Friday, February 17, 2017
ပရဟိတ နဲ့ အတ္တဟိတ
"ပရဟိတ နဲ့  အတ္တဟိတ"
•••••••••••••••••••••
                 ဒီ ခေတ်သတင်းစာတွေ၊ ဂျာနယ်မဂ္ဂဇင်းတွေ၊ အင်တာနက် အွန်လိုင်း နဲ့ လူမှုကွန်ယက်တွေမှာ ရေပန်းအစားဆုံး နဲ့ ပေါ်ပြူလာအဖြစ်ဆုံးသတင်းကတော့ "ပရဟိတ” ဆိုတဲ့ စကားလုံးလေး ပါဘဲ။
                 "ပရဟိတ"ဆိုတာ လူမျိုးမရွေး၊ဘာသာမရွေး လုပ်ရတဲ့ အလုပ်ဖြစ်သလို၊ ဗုဒ္ဓဘာသာဝင် တွေ နဲ့ ဗုဒ္ဓဘာသာ အများစုရှိတဲ့နိုင်ငံတွေ သာမကဘဲ အခြားသောနိုင်ငံ၊လူမျိုး ၊အခြားဘာသာဝင်တွေလည်း လုပ်နေကြတဲ့အတွက်  "ပရဟိတ"ဆိုတဲ့ စကားလုံးဟာ  ပေါ်ပြူလာဖြစ်တယ်လို့ သုံးနှုံးလိုက်ရတာပါ။သူတို့ ခေါ်တာတော့( volunteer ) ပေါ့နော်။
                 "ပရ"ဆိုတာ သူတစ်ပါး။ "ဟိတ"ဆိုတာ အကျိုး။ အဲဒီတော့ ပရဟိတ ဆိုတော့ သူတစ်ပါး အကျိုးပေါ့။ ပရဟိတ အလုပ် ဆိုတော့ သူတစ်ပါး အကျိုးကို လုပ်ဆောင်ပေးတဲ့ အလုပ် လို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ဒီလောက်ကတော့ တော်ရုံလူတွေ သိထားကြပါတယ်။
            တကယ်တန်း တိတိကျကျ ဖေါ်ပြရရင်တော့..
          သူတစ်ပါး "ကောင်းသောအကျိုး ဖြစ်ထွန်းလာဖို့ အတွက်" ကိုယ် ကိုယ်တိုင် ပါဝင်ဆောင်ရွက်ပြီး အားထုတ်ခြင်း...ဟာ  "ပရဟိတ" ပါဘဲ။အဲဒီနေရာမှာ " ကောင်းသောအကျိုး" ဆိုတာ သတိထားမိမှာပါ။
             ဥပမာ..လမ်းကြုံလို့ အရက်ဝယ်ခဲ့ပေးပါဆိုလို့ .. သူတစ်ပါးအတွက်ကူညီပြီး ဝယ်ခဲ့ပေးတာ "ပရဟိတ"လို့ မခေါ်ပါဘူး။ဘာလို့ လည်း ဆိုတော့ ဒီနေရာမှာ အရက်ဆိုတဲ့ မကောင်းတဲ့ မူးယစ်သောက်သုံးခြင်း ကံ( ၅ )ပါးထဲမှာ ငြိနေလို့ ဖြစ်ပါတယ်။ ဥပမာ အရက်ဆိုတဲ့ နေရာမှာ အရက်အစား အခြား အစားသောက် တစ်ခုသာဖြစ်မယ်ဆိုရင် "ပရဟိတ" မြောက်ပါတယ်။
       ဒီတော့..
           အဲဒီ စကားလုံးရဲ့ ဆန့်ကျင်ဘက်ဖြစ်တာကတော့...
                     "အတ္တဟိတ" ပါ။
ဒါကတော့ "အတ္တဟိတ နဲ့ ပရဟိတ" ကို ကောင်းစွာ သဘောမပေါက်တာဘဲ ဖြစ်ပါတယ်။
                 ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ ရဲ့ အဓိကပန်းတိုင်ဟာ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ရာ "မဂ်၊ဖိုလ်နိဗ္ဗာန်" ဖြစ်ပါတယ်။
              နိဗ္ဗာန်ရောက်ဖို့ ကျင့်ကြံကြိုးစားအားထုတ်ကြတဲ့နေရာမှာ "ဝိပဿနာအားထုတ်နည်း"ကလွဲလို့ အခြားနည်းလမ်းမရှိဘူး ဆိုတာ ဓမ္မမိတ်ဆွေတို့ လည်း အကြိမ်ကြိမ် တရားနာဖူးကြ၊ စာအုပ်တွေမှာလည်း ဖတ်ဖူးကြမှာပါ။ဆရာတော်ကြီးတွေကလည်း မိန့်ဖူးပါတယ်.."ပုတီးတွေနဲ့ ရောင့်ရဲ မနေကြနဲ့ " တဲ့.."
