Friday, March 31, 2017

အနိုင်းမဲ့ရဟန်း

အနှိုင်းမဲ့ရဟန်း
◈◆◆◆◈◆◆◆◈◆◆◆◈◆◆◆◈◆◆◆◈◆◆◆◈◆◆◆◈◆◆◆◈
             မြတ်စွာဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတိုက်မှာ သီတင်းသုံးတော်မူနေစဉ်တုန်းက ညတစ်ညရဲ့ သန်းခေါင်ယံအချိန်မှာ အနာထပိဏ်သူဋ္ဌေးကနေ ဘဝပြောင်းသွားတဲ့ အနာထပိဏ်နတ်သား မြတ်စွာဘုရားထံ ရောက်လာပြီး သူလျှောက်ထားလိုတဲ့ စကားတွေ လျှောက်ထားသွားခဲ့ပါတယ်။ သူ့ရဲ့လျှောက်ထားချက်တွေထဲက တစ်ခုကတော့-
               ။။။ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ မြတ်စွာဘုရားရဲ့ တပည့်သား ရဟန်းတော်တွေ အားလုံးထဲမှာ ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ ပညာဂုဏ်အားဖြင့်ရော၊ သီလဂုဏ်အားဖြင့်ရော၊ ကိလေသာ ငြိမ်းအေးမှုဂုဏ်အားဖြင့်ရော အသာဆုံး, အမြတ်ဆုံး ဖြစ်ပါတယ်ဘုရား။ သံသရာတစ်ဖက်ကမ်း နိဗ္ဗာန်နန်းကို အပြီးတိုင် ဆိုက်ရောက်တော်မူကြတဲ့ ရဟန်းတော်တွေ အားလုံးထဲမှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည်သာ အသာဆုံး, အမြတ်ဆုံး ဖြစ်တော်မူပါတယ် မြတ်စွာဘုရား ။။။-
               အနာထပိဏ်နတ်သားရဲ့ လျှောက်ထားချက်ကို မြတ်စွာဘုရားရှင်က လုံးဝ ငြင်းဆန်ခြင်း မပြုဘဲ သဘာတူလက်ခံခဲ့တဲ့အတွက် ။။။ရဟန်းအားလုံးထဲမှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ အနှိုင်းမဲ့ရဟန်းပဲ။။။ ဆိုတဲ့ စကားဟာ မြတ်စွာဘုရားရှင် အတည်ပြုပြီးသားစကား ဖြစ်သွားပါတယ်။ တစ်နည်းအားဖြင့် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် မိန့်တော်မူတဲ့စကား ဖြစ်သွားပါတယ်။
               လောကမှာရှိရှိသမျှ ရဟန်းတော်တွေ အားလုံးထဲမှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ အနှိုင်းမဲ့ရဟန်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရှင်သာရိပုတ္တရာမထေရ်မြတ်ထက် ပညာပိုကြီးပါတယ်, အကျင့်ပိုထူးပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ ထပ်တူပြုစရာ တခြားရဟန်း မရှိတော့လို့ပါပဲ။
