Saturday, March 4, 2017

မင်္ဂလသုတ်

"မင်္ဂလသုတ်"
✿✿✿✿✿✿

"မင်္ဂလသုတ် ရွတ်ဖတ်ခြင်းအကျိုး"
━━━━━━━━━━━━
မင်္ဂလသုတ်ကို မပြတ် ရွတ်ဖတ်သရဇ္ဈာယ်၍ လိုက်နာကျင့်ကြံလျှင်
မည်သည့်နေရာမှာ နေသည်ဖြစ်စေ၊ ဘေးအန္တရာယ် ကင်းသည်။
ရန်သူတို့က မိမိအား မအောင်မြင်နိုင် ။

မိမိ၏ ဘဝအဆင့်အတန်းသည်လည်း တနေ့ထက်တနေ့ တိုးတက်
ချမ်းသာလာမည် ဖြစ်ပေသည်။

အချုပ်အားဖြင့် ရန်ကင်းသည်။ သူတစ်ပါး မကောင်းမကြံနိုင်၊ ဘဝအခြေအနေ
ကြီးပွားတိုးတက်စေသည်။ မဂ်ညဏ် ဖိုလ်ညဏ်သည်ပင် မင်္ဂလာရှိသော မိမိ၏
စိတ်သန္တာန်မှာ ပေါ်လာနိုင်ပေသည်။
.
.
.
.

"မင်္ဂလသုတ်မြန်မာပြန်"
━━━━━━━━━
၁/ “မည်သည့်တရားသည် မင်္ဂလာတရားနည်း” ဟူ၍ လူနှင့်နတ်တို့သည်
(၁၂)နှစ်တိုင်တိုင် တွေးခေါ်ကြသော်လည်း အဖြေမှန် မရခဲ့ကြပေ။
စီးပွားချမ်းသာခြင်း၏အကြောင်းမှန်ဖြစ်သော မင်္ဂလာ တရားပေါင်း (၃၈)ပါး ရှိလိမ့်မည်ဟူ၍လည်း မည်သူမျှ မသိမမြင်နိုင်ခဲ့ကြပေ။
.
.
.
၂/ လူတယောက်စီ တယောက်စီထက်၎င်း၊ သန်းပေါင်းများစွာသော လူသားအားလုံးတို့ထက်၎င်း၊ နတ်တပါးစီ တပါးစီထက်၎င်း၊
နတ်အားလုံးထက်၎င်း သာလွန်မြင့်မြတ်တော်မူသော မြတ်စွာဘုရားသည်
လောကအကျိုးကို ရှေ့ရှုလျက် မင်္ဂလာတရား (၃၈)ပါးကို ထုတ်ဖော်
ဟော်ကြားတော်မူခဲ့၏။ မင်္ဂလာတရားသည် လူမှုဒုစရိုက်တရားကို
ပယ်ဖျောက်တတ်၏။ ယခုအခါ သူတော်ကောင်း အပေါင်းတို့နှင့်အတူ
ကျွန်ုပ်တို့သည် မင်္ဂလာတရားတော်မြတ်ကို ရွတ်ဖတ် ပူဇော်ကြပါကုန်စို့။
.
.
.
၃/ ပထမ သံဂါယနာပွဲတော်ကြီး၏ သံဃဥက္ကဌ ဖြစ်တော်မူသော မဟာကဿ ပရှင်ဘုရား……
ဤ မင်္ဂလသုတ်တော်ကို အကျွန်ုပ် အာနန္ဒာသည် နောင်တော်
မြတ်စွာဘုရားထံမှ တိုက်ရိုက် ဤသို့ ကြားနာလိုက်ရပါ၏။
မှတ်သားလိုက်ရပါ၏။ ဆောင်ထားလိုက်ရပါ၏။

အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္တိပြည် ဇေတဝန်ကျောင်းတော်၌
သီတင်းသုံးနေပါသည်။ ဇေတဝန်ကျောင်းသည် အနာထပိဏ် သူဌေးကြီး ဆောက်လုပ်လှူဒါန်းသော နှလုံးမွေ့လျော် ပျော်ဖွယ်ရာ ကောင်းသော
ကျောင်းတော်ကြီး ဖြစ်ပါသည်။