ပြီးတော့..
             "ဒါန၊သီလ ဟာ ဖြင့် စိတ်မချရသေးဘူး အပါယ်တံခါးပွင့်နေပါသေးတယ်" တဲ့..။
             "အတ္တာဟိ အတ္တနော နာထော"ဆိုတဲ့ ဘုရားဟောတဲ့ ပါဋ္ဌိစကားတော်ရှိပါတယ်။
               "မိမိကိုယ်သာကိုးကွယ်ရာ” ဆိုပြီးဟောထားတာရယ်၊ မဟာသတိပဋ္ဌာနသုတ်တော်မှာ ဘုရားရှင်က...
              "သတိပဋ္ဌာန်လေးပါးတရား ကို ကိုယ်တိုင်ကျင့်ကြံသော ပုဂ္ဂိုလ်မှသာလျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြောင်း” ဆိုပြီးအတိအလင်းဟောထားတာတွေ ကို ထောက်ရှုခြင်းအားဖြင့် နားလည်လိမ့်မယ်လို့ ယူဆရပါတယ်။
              ဗုဒ္ဓဘာသာမှာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာခံစားရမယ်ဆိုတာတွေ အတိ အလင်း လာပါတယ်။ နောက်ဆုံးကိုယ့်ရဲ့
ကောင်းတဲ့အလုပ်၊မကောင်းတဲ့အလုပ်တွေကတော့ ကံ က ပဲ စီရင်ချက်ချမှာပါ၊ ကံ, ကံရဲ့ အကျိုးတွေပါဘဲ။
                မြတ်စွာဘုရားပရိနိဗ္ဗာန်စံခါနီးဆဲဆဲ အချိန်မှာ ဘုရားရှင်အနီးအပါးကို အရပ်ရပ်က ရောက်လာ ကြတဲ့ သာဝက တွေရှိကြပါတယ်။ တစ်ခြား သာဝကတွေက ဘုရားသခင်ကိုယ်တော်မြတ်ကြီးအနားမှာ ထိုင်ပြီး မျက်ရည် စိုရွှဲနေတဲ့ မျက်နှာနဲ့ မိမိတို့ရဲ့ ဆရာသခင် ကျေးဇူးရှင်ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်ပြုတော့မှာကို မျှော်မှန်းပြီး ဝမ်းနည်းကြေကွဲနေကြရှာ ပါတယ်။
              ဒီအချိန်မှာ "အတ္တဒတ္တ”လို့ခေါ်တဲ့ ရဟန်းတစ်ပါးကတော့ ပရိသတ်နဲ့ လွတ်ရာ သူ့ရဲ့အိပ်ယာ ကျောင်းခန်းဆီသွားပြီး "ဝိပဿနာကမ္မဋ္ဌာန်းတရား" ကို အားထုတ်နေပါတယ်။ ဒါကို တစ်ခြားရဟန်းတော်တွေက သိသွားတဲ့အခါ ဒီရဟန်းဟာ မြတ်ဗုဒ္ဓရဲ့
အကျိုးကို ဂရုမစိုက်ဘူးဆိုပြီး မကျေမနပ်ဖြစ်ကြပါတယ်။ ဒီကိစ္စကို ဘုရားရှင်ကို သွားပြီးလျှောက်ထားကြပါတယ်။
         ဒီအခါ "အတ္တဒတ္တ” ရဟန်းက ပြန်လည်လျှောက်ထားတဲ့ အခါမှာ " မြတ်စွာဘုရားသည် မကြာမီမှာပင် ပရိနိဗ္ဗာန်ပြုတော့မည်။ ငါသည် ဘုရားရှင် ပရိနိဗ္ဗာန်မပြုမီ သက်တော်ထင်ရှားရှိစဉ်ကာလမှာပဲ အရဟတ္တမဂ်ဖိုလ်သို့ရောက် အောင် ကျင့်ကြံပွားများအားထုတ်၍ နေခြင်း သည်သာ ဘုရားရှင်ကို ဂုဏ်ပြုရာရောက်သည်ဟု ထင်ကြောင်း” လျှောက်ထားပါတယ်။ ဒီစကားကို ကြားရ တဲ့အခါ မြတ်စွာဘုရားက ဒီရဟန်းရဲ့သဘောထားနဲ့ အပြုအမူကို လွန်စွာ နှစ်သက်တော်မူပါတယ်။ ပြီးတော့ ဘုရားရှင်က...