               အရှင်သာရိပုတ္တရာမထေရ်မြတ်နဲ့ လဲလှယ်သင့်, လဲလှယ်ထိုက်တဲ့ တခြားရဟန်း လောကမှာ မရှိတော့တဲ့အတွက် အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ အနှိုင်းမဲ့ရဟန်း ဖြစ်ရပါတယ်။
              သိစရာအားလုံး အကုန်အစင် အကြွင်းအကျန်မရှိ သိမြင်တော်မူတဲ့ သဗ္ဗညုမြတ်စွာဘုရားရှင်ကလွဲရင် အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ လောကမှာ ပညာဥာဏ် အကြီးမားဆုံးပါပဲ။
            ခက်ခဲနက်နဲတဲ့ တရားသဘောတွေဆိုတာ အသာထား  လူတွေရဲ့ ပကတိမျက်စိနဲ့မြင်နိုင်တဲ့ ရုပ်ဝတ္ထုတွေကို သိစွမ်းနိုင်တဲ့ ပညာဥာဏ်အရာမှာတောင် ဘယ်သိပ္ပံပညာရှင်မှ လိုက်မမှီနိုင်လောက်အောင် အံ့မခန်း ထက်မြက်လှပါတယ်။
              တစ်ကမ္ဘာလုံး တစ်ပြိုင်တည်း မိုးရွာသွန်းနေတဲ့အချိန်မှာ ။။မဟာသမုဒ္ဒရာထဲကျတဲ့ မိုးရေပေါက်က ဘယ်လောက် အရေအတွက်ရှိတယ်၊ မြေကြီးပေါ်ကျတဲ့ မိုးရေပေါက်က ဘယ်လောက် အရေအတွက်ရှိတယ်၊ တောင်ပေါ်ကျတဲ့ မိုးရေပေါက်က ဘယ်လောက်အရေအတွက် ရှိတယ်လို့ ဂဏန်ထိုး တင်ပြနိုင်လောက်အောင် တစ်ကမ္ဘာလုံးက မိုးရေပေါက်တွေကို တစ်ချိန်တည်း တစ်ပြိုင်တည်း ရေတွက်ပြနိုင်ပါတယ်။
              ဒီကနေ့ခေတ် တော်လှပါတယ် ထက်လှပါတယ်ဆိုတဲ့ ဘယ်သိပ္ပံပညာရှင်မှ အရှင်သာရိပုတ္တရာမထေရ်မြတ်လို ရေတွက်မပြနိုင်ပါဘူး။ တကယ်လို့ ရေတွက်ပြနိုင်လည်း စက်အားကိုးနဲ့ ခလုတ်နှိပ် ရေတွက်ပြနိုင်မှာပါ။ စက်အကူအညီမပါဘဲ စိတ်သက်သက် ဥာဏ်သက်သက်နဲ့တော့ ရေတွက်ပြနိုင်မှာ မဟုတ်ပါဘူး။
             မြတ်စွာဘုရားရှင် သက်တော် ငါးဆယ့်ငါးနှစ်ကျော်တဲ့အချိန် မိမိကို အမြဲပြုစုလုပ်ကျွေးမယ့် ရဟန်းတစ်ပါး ရွေးချယ်ဖို့ သံဃာ့ပရိသတ်ကို မိန့်တော်မူတော့ အရှင်သာရိပုတ္တရာမထေရ်မြတ်က မိမိ အမြဲပြုစုလုပ်ကျွေးမယ့်အကြောင်း အရင်ဦးအောင် လျှောက်ထားပါတယ်။ အဲဒီအခါ မြတ်စွာဘုရားရှင်က-