တစ်ညသ၌ ညဥ့်ဦးယံလွန်၍ သန်းခေါင်ယံ အရောက်တွင် အမျိုးအမည်
မထင်ရှား မသိသာသော နတ်သားတပါး ရောက်လာပါသည်။ သူသည်
အလွန် နှစ်လိုဖွယ် ရုပ်အဆင်းရှိပါသည်။ ဇေတဝန်ကျောင်းတိုက် တခုလုံးကိုလည်း သူ၏ကိုယ်မှ အရောင်အဝါဖြင့် ထွန်းလင်းစေပါသည်။

ယင်းသို့ ထွန်းလင်းစေပြီးနောက် မြတ်စွာဘုရားသခင် ရှိရာသို့
ချဉ်းကပ်လာပါသည်။ မြတ်စွာ ဘုရားကို အလွန် ရိုသေလေးမြတ်စွာ
ရှိခိုးပါသည်။ ရှိခိုးပြီးနောက် တင့်အပ်လျောက်ပတ်သော နေရာ၌
မတ်တတ်ရပ်နေပါသည်။ ယင်းသို့နေရာယူပြီးမှ ထိုနတ်သားသည်
မြတ်စွာဘုရားကို ဤကဲ့သို့ ဂါထာဖြင့် နားတော်လျှောက်ပါသည်။
.
.
.
၎/ ဘုန်းတော်ကြီး မြတ်လှသော မြတ်စွာဘုရား။ နတ်အပေါင်းတို့သည်၎င်း၊
လူအပေါင်းတို့သည်၎င်း စင်ကြယ်စွာသော နိဗ္ဗာန်ချမ်းသာကို
လိုချင်ကြသည်။ တောင့်တကြသည် ဖြစ်ပါ၍ မည်သည့်တရားသည်
စီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်သော မင်္ဂလာတရားတော် ဖြစ်သလဲ ဟူ၍ (၁၂)နှစ်တိုင်တိုင် အချိန်ယူပြီး စဉ်းစားတွေးခေါ် ကြံဆခဲ့ကြပါသည် ဘုရား။
ယင်းသို့ ကြံစည် တွေးဆကြပါသော်လည်း မင်္ဂလာတရားမှန်ကို မည်သူမျှ
တွေးကြံ၍ မသိနိုင်ကြပါသည် ဘုရား။ သို့အတွက်ကြောင့်
မင်္ဂလာတရား ဟူသည် မည်သည့်တရားဖြစ်ကြောင်း အရှင်ဘုရားက စတင်
ထုတ်ဖော်၍ ဟောကြားတော်မူပါဘုရား။
.
.
.
၅/ အို.... နတ်သား။ သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း၊ ပညာရှိသူကို
မှီဝဲဆည်းကပ်ခြင်း၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ ဤတရားသုံးပါးကို
မင်္ဂလာ ဟူ၍ သင် မှတ်သားလော့။
.
.
.
၆/ အို.... နတ်သား။ တင့်အပ်လျောက်ပတ်သော
အရပ်ဒေသ၌ နေခြင်း၊ ရှေးဘဝက ပြုခဲ့ဖူးသောကောင်းမှု ရှိခြင်း၊ မိမိကိုယ်ကို
ကောင်းစွာထိန်းသိမ်းဆောက်တည်ခြင်း၊ ဤတရားသုံးပါးကိုလည်း
မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော့။
.
.
.
၇/ အို.. နတ်သား။ အကြားအမြင် ဗဟုသုတ ရှိခြင်း၊ စက်မှုလက်မှု စသော
သိပံ္ပပညာ တတ်မြောက်ခြင်း၊ ကိုယ်နှုတ်နှလုံးကို ယဉ်ကျေးအောင်
ဆုံးမတတ်သည့် ဝိနည်းတရားကို ကောင်းစွာသင်ယူခြင်း၊ ကောင်းသောစကားကို
ပြောခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော့။
.
.
.
၈/ အို.... နတ်သား။ အမိအဘကို လုပ်ကျွေးမွေးမြူခြင်း၊ သားမယားကို
ထောက်ပံ့ပေးကမ်း ချီးမြှောက်ခြင်း၊ မည်သူ့ကိုမျှ မထိခိုက်သော အလုပ်ကိုလုပ်ခြင်း၊
ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော့။
.
.
.