                "သူတစ်ပါး အကျိုးအတွက် မိမိရဲ့အကျိုးဖြစ်တဲ့ "အရဟတ္တမဂ်ဖိုလ်" ရောက်အောင် အားထုတ်ခြင်း ကို "မစွန့်လွှတ်သင့်ဘူး”လို့....
                 မိန့်မှာတော်မူပါတယ်။
               ဒီဝတ္ထုအဖြစ်အပျက်မှာ သရုပ်ဖော်တင်ပြထားတာဟာ ဗုဒ္ဓဘာသာရဲ့ အရေးပါလှတဲ့ အချက်ဖြစ်ပါတယ်။
            လူတစ်ယောက်ဟာ အစဉ်သဖြင့် ကိုယ့်ရဲ့ဘဝဆင်းရဲလွတ်မြောက်ကြောင်းကိုသာ မမေ့မလျော့ လုပ်ဆောင်နေရမှာဖြစ်ပါတယ်။
            ပြီးတော့ သံသရာဝဋ်ဆင်းရဲ လွတ်မြောက်ကြောင်း ကိစ္စဟာလည်း သူများ ကို အားကိုးလုပ်လို့ မရပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင် ဆောင်ရွက်ရတဲ့ ကိစ္စမျိုးဖြစ်ပါတယ်။
             သူ့အနေနဲ့ အခြားပြင်ပက ဘယ်တန်ခိုးတော်ရှင်ရဲ့ အမအစ နဲ့ နိဗ္ဗာန်ရောက်ရေးကိုလည်းမျှော်ကိုးလို့ မရဘူးဆို တာပဲဖြစ်ပါတယ်။
           တချို့ ဗုဒ္ဓဘာသာရဲ့သဘောကို နားမလည်တဲ့ လူတွေကတော့ ဗုဒ္ဓဘာသာကို ဝေဖန်ပြီး ဗုဒ္ဓဘာသာဟာ တစ်ကိုယ်ကောင်းဝါဒ ဖြစ်တယ်။ ဒီဘာသာက မိမိရဲ့ဆင်းရဲ
လွတ်မြောက်ရေး ကိစ္စကိုပဲ ရှေ့တန်းတင်တယ် ဆိုပြီး အရေးတယူ ပြောဆိုလေ့ရှိကြတယ် ၊  ဝေဖန်တတ်တာတွေ တွေ့ဖူးကြားဖူးကြမှာပါ။ အဲဒီလို ဝေဖန်တာဟာ လုံးဝမမှန်ပါဘူး လို့ပဲ ပြောပါရစေ။
           အမှန်တစ်ကယ် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ရင်တောင်မှ ဒီလို အယူဝါဒ ရှိတဲ့ပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာဝင် စစ်စစ် တစ်ယောက်လို့ သတ်မှတ်လို့ မရနိုင်ပါဘူး။ ဝါဒသွေဖီနေတဲ့ ဗုဒ္ဓဘာသာဝင် အမည်ခံသူ တစ်ယောက်သာဖြစ်တယ်လို့ ဆိုချင်ပါတယ်။ အဲဒီပုဂ္ဂိုလ်မျိုးတွေဟာ သုတ္တာန်တရားတော်တွေ ကို များများနာသင့်ပါတယ်။ တရားမနာ ဘဲ တရားရတဲ့ ပုဂ္ဂိုလ်ဆိုတာ လောကမှာ မြတ်စွာဘုရားတစ်ပါးသာရှိလို့ ပါဘဲ။
             ဘာဖြစ်လို့လဲဆိုတော့....
             ဗုဒ္ဓဘုရားရှင်က ရှင်းရှင်းပဲ ဟောထားတာက လူဟာ လူသားတိုင်းရဲ့ စိတ်ပိုင်းနဲ့ရုပ်ပိုင်း သက်သာချောင်ချိရေးကို မရပ်မနား ဆောင်ရွက်ရမယ်လို့ ဟောထား ပါတယ်။ ဒီလိုဆောင်ရွက်ရင်းပဲ သတိပဋ္ဌာန်တရား ကို ကျင့်ကြံပွားများပြီးသကာလ မိမိရဲ့ ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို မရောက်
ရောက်အောင် အားထုတ်သွားကြရမယ်ဆိုတာကို လည်း ဟောတော်မူ ထားပါတယ်။ ဗုဒ္ဓဘုရားရှင်ဟာ ကိုယ်ကျိုးမဖက်တဲ့ အများအကျိုးပြု လုပ်ငန်းတွေကို အထူးထောက်ခံ
အားပေးတော်မူပါတယ်။
                လောကမှာ လူတစ်ယောက်ဟာ က တစ်ခြား လူ တစ်ယောက်အပေါ်မှာ သြဇာလွှမ်းမိုးနိုင် တယ်ဆိုပေမယ့် နောက်ဆုံးတော့ ဒီလူဟာ သူ့ကံကြမ္မာ သူ ဖန်တီးရတာပါ။ သူပြုတဲ့ ကံ၊ ကံရဲ့အကျိုးအတွက် သူ့မှာပဲ တာဝန်ရှိတယ် ဆိုတာကို ယုံကြည်ထားကြပါတယ်။ လူတစ်ယောက်ဟာ နောက်ဆုံးပိတ် ဘဝလွတ်မြောက်ရေး အမှန် နိဗ္ဗာန်ကို အားထုတ်ရာမှာ ဘယ်လူ တစ်ယောက်၊ ဘယ်နတ်တစ်ပါးကမှ စိုးမိုးထိန်း ချုပ်ပြီး မင်းနိဗ္ဗာန်ရောက်အောင် ငါ့ကျင့်ပေးမမယ် ဆိုတာမျိုးလည်း မရှိပါဘူး။ ဒါဟာ ကိုယ့်ကိုယ်ကိုသာ အားကိုးရာ သာ ရှိတယ်ဆိုတဲ့ သဘောရဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။
         ဒါဟာ ဗုဒ္ဓဘာသာ က လူတစ်ယောက်ကို "တစ်ကိုယ်ကောင်းဆန်ရမယ်"လို့ သင်ကြား တဲ့ အဓိပ္ပာယ်မရပါဘူး။ ဗုဒ္ဓဘာသာမှာ လူတစ်ယောက်ဟာ သူ့ကိုယ်သူ နိဗ္ဗာန် ရအောင် ရောက်အောင် အားထုတ်တဲ့အခါ သူ့အနေနဲ့.....
သူများ အသက်ကို သတ်ဖြတ်ခြင်း၊
သူများဥစ္စာကို ခိုးယူခြင်း၊
မုသားပြောဆိုခြင်း၊
သူတစ်ပါးအိမ်ရာကို ကျူးလွန်ခြင်း၊
ကိုယ့်စိတ်ကို အထိန်းအကွပ်မဲ့စေတဲ့ မူးယစ်သောက်စားခြင်း....တွေ ကို ဝေးစွာရှောင်ကြဉ်ဖို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထားရပါတယ်။ အဲဒီလို...
                သူ့ကိုယ်သူ ထိန်းသိမ်းစောင့်ရှောက်ခြင်း အားဖြင့် သူဟာ တစ်ခြားသူများရဲ့ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ရေးကို အကျိုးပြုရာရောက်ပါတယ်။ အလွယ်ဆုံးပြောရင် သူများကို ဒုက္ခမပေးဘူးပေါ့။
                    ပါဠိစာပေ တွေ မှာတော့ အဲဒီလို ဖော်ပြချက်တစ်စုံတစ်ရာကို မတွေ့ ရသော်လည်း "အတ္တဟိတ"ကိုပြည့်စုံစေဖို့ အတွက်မဖြည့် ဆည်းဘဲ "ပရဟိတ" ကိုလုပ်သူထက်၊ "အတ္တဟိတ" ကိုအောင်မြင်တိုးတက်အောင် ကျိုးစားသူကသာ "ပို၍မြင့်မြတ်သည်" ဟု ဖော်ပြထားသည်ကိုတော့ တွေ့ရပါတယ်။
                     အနှစ်ချုပ်ပြောရရင်တော့ "အတ္တဟိတ" ကိုခိုင်မာအောင် တည်ဆောက်ကျိုးစားပြီးမှသာ "ပရဟိတ"ကိုကျိုးစားသင့် သည်ဟု မှတ်ယူရပါလိမ့်မယ်။
           အကြောင်းမှာ"အတ္တဟိတ(ခေါ်)ကိုယ်တိုင်တွင်ပြည့်စုံမှုမရှိဘဲနဲ့  "ပရဟိတ"ကို ခြေလှမ်းမိရင် အဲဒီ "ပရဟိတ" အထဲကနေပြီး ကိုယ်ကျိုးရှာမိတတ်အတွက်ကြောင့် ဖြစ်တတ်ပါတယ်။
          မှန်ပါသည်၊၊ များစွာသော ပရဟိတအဖွဲ့အစည်းကြီးများမှာ ထိုကဲ့သို့ကိုယ်ကျိုးရှာမိကြရာမှ ပြသနာများစွာ ဖြစ်ပေါ်ပြီး အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်တွေပျက်ပြားရုံမျှမက၊ အဖွဲ့ပျက်ပြားကြရသည်အထိပြသနာကြီးများဖြစ်လေ့ ရှိကြတာကို တွေ့ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါဟာ ဘာကြောင့်လည်းဆိုတော့ အဲဒီပုဂ္ဂိုလ်ဟာ သာမာန်ပုထုဇဉ် တစ်ယောက်သာ ဖြစ်နေသေးလို့ ပါဘဲ။ကျင့်ကြံအားထုတ်လို့ တရားထူးတွေရသွားတဲ့ အနိမ့်ဆုံး သောတာပန်ဖြစ်တဲ့ အရိယာပုဂ္ဂိုလ် အတွက်ကြတော့ လောဘ ရှိသေးပေမဲ့ လောဘကို ထိမ်းချုပ်တတ်လေတော့ အဲဒီပုဂ္ဂိုလ်ကို အတွက် သေချာပေါက် ဒီလို ပြသနာတွေ မပေါ်နိုင်ပါဘူး။
               ဒီကမ္ဘာလောကအတွင်း ပေါ်ပေါက်ခဲ့ဖူးသမျှ "ပရဟိတ" ပါရမီရှင်များအထဲမှာ ဗုဒ္ဓရှင်တော်ဟာ စံနမူနာပြုရန် အကောင်းဆုံး"ပရဟိတ"သမားဖြစ်ကြောင်း ဆိုကြပါသည်။
           ဗုဒ္ဓဝင်ကျမ်းများကို စနစ်တကျလေ့လာကြည့်ရင် ဗုဒ္ဓရှင်တော်သည်လည်း "အတ္တဟိတ" ကိုအကောင်းဆုံးပြည့်စုံသည်အထိ ဖြည့်ဆည်းကျိုးစားပြီးမှ အဆုံး စွန်အောင်မြင်တဲ့ "ပရဟိတ"လုပ်ငန်းကို ပြုလုပ်သွားသူဖြစ်ကြောင်း တွေ့ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
                 ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ဟောကြားထားတဲ့တရားတော်ထဲက ကောက်နှုတ်ဖေါ်ပြရရင်-
                ကိုယ်တိုင်ကလည်း ဆွမ်းလောင်းတယ်၊ သူများကိုလည်း ဆွမ်းလောင်းအောင် တိုက်တွန်းပေးတယ်..ဆိုတာ...
           ဒါ "အတ္တဟိတ၊ ပရဟိတ" ပါ။
          ကိုယ်တိုင်လည်း ဥပုသ်စောင့်တယ်၊ သူများကိုလည်း ဥပုသ်စောင့်ဖို့ခေါ်တယ်၊ ကိုယ်တိုင်လည်း တရားနာတယ်၊ သူတစ်ပါးကိုလည်း၊ တရားနာဖို့ တိုက်တွန်းပေးတယ်၊ "အတ္တဟိတ ပရဟိတ" ဒီလိုဆိုလိုတာပါ။
          မိမိကိုယ်တိုင်လည်း ကမ္မဋ္ဌာန်းဘာဝနာတရားကိုအားထုတ်တယ်၊ သူများကိုလည်း ပွားများအားထုတ်စေတယ်၊ အခြေခံသီလက စပြီးတော့ ကောင်းတဲ့လုပ်ငန်းမှန်သမျှ ကိုယ်တိုင်းလည်းလုပ်တယ်၊ သူများကိုလည်း လုပ်စေတယ်ဆိုတဲ့ ပုဂ္ဂိုလ်သည် "အတ္တဟိတလည်း လုပ်တယ်၊ ပရဟိတလည်းလုပ်တယ်"ဆိုတဲ့ အဓိပ္ပါယ်ရတယ်၊ ဒါကိုပြောတာနော်။
                ကိုယ်တိုင်ကလည်း နေ့စဉ် ဘုရားရှိခိုးတယ်၊ သူတစ်ပါးကိုလည်း ဘုရားရှိခိုးဖို့ တိုက်တွန်းတယ်၊ "အတ္တဟိတ ပရဟိတ" နှစ်ခုစုံပြီးတော့ လုပ်ရမယ် လို့ မြတ်စွာဘုရားက ဟောတာနော်။
   ကိုယ်တိုင်လည်း ဥပုသ်စောင့်တယ်၊ သူများကိုလည်း ဥပုသ်စောင့်စေတယ်၊ ဒီလိုဆိုလိုတာ၊ ကောင်းတဲ့ဘက်ကို ချဲ့ပြီးတော့ကြည့်ရမယ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုးဟာ အကောင်းဆုံးပဲလို့ အဂုင်္တ္တရနိကာယ် မှာလာတဲ့  သိက္ခာပဒသုတ္တန်အရ မှတ်သားထားကြရမှာဖြစ်ပါတယ်။
             ပရဟိတ လုပ်နေတဲ့ ပုဂ္ဂိုလ်အဖို့ " အတ္တဟိတ"လို "တရားဓမ္မတွေ"ကို ကျင့်ကြံအားထုတ်ဖို့ အလွယ်တကူဖြစ်မလာနိုင်ပေမဲ့ ၊ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတွေနဲ့ "အတ္တဟိတ" သမားတစ်ယောက်အတွက်ကတော့ သူ့ ရဲ့ သဏ္ဌာန်မှာ "ပရဟိတ" ဆိုတဲ့ စိတ်အစဉ်ဟာ ကိန်းအောင်းနေတယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။ ကိုယ်ကိုယ်တိုင် ..ကိုယ်ကျင့်ကြံအားထုတ်နေသလို၊ သူများကိုလည်း ကျင့်ကြံအားထုတ်စေချင်တဲ့ စိတ် ဖြစ်ပေါ်နေကြဖြစ်တဲ့ တရားအားထုတ်သူတိုင်းရဲ့ ဖြစ်ပေါ်လာတဲ့ စိတ်အစဉ်ကို ကြည့်ခြင်းအားဖြင့် တထစ်ချပြောနိုင်ပါတယ်။
        မည်သို့ ပင်ဖြစ်စေ ဓမ္မမိတ်ဆွေတို့ အနေ နဲ့ ပရဟိတ ဘဲ အဓိကထားပြီးလုပ်လုပ်၊ အတ္တဟိတ ကိုဘဲ ဦးဆောင်ထားပြီးလုပ်လုပ်၊ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေအတိုင်း အစွန်းရောက် စေနိုင်တဲ့  အဆုံးစွန်တွေကို မနင်းမိစေဘဲ၊ "ဟိတ" ဆိုတဲ့ အကျိုးတစ်ခု ကို သာ ရည်ရွယ်ပြီး  "အတ္တဟိတ ၊ ပရဟိတ" နှစ်ဖြာ လုံးကို ကြိုးစားဆောင်ရွက်နိုင်သူတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း..ဓမ္မဒါနပြုလိုက်ပါသည်။
( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
ကိုးကား-ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသဆရာတော် ဟောကြားတဲ့တရားတော် နှင့် ဓမ္မရတနာ ( အရှင်ဉာဏဒီပ ) အမေးအဖြေ နှင့်http://www.damanady.tk တို့ မှ ကောက်နှုတ်၍ ဖေါ်ပြပါသည်။
No comments:
Post a Comment