြတာ။ အဲဒီမိသားစုဝင်တွေဟာ ဒီအိမ်ကို တိုင်ပင်ပြီး ရောက်လာကြတာလား, ကိုယ့်ဟာကိုယ် ရောက်လာကြတာလား? ပြန်ထွက်သွားတော့လည်း မင်းက အရင်သွားနှင့်၊ ငါက နောက်မှလိုက်မယ်လို့ တိုင်ပင်ပြီး ထွက်သွားကြတာလား?

တကယ်စဉ်းစားကြည့်ရင် ဘ၀ဟာ ဘာနဲ့ ဥပမာ တူသလဲဆိုရင် မီးရထားနဲ့တူတယ်။ မီးရထားစီးဖို့ဆိုရင် လက်မှတ်ဝယ်ရတယ်။ လက်မှတ်ပေါ်မှာ ထိုင်ခုံနံပါတ် တွဲနံပါတ်တွေ ရေးထားတယ်။ ကိုယ်စီးရမယ့် တွဲနံပါတ်နှင့် ထိုင်ခုံနံပါတ် ရေးထားတာကို လိုက်ရှာရလိမ့်မယ်။ တွဲနံပါတ်နှင့် ထိုင်ခုံနံပါတ်တွေ့ရင် အဲဒီမှာ ထိုင်ရမယ်။ သူများထိုင်နေရင်လည်း ဖယ်ခိုင်းတယ်။ ကိုယ့်ဟာလို့ သတ်မှတ်လိုက်တယ်။ ကိုယ်ပိုကိဆံပေးထားတယ်ဆို ကိုယ်အခွင့်အရေးရတာပဲ။ သူများလာထိုင်လို့ လက်မခံဘူး, ကိုယ်ပဲထိုင်တယ်။ အဲဒီလိုထိုင်ပြီး မီးရထားပေါ် တက်စီးသွားလို့ ကိုယ်ဆင်းမယ့် ဘူတာရောက်ရင် တွဲပေါ်က ဆင်းသွားရတယ်။ ကိုယ့်တွဲ ကိုယ့်မီးရထား ကိုယ့်ထိုင်ခုံ ဟုတ်သေးလား? မဟုတ်တော့ဘူး။ ရထားပေါ်က ဆင်းပြီးတော့ ကိုယ့်လမ်း ကိုယ်လျှောက်သွားရတယ်။"ငါ့ထိုင်ခုံလေး ဘယ်သူထိုင်နေသလဲ" လို့ တွေးမိသေးလား? မတွေးမိပါဘူး။မိသားစု အိမ်တစ်အိမ် - ရန်ကင်း ဆိုပါစို့ - ရပ်ကွက်ထဲက အိမ်တစ်အိမ်ကို စုရောက်လာကြတယ်။ ကံပေးလို့ ဒီအိမ် ဒီမိသားစုထဲ ၀င်လာကြတယ်။ အဲဒီလိုဝင်လာတဲ့အခါ အမေလုပ်တဲ့ ပုဂ္ဂိုလ်နဲ့ ဆွေတွေမျိုးတွေက လာပါလို့ခေါ်တာ ဟုတ်ရဲ့လား? မဟုတ်ပါဘူး။မြတ်စွာဘုရားက "အန၀ှိတော တတော အာဂါ" တဲ့၊ မဖိတ်ခေါ်ဘဲ လာတာ။"နာနညာတော ဣတော ဂတော" ခွင့်မပြုဘဲ ဒီအိမ်က ထွက်သွားကြတာ။ ဘယ်သူကမှ သွားတော့ မနေနဲ့ လို့ ပြောတာ ရှိလား? မရှိပါဘူး။အဲဒီလို တွေ့လာတဲ့အခါ တစ်ယောက်နှင့်တစ်ယောက် အားကိုးကြတယ်ဆိုတော့ ထာဝရ အားကိုးလို့ရော ရရဲ့လား? မရပါဘူး။ဆင်းရဲတဲ့အခါမှာရော အားကိုးလို့ ရပါ့မလား? လဲကျရင် ထူရင်ထူပေးမှာပေါ့, ၀ိုင်းပြီး မ, မှာပေါ့။ ကဲ အိုနေတာကို ၀ိုင်းပြီးတော့ အိုပေးကြလို့ ရရဲ့လား? မရပါဘူး။ရောဂါဝေဒနာ ဖြစ်နေတယ်- တစ်ဦးတည်း ခံစားနေရတာ ပင်ပန်းလိုက်တာ နည်းနည်းစီ မျှခံရအောင်ဆိုပြီး မျှခံလို့ ရမလား? မရပါဘူး။

ဪ - လောကကြီးဟာ အားကိုးလို့ မရဘူးဆိုတာ မထင်ရှားပေဘူးလား? ထင်ရှားတယ်။အိုခြင်းဆင်းရဲ, နာခြင်းဆင်းရဲ, နောက်ဆုံး သေခြင်းဆင်းရဲအတွက် ဘယ်သူ့အားကိုးလို့ ရလဲ၊ အဲဒီတော့ အားကိုးလို့ ရတာ ဘယ်သူလဲဆိုတော့ ကိုယ့်ကိုယ်ကိုပဲ။"ကိုယ့်ကိုယ်ကို အားကိုး ဟူသည်"ဒါဖြင့် ကိုယ့်ကိုယ်ကို အားကိုး ဆိုတာ ဘာလဲဆိုရင် မြတ်စွာဘုရားက ကိုယ်ကျင့်သုံးတဲ့ ဓမ္မကို အားကိုးခိုင်းတာ။

ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံတော့ ညီတော်စုန္ဒက ရှင်သာရိပုတ္တရာရဲ့ သပိတ် သင်္ကန်း စတဲ့ ကျန်ရစ်တဲ့ ပစ္စည်းတွေကိုယူပြီး ရှင်အာနန္ဒနဲ့ မြတ်စွာဘုရားဆီ သွားကြတယ်။ရှင်အာနန္ဒက လျှောက်တယ် -" အရှင်ဘုရား - ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံသွားပြီ ကြားတော့ စိတ်မကောင်းဖြစ်လိုက်တာ၊ အရှေ့ အနောက် တောင် မြောက် အရပ်မျက်နှာတွေတောင် မသိအောင် ဖြစ်နေပါတယ်၊ တရားဓမ္မတွေလည်း တပည့်တော်စိတ်ထဲ ပေါ်မလာတော့ဘူး၊ တရားနှလုံးသွင်းလို့လည်းမရဘူး ဖြစ်နေပါတယ်"။သောတာပန်ပုဂ္ဂိုလ်ပေမယ့် စိတ်ဆင်းရဲမှုတွေ ဖြစ်နေတယ်။"အဲဒီလို ကြားရတော့ တပည့်တော် အင်မတန်မှ စိတ်ဆင်းရဲမှုတွေ ဖြစ်ပါတယ်"။မြတ်စွာဘုရားက လမ်းကြောင်း ဖြောင့်ပေးတဲ့အနေနဲ့"နေပါဦး အာနန္ဒ - ရှင်သာရိပုတ္တရာ ပျံလွန်တဲ့အခါ မင်းဆီက သီလတွေ ပညာတွေ ပါသွားလို့လား" တဲ့။"အဲဒီလိုတော့ ပါမသွားပါဘူး" တဲ့။"ရှင်သာရိပုတ္တရာမထေရ်မြတ်က ဆုံးမတတ်တယ်၊ တရားဓမ္မတွေ ဟောတတ်တယ်၊ပညာရှိတယ်၊ သူဟောပြောတဲ့ တရားဓမ္မကို နာရမယ့် အခွင့်အရေးတွေ ဆုံးရှုံးသွားလို့ပါ" တဲ့။"အာနန္ဒ - သင်္ခါရတရားဆိုတာ ဘယ်ဟာမှ မမြဲဘူး၊ ကိုယ့်ကိုယ်ကို အားကိုးရမှာ, ပုဂ္ဂိုလ်ကို အားမကိုးနဲ့၊ ပုဂ္ဂိုလ်ကို အားကိုးရင် ထိုပုဂ္ဂိုလ်က မကြာခင်ပဲ ပျောက်ဆုံးသွားတတ်တယ်၊ ထိုအခါ အားကိုးစရာ မရှိတော့ဘူး"။မြတ်စွာဘုရားလက်ထက်ကဆိုရင် ဘုရားကို ကြည်ညိုလို့ ဘုရားကို အားထားကြတယ်, ဘုရားပရိနိဗ္ဗာန်စံသွားတယ်။ ရှင်သာရိပုတ္တရာကို အားကိုးကြတယ်, ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံသွားတယ်။ ရှင်အာနန္ဒကို အားကိုးကြတယ်, ရှင်အာနန္ဒ ပရိနိဗ္ဗာန်စံသွားတယ်။ ပုဂ္ဂိုလ်ဆိုတာ ထာဝရအားကိုးလို့ မရဘူးတဲ့၊ အမြဲရှိနေတာက ဓမ္မပဲ၊ ကိုယ်ကျင့်သုံးနေတဲ့ ဓမ္မဟာ ကိုယ့်နဲ့အတူ ရှိနေတာပဲ၊ ဘ၀သံသရာ ခရီးသွားတဲ့အခါ ကိုယ်တစ်ယောက်တည်း သွားရတာ၊ အဲဒါကြောင့် ကိုယ့်နဲ့အတူ သွားတာဆိုရင် ဓမ္မသာဖြစ်တယ်။

မြတ်စွာဘုရားက "အတ္တာ ဟိ အတ္တနော နာထော - မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာ" တဲ့၊ကိုယ်ကျင့်သုံးတဲ့ တရားဓမ္မသည်သာလျှင် ကိုယ့်ရဲ့ကိုးကွယ်ရာ၊ ပုဂ္ဂိုလ်ဆိုတာ တကယ်အားဖြင့် ကိုးကွယ်ရာ မဟုတ်ဘူးတဲ့၊ အကူအညီလောက်သာ ရတာ။မြတ်စွာဘုရားဟောတဲ့ ဂါထာအပြည့်အစုံက"အတ္တာ ဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရော သိယာ"မိမိသာလျှင် မိမိရဲ့ကိုးကွယ်ရာ ဖြစ်တယ်၊မိမိမှတစ်ပါး တခြားပုဂ္ဂိုလ်သည် ကိုးကွယ်ရာ ဘယ်မှာ ဖြစ်နိုင်မလဲ" ၊ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့ မဖြစ်နိုင်တာလဲဆိုရင် ကိုယ်ကိုယ်တိုင် မလုပ်ဘဲနဲ့, ကိုယ့်ကိုယ်ကို မဆုံးမဘဲနဲ့ ပေးလို့ကမ်းလို့ရတယ်ဆိုတာ မရှိနိုင်ပါဘူး၊ ကိုယ်ကိုယ်တိုင်ကျင့်သုံးမှ ကိုယ့်စိတ်ထဲဖြစ်အောင် လုပ်မှ ဖြစ်နိုင်တယ်၊ထာဝရ ကိုယ်အားကိုးရမယ့်အရာဟာ ကိုယ့်ရဲ့တရားပဲ။ဟုတ်တယ်လေ၊ ကိုယ့်ရဲ့တရားကသာ ကိုယ်နဲ့ အမြဲရှိနေမှာ။ ဒီပြင်အရာဟာ ကိုယ်နဲ့အမြဲ မရှိနိုင်ဘူး။မိဘတွေက သားသမီးတွေကို အားကိုးရမယ် ထင်နေတာ၊ သူတို့အလုပ်အကိုင်နဲ့သူတို့ တခြားရောက်နေရင် အားကိုးလို့ရမှာ မဟုတ်ဘူး။ မိတ်ဆွေတွေဆိုရင်လည်း သူတို့အလုပ်အကိုင်နဲ့ သူတို့၊ ကိုယ်ကလည်း ကိုယ့်အလုပ်အကိုင်နဲ့ ကိုယ်၊ကိုယ်အားထားရာဆိုတာ ကိုယ့်ရဲ့တရားသာလျှင် ဖြစ်တယ်၊ဘ၀ခရီးကို ဖြတ်သန်းသွားရာမှာ ကိုယ်နှင့်အတူ ရှိနေရမယ့်အရာက တရားသာ ဖြစ်တယ်၊ ဒါကြောင့် အားကိုးမှု မလွဲစေဖို့, လောကအမြင်နဲ့ မတူတဲ့ အမြင်တစ်ခုကို ဟောတာ။

* ပါမောက္ခချုပ်ဆရာတော်ကြီး *

သင်ကြားလေ့လာဗုဒ္ဓဘာသာ
📖📖✅✅✅📖📖📖✅✅✅📖📖📖✅✅✅📖📖

No comments:

Post a Comment