၉/ အို.... နတ်သား။ အလှူပေးခြင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်း၊
ဆွေမျိုးတို့အား ထောက်ပံ့ခြင်း၊အကုသိုလ်ကင်းသော အလုပ်ကိုလုပ်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင် မှတ်ဦးလော့။
.
.
.
၁၀/ အို.... နတ်သား။ မကောင်းမှု ဟူသမျှ ဝေးဝေးရှောင်နိုင်ခြင်း ၊
မကောင်းမှုကို မလုပ်ဖြစ်အောင်မကျူးလွန်ဖြစ်အောင်
အထူးရှောင်ကြဉ်နိုင်ခြင်း၊ သေရည်သေရက် မူးယစ်ဆေးဝါးတို့ကို
မသောက်မစား ဖြစ်အောင်ရှောင်ကြဉ်နိုင်ခြင်း၊ ကုသိုလ်ရမည့်
ကောင်းမှုအလုပ်တို့ကို မပြတ်သတိရပြီး မမေ့မလျော့ ဆောင်ရွက်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာ
ဟူ၍ သင် မှတ်ဦးလော့။
.
.
.
၁၁/ အို.... နတ်သား။ ရိုသေထိုက်သူကို ရိုသေခြင်း ၊ မိမိကိုယ်ကို
မောက်မာသမှု မပြုဘဲ နှိမ်ချခြင်း၊ ကိလေသာအာရုံ ကာမဂုဏ်တို့၌
ရောင့်ရဲလွယ်ခြင်း၊ သူတပါးက မိမိအပေါ် ပြုဖူးသော ကျေးဇူးကို
သိတတ်ခြင်း၊ အခါအခွင့်သင့်တိုင်း တရားနာခြင်း၊ ဤတရားငါးပါးကိုလည်း
မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော့။
.
.
.
၁၂/ အို.... နတ်သား။ သည်းခံတတ်ခြင်း၊ သူတော်ကောင်းတို့က ဆုံးမသည့်
စကားကို နာယူလွယ်ခြင်း၊ သူတော်ကောင်း ရဟန်းပုဏ္ဏားတို့အား
ဖူးမျှော်ရခြင်း၊ အခါအခွင့်သင့်တိုင်း တရားဆွေးနွေး မေးမြန်းခြင်း၊
ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော့။
.
.
.
၁၃/ အို.... နတ်သား။ ခြိုးခြံစွာ ကျင့်ခြင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်း၊
အရိယာသစ္စာ တရားကိုသိမြင်ရခြင်း၊ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သော
မင်္ဂလာ ဟူ၍ သင် မှတ်ဦးလော။
.
.
.
၁၄/ အို.... နတ်သား။ လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ကြုံရသော ရဟန္တာ အရှင်သူမြတ်၏စိတ်သည် မတုန်မလှုပ်၊ မစိုးမရိမ်၊ ရမ္မက်ကင်း၏၊ ဘေးကင်း၏။
ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော့။
.
.
.
၁၅/ အို....နတ်သား။ ဤကဲ့သို့သော (၃၈)ပါး မင်္ဂလာတရားကို လက်တွေ့
လိုက်နာကျင့်ကြံ ပြုလုပ်ထားသည့်အတွက်ကြောင့် မည်သည့်နေရာ၌နေနေ
မိမိအား ရန်သူတို့ကမအောင်နိုင်၊ ကိစ္စခပ်သိမ်း၌ ပြီးငြိမ်းချမ်းသာခြင်းသို့
ရောက်ကုန်၏။ ထို (၃၈)ပါးသော တရားသည်သာလျှင် လူတကာ၊
နတ်တကာတို့အတွက် မြတ်သောမင်္ဂလာ ဖြစ်ကြောင်း သင် မှတ်သားလေလော့။

                    မင်္ဂလသုတ် အနက်ပြီး၏။ ။

No comments:

Post a Comment