            ။။။ချစ်သား သာရိပုတ္တရာ၊ ငါဘုရားကို သင်ချစ်သား အမြဲပြုစုလုပ်ကျွေးဖို့ မသင့်တော်ပါဘူး၊ ဘာလို့လဲဆိုတော့ သင်ချစ်သား နေလေရာအရပ်တိုင်းဟာ တကယ့်ကို တရားမဆိတ်သုန်းတဲ့နေရာ ဖြစ်နေလို့ပါ။ သင်ချစ်သားရဲ့ အဆုံးအမ သြဝါဒဟာ ငါဘုရားရဲ့ အဆုံးအမ သြဝါဒနဲ့ အတူတူပါပဲ၊ ဒါကြောင့် သင်ချစ်သားမှာ ငါဘုရားကို အမြဲပြုစု လုပ်ကျွေးဖို့ အကြောင်းမရှိပါဘူး။။။- လို့ မိန့်ကြားတော်မူပြီး အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ ဗုဒ္ဓဝေယျာဝစ္စ အမြဲပြုလုပ်လိုခွင့်ကို ပယ်မြစ်တော်မူခဲ့ပါတယ်။
              သာသနာအတွက် အားကိုးနိုင်လောက်အောင် ဥာဏ်စွမ်း, ဥာဏ်စ ထက်မြက်ပြီး စာပေပရိယတ်ကို တကယ် လိုလိုလားလား ကြိုးစားအားထုတ်နေတဲ့ တပည့်ရဟန်း၊ သာမဏေတွေကို ဆရာဘုန်းကြီးတွေက ကိုယ့်အနားမှာ အမြဲနေခိုင်းပြီး ကိုယ့်ဝေယျာဝစ္စတွေကို အချိန်ပြည့် လုပ်ခိုင်းတာမျိုး လုံးဝ ရှောင်ကြဉ်သင့်တယ်ဆိုတာ ဒီအဖြစ်အပျက်က သက်သေပြနေပါတယ်။ ဆရာသမား ကောင်းတစ်ယောက်ဆိုတာ ကိုယ့်တပည့်ကို ကိုယ့်အကျိုးအတွက် အသုံးမချဘဲ အများအကျိုး သာသနာ့အကျိုးအတွက်ပဲ အသုံးချသင့်ပါတယ်။ မိဘတွေလည်း သားသမီးတွေအပေါ် နည်းတူ သဘောထားရမှာပါပဲ။
               အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ အဆုံးအမဟာ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမနဲ့ ထပ်တူထပ်မျှ ဖြစ်နေတာကို ကြည့်ရင် အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ဥာဏ်ပညာ သိပ်ကြီးမားတယ်ဆိုတာ ထင်ရှားပါတယ်။
                မြတ်စွာဘုရား ခါးညောင်းဖြေနေချိန်၊ ခါးနာသက်သာအောင် လဲလျောင်းနေချိန်မှာ အရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောလက်စတရားကို မြတ်စွာဘုရား ဟောပြောလိုတဲ့ အဓိပ္ပါယ်အတိုင်း, မြတ်စွာဘုရား သုံးနှုန်းလိုတဲ့ စကားလုံးအတိုင်း တစ်သဝေမတိမ်း ရှေ့ဆက် ဟောကြားတော်မူပါတယ်။
                မိမိဟောလိုတဲ့အတိုင်း ဟောနေတဲ့ အရှင်သာရိပုတ္တရာရဲ့ တရားတော်ကို မြတ်စွာဘုရားရှင်က ကန့်လန့်ကာနောက်ကွယ်ကနေ ခါးညောင်းဖြေနေရင်း နှစ်နှစ်ခြိုက်ခြိုက် လေးလေးစားစား နာကြားတော်မူပါတယ်။ ခါးညောင်းပြေပြီ၊ ခါးနာသက်သာပြီဆိုတာနဲ့ မြတ်စွာဘုရားရှင်က အရှင်သာရိပုတ္တရာ ဟောလက်စတရားကို ရောက်ရာကနေ ရှေ့ဆက် ဟောကြားတော်မူပါတယ်။
               မြတ်စွာဘုရား ဟောနေဆဲတရားကို မြတ်စွာဘုရား အလိုကျ ချွတ်စွပ်ဆက်ဟောနိုင်တဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ ဥာဏ်ပညာကတော့ အံ့မခန်း ကြီးကျယ်လှပါတယ်။   
               မြတ်စွာဘုရားရှင် ခုနှစ်ဝါမြောက် တာဝတိံသာနတ်ပြည်မှာ ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူတုန်းက နေ့စဉ်နေ့တိုင်း ဆွမ်းခံချိန်ရောက်ပြီဆိုရင် နိမ္မိတဗုဒ္ဓရုပ်ပွားတော်ကို တရားဆက်ဟောခိုင်းထားခဲ့ပြီး မိမိကိုယ်တိုင်ကတော့ လူ့ပြည်ဆင်း အနောတတ်အိုင်မှာ ရေချိုး၊ မြောက်ကျွန်းကို ဆွမ်းခံကြွ၊ အနောတတ်အိုင်ကမ်းနံဘေးမှာ ဆွမ်းဘုန်းပေးပြီး နေ့သန့်စင်ဖို့(နေ့ပိုင်း သီတင်းသုံးဖို့)အတွက် စန္ဒကူးတောကို ကြွတော်မူပါတယ်။
               စန္ဒကူးတောမှာ နေ့သန့်စင်နေတဲ့ မြတ်စွာဘုရားရှင်ကို အရှင်သာရိပုတ္တရာက ဝေယျာဝစ္စလုပ်ပေးပါတယ်။ အရှင်သာရိပုတ္တရာ ဝေယျာဝစ္စပြုလုပ်ပြီးတာနဲ့ မြတ်စွာဘုရားရှင်က အဲဒီနေ့တစ်နေ့တာ နတ်ပြည်မှာ ဟောခဲ့တဲ့ အဘိဓမ္မာတရားအကျယ်ကို အကျဉ်းဆုံးချုပ်ပြီး အရှင်သာရိပုတ္တရာကို နမူနာနည်းပေး ဟောကြားတော်မူပါတယ်။
               မြတ်စွာဘုရား အကျဉ်းချုပ်နည်းပေးတဲ့ အဘိဓမ္မာတရားကို အရှင်သာရိပုတ္တရာက ကမ်းနားမှာရပ်ပြီး မဟာသမုဒ္ဒရာကို လက်ဆန့်ညွှန်ပြခံရသလို နည်းအကျယ်ရပြီး နည်းရာထောင်ပေါင်းများစွာ နည်းသောင်းသိန်းပေါင်းများစွာနဲ့ အကျယ်တဝင့် ချဲ့ထွင်သိမြင်တော်မူသွားပါတယ်။
              မိမိအကျယ်ချဲ့သိတဲ့ အဘိဓမ္မာတရားကို လင်းနို့သားငါးရာဘဝတုန်းက အဘိဓမ္မာတရား နာကြားခဲ့ဖူးတဲ့ အတူနေတပည့်ရဟန်းငါးရာကို မကျဉ်းမကျယ် အလယ်အလတ်နည်းနဲ့ နေ့စဉ် ပြန်ဟောပြပါတယ်။ ။။အဘိဓမ္မာ ပိဋကတ်။။-ဆိုပြီး ဒီကနေ့ လေ့လာနေကြတဲ့ အဘိဓမ္မာတရားဟာ မြတ်စွာဘုရားအလိုကျ အရှင်သာရိပုတ္တရာမထေရ်မြတ် ပြန်ဟောပြထားတဲ့ တရားတွေပါပဲ။
               မြတ်စွာဘုရား အကျဉ်းချုပ် ဟောပြတဲ့တရားကို မြတ်စွာဘုရား အကျယ်ဟောခဲ့တဲ့အတိုင်း ထပ်တူထပ်မျှ ထိုးထွင်းချဲ့ထွင် သိမြင်နိုင်တဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ ဥာဏ်ပညာတော်ကြီးကတော့ လူသားတွေ မဆိုထားနဲ့၊ နတ်တွေ ဗြဟ္မာတွေတောင် ဘယ်လိုနည်းနဲ့မှ လိုက်မမှီနိုင်လောက်အောင် ကြီးကျယ်ခမ်းနားလွန်းလှပါတယ်။
              ဒါတွေကြောင့်လည်း အနာထပိဏ်နတ်သားက-
ပညာဂုဏ်အားဖြင့်လည်း အရှင်သာရိပုတ္တရာသာ အသာဆုံး, အမြတ်ဆုံးရဟန်း၊ အနှိုင်းမဲ့ရဟန်း လို့ မြတ်စွာဘုရားရှင်ကို လျှောက်ထားခဲ့တာပါ။ မြတ်စွာဘုရားရှင်က ဟုတ်မှန်ကြောင်း အတည်ပြုခဲ့တာပါ။

             တစ်ခါတော့ အရှင်သာရိပုတ္တရာမထေရ်မြတ် ဒေသစာရီ လှည့်လည်ရင်း စတုဒိသာရုံတစ်ခုမှာ မကျန်းမမာ ဖြစ်နေပါတယ်။ အဲဒီ စတုဒိသာရုံက ကပ်လှူတဲ့ဆွမ်းကို တစ်ရက်သာ ဘုန်းပေးပြီး နောက်နေ့တွေမှာတော့ ဆွမ်းလုံးဝ ဘုန်းမပေးတော့ဘဲ ဆွမ်းအငတ်ခံတော်မူပါတယ်။
             နေ့ရက်များစွာ စတုဒိသာကျွေးတဲ့ အလှူမဏ္ဍပ်ကြီးတွေမှာ ရဟန်းတော်တွေအနေနဲ့ တစ်ရက်သာ အလှူခံခွင့်၊ တစ်ရက်သာ ဆွမ်းစားခွင့်ရှိတဲ့အတွက် ဝိနည်းဥပဒေတော်ကို လေးစားလိုက်နာတဲ့အနေနဲ့ အခုလို အရှင်သာရိပုတ္တရာမထေရ်မြတ် ဆွမ်းအာဟာရ ဖြတ်တောက်ထားလိုက်တာပါ။ မြတ်စွာဘုရား သိသွားတဲ့အခါမှာတော့ မကျန်းမာရင် နေ့စဉ် အလှူခံ ဘုန်းပေးနိုင်ကြောင်း ထပ်လောင်းဖြည့်စွက် ခွင့်ပြုချက် ထုတ်ပြန်တော်မူလိုက်ပါတယ်။
              တောအုပ်တစ်အုပ်မှာ အရှင်မဟာမောဂ္ဂလာန်နဲ့အတူ သီတင်းသုံးတော်မူခဲ့စဉ်တုန်းက အရှင်သာရိပုတ္တရာမှာ လေနာရောဂါဖြစ်ပြီး အပြင်းအထန်  ဒုက္ခဝေဒနာ ခံစားခဲ့ဖူးပါတယ်။ လူ့ဘဝတုန်းက လေနာရောဂါဖြစ်ရင် ထောပတ် ပျားရည် သကြားစသည့်နဲ့ ရောချက်ထားတဲ့ နို့ဃနာထမင်းစားပြီး ရောဂါပျောက်ကင်းခဲ့ဖူးကြောင်း အရှင်သာရိပုတ္တရာ ပြောပြတဲ့အတွက် နောက်ရက်မှာ နို့ဃနာထမင်း ရကိုရမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ အရှင်မဟာမောဂ္ဂလာန် ဆွမ်းခံထွက်တော်မူပါတယ်။
               အရှင်မြတ်နှစ်ပါး စကားပြောသံကို ကြားရတဲ့ ရုက္ခစိုးနတ်က ဆွမ်းခံအိမ်တစ်အိမ်က သားတစ်ယောက်ကို ဝင်ပူးပြီး ကြိုပြောထားတဲ့အတွက် အဲဒီနေ့မှာ အဲဒီအိမ်ကနေ နို့ဃနာဆွမ်း အလှူခံရရှိတော်မူပါတယ်။ ဒါပေမယ့် အဲဒီနို့ဃနာဆွမ်းကို အရှင်သာရိပုတ္တရာ လုံးဝ ဘုန်းပေးတော်မမူပါဘူး။ တစ်စုံတစ်ယောက်က နှုတ်မြွက်တိုက်တွန်းလို့ ရလာတဲ့ ဆွမ်းမို့ ဝိနည်းနဲ့ မညီဘူးဆိုပြီး အာလယပြတ် ပယ်မြစ်တော်မူခဲ့ပါတယ်။
             အရှင်သာရိပုတ္တရာ လုံးဝ လက်မခံတဲ့ အဲဒီနို့ဃနာဆွမ်းကို အရှင်မဟာမောဂ္ဂလာန် မြေကြီးပေါ် စွန့်သွန်လိုက်တဲ့အခါမှာတော့ နို့ဃနာဆွမ်း မြေကြီးပေါ်ကျတာနဲ့တစ်ပြိုင်နက် အရှင်သာရိပုတ္တရာရဲ့ လေနာရောဂါ ယူပစ်သလို လုံးဝပျောက်ကင်းသွားပါတယ်။ နောက်လေးဆယ့်ငါးနှစ်ကြာ ပရိနိဗ္ဗာန်စံတဲ့ထိတိုင်အောင် လေနာရောဂါ ဘယ်တော့မှ ထပ်မဖြစ်တော့ပါဘူး။  
            ဂိလာနရဟန်းတော်တွေအနေနဲ့ ညစာထဲမှာ အကျုံးဝင်တဲ့ ပေါ့ပေါ့ပါးပါး စားဖွယ်၊ ပေါ့ပေါ့ပါးပါး သောက်ဖွယ်တွေကို ကျန်းမာရေး အကြောင်းပြ၊ ဆေးမစားခင် အစာခံတာ အကြောင်းပြပြီး မွန်းလွဲပိုင်းစားတော့, သောက်တော့မယ်ကြံတိုင်း အရှင်သာရိပုတ္တရာမထေရ်မြတ်ကို အထူးသတိရသင့်ပါတယ်။ စာကျက်ရတာ စာပြန်ရတာ အကြောင်းပြ၊ လုပ်အားပေးရတာ၊ ဝေယျာဝစ္စလုပ်ရတာကို အကြောင်းပြပြီး လေးလေးလံလံစားဖွယ်တွေ, ဆွမ်းအစစ်ကြီးတွေကို မွန်းလွဲပိုင်းမှာ အပီကိုင်တော့မယ်ဆိုရင်တော့ ပိုလို့တောင် သတိရသင့်တာပေါ့။
             ဥကို အသက်ပေးကာကွယ်တဲ့ ရစ်မလို၊ မြီးဆံကို အသက်ပေးစောင့်ရှောက်တဲ့ စာမရီသားကောင်လို၊ ဝိနည်းစည်းကမ်းကို အသက်ပေးလိုက်နာတဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ ကိုယ်ကျင့်သီလကတော့ နောင်လာနောက်သား သီလမြတ်နိုးသူတွေအတွက် စိတ်ထက်သန်စရာ အားဆေးကြီးတစ်ခွက်ပါပဲ။ 
              ဒါကြောင့်လည်း အနာထပိဏ်နတ်သားက- သီလဂုဏ်အားဖြင့်လည်း အရှင်သာရိပုတ္တရာသာ အသာဆုံး အမြတ်ဆုံးရဟန်း အနှိုင်းမဲ့ရဟန်း-လို့ မြတ်စွာဘုရားရှင်ကို လျှောက်ထားခဲ့တာပါ။ မြတ်စွာဘုရားရှင်ကလည်း ဟုတ်မှန်ကြောင်း အတည်ပြုခဲ့တာပါ။

             တစ်ခါတော့ အခန့်မသင့်လို့ သင်္ကန်းဝတ်ပုံ မညီမညာဖြစ်နေတဲ့ အရှင်သာရိပုတ္တရာကို ခုနစ်နှစ်အရွယ် ကိုရင်လေးတစ်ပါးက- အရှင်ဘုရား သင်္ကန်းဝတ်တာ မညီညာပါလား-လို့ လျှောက်ထားတဲ့အတွက် ချက်ချင်းပြင်ဝတ်ပြီး ။။ဒီလောက်ဆို အဆင်ပြေပါပြီလား?.ဆရာ။။လို့ ကိုရင်လေးကို လက်အုပ်ချီ လျှောက်ထားခဲ့ဖူးပါတယ်။ ။။ဒီနေ့မှ ကိုရင်ဖြစ်တဲ့ ခုနစ်နှစ်အရွယ် ကိုရင်လေးကပဲ ဆုံးမလာပါစေ၊ အဲဒီ အဆုံးအမကို ဦးထိပ်တင် ခံယူပါ့မယ်။။- လို့လည်း ကျူးရင့်ခဲ့ပါတယ်။
               လူကြီးဆုံးမတာကို လူငယ်တွေ အလွယ်တကူ ခံယူလေ့ရှိပေမယ့် လူငယ်က အမှားပြင်ပေးတာကိုတော့ လူကြီးတွေ အလွယ်တကူ ခံယလေ့မရှိပါဘူး။ လူငယ်က စေတနာနဲ့ ပြင်ပေးတာကို- သူနားမလည်လို့ပါ၊ သူမရင့်ကျက်သေးလို့ ပြောတာပါ- ဆိုပြီးခွင့်လွှတ်သလိုလို ဘာလိုလိုနဲ့ ကိုယ့်အမှားကို ဇွတ်အတင်း အမှန်လုပ်ပစ်တတ်ကြပါတယ်။ ကိုယ့်ထက် အသက်ငယ်တဲ့ ရဟန်းတော်တွေက ဘုရားအလိုကျ အမှားပြင်ပေးတာကိုပဲ စွပ်စွဲသယောင်ယောင်၊ စော်ကားသယောင်ယောင် သတ်မှတ်ပြီး လုံးဝ လက်မခံတဲ့ သက်ကြီးရွယ်အို လူဝတ်ကြောင်တွေ အများကြီးရှိပါတယ်။
               အရှင်အဿဇိရဲ့ တရားကို နာပြီး သောတာပန်ဖြစ်ခဲ့ရတဲ့အတွက် အရှင်သာရိပုတ္တရာဟာ သောတာပန်ဖြစ်တဲ့အချိန်က စပြီး အသက်ထက်ဆုံး အိပ်တိုင်းအိပ်တိုင်း အရှင်အဿဇိရှိရာအရပ်ကို ရည်မှန်း လက်အုပ်ချီရှိခိုးပြီးမှ အရှင်အဿဇိရှိရာဘက်ကို ဦးခေါင်းထားကာ အိပ်လေ့ရှိပါတယ်။
               လောကမှာ ဘယ်အသိတရားမဆို ဆရာနဲ့ကင်းပြီး ရရိုးထုံးစံ မရှိပါဘူး။ သက်ရှိဆရာဖြစ်ဖြစ်၊ သက်မဲ့ဆရာဖြစ်ဖြစ်၊ ဆရာတစ်ဦးဦးရဲ့ တိုက်ရိုက်သင်ကြားပေးမှု(သို့) သွယ်ဝိုက်သင်ကြားပေးမှုကြောင့်သာ အသိတရားတွေ တဖြည်းဖြည်း ရင့်ကျက်လာခဲ့ရတာပါ။ သံသရာ ဇာတ်သိမ်း ဒုက္ခငြိမ်းတဲ့အထိ အသိဥာဏ်အလင်းဖွင့်ပေးတဲ့ ဆရာဆိုရင်တော့ ကျေးဇူးအကြီးမားဆုံးဖြစ်လို့ မီးပူဇော်တဲ့သူ မီးကို မပြတ်တောက်စေသလို ကျေးဇူးရှင်ဆရာကိုလည်း မပြတ်ဦးတိုက် ပူဇော်နေသင့်ပါတယ်။
               ဆွမ်းခံချိန်ရောက်လို့ ရဟန်းသာမဏေတွေ မြို့တွင်း ရွာတွင်း ဆွမ်းခံကြွသွားကြပြီဆိုရင် အရှင်သာရိပုတ္တရာမထေရ်မြတ် ကျောင်းတိုက်တစ်တိုက်လုံး လှည့်လည်ကြည့်ရှုပြီး တံမြက်မလှည်းရသေးတဲ့ နေရာတွေ တံမြက်လှည်း၊ ရေကုန်နေတဲ့ သောက်ရေအိုး, သုံးရေအိုးတွေ ရေဖြည့်၊ နေရာတကျ မထားတဲ့ ခုတင်, ကုလားထိုင် စတဲ့ အသုံးအဆောင်ပစ္စည်းတွေ နေရာတကျ သိမ်းဆည်း၊ လုပ်သင့်လုပ်ထိုက်တဲ့ သန့်ရှင်းရေးတွေ၊ ဝေယျာဝစ္စတွေ တစ်ခုမကျန် လုပ်ပြီးမှ နောက်ဆုံး ဆွမ်းခံကြွတော်မူပါတယ်။
                မြတ်စွာဘုရားနဲ့အတူ ရဟန်းသံဃာတော်တွေ ဒေသစာရီ ကြွချီတော်မူကြတဲ့အခါတိုင်းမှာလည်း ။။ငါဘုရားလက်ျာရံပဲ။။ဆိုပြီး ရှေ့ဆုံးကနေ ဘုရားနား ကပ်မလိုက်ဘဲ သံဃာ့ပရိသတ်နောက်ပိုင်းကနေ ဖြေးဖြေးနှေးနှေး လိုက်ပါလာကြတဲ့ နာမကျန်းရဟန်းတွေ, သက်ကြီးရွယ်အိုရဟန်းတွေကို လိုအပ်တာ ကူညီစောင့်ရှောက်ပေးရင်း သံဃာ့ပရိသတ် နောက်ဆုံးကနေ အရှင်သာရိပုတ္တရာမထေရ်မြတ် လိုက်ပါတော်မူပါတယ်။
               သားကြီးတို့, တပည့်ကြီးတို့ဆိုတာ မိဘတို့ ဆရာသမားတို့ရဲ့ လက်လွှဲရလောက်အောင် အားကိုးထိုက်တဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်သင့်ပါတယ်။ ခေါင်းဆောင်ကောင်း ပီသဖို့ဆိုတာကလည်း အမိန့်ပေးနေရုံ၊ လမ်းညွှန်နေရုံနဲ့ မပြီးဘဲ ကိုယ်ကိုယ်တိုင် လုပ်သင့်တဲ့အလုပ်တွေကို လူမြင်ရာ ရှေ့နားကပဲဖြစ်ဖြစ်၊ လူကွယ်ရာ နောက်နားကနေပဲဖြစ်ဖြစ် စေတနာပါပါ မေတ္တာပြည့်ပြည့်နဲ့ စေ့စေ့စပ်စပ် လုပ်ဆောင်သွားတတ်ဖို့ အထူးလိုအပ်ပါတယ်။
               တစ်ခါတော့ မြို့တွင်း ခေတ္တကြွနေတဲ့ ရဟန်းငယ်တစ်ပါးရဲ့ မုန့်ဝေစုကို အဲဒီရဟန်းငယ် နေအတော်ကြီးမြင့်တဲ့အထိ ကျောင်းပြန်ရောက်မလာတဲ့အတွက် မုန့်ဝေစုယူထားတဲ့ ရဟန်းတော်တွေက ရှင်သာရိပုတ္တရာကို ဆက်ကပ်လိုက်ပါတယ်။ အရှင်သာရိပုတ္တရာ အဲဒီမုန့် ဘုန်းပေးပြီးတဲ့အချိန်မှာပဲ အဲဒီရဟန်းငယ် ကျောင်းပြန်ရောက်လာပါတယ်။
              ရဟန်းတော်တွေက- ငါ့ရှင်ရဲ့မုန့်ကို ရှင်သာရိပုတ္တရာက ဘုန်းပေးလိုက်ပြီ- လို့လည်းပြောရော အဲဒီရဟန်းငယ်က- သြော် လောကမှာ အကောင်းမကြိုက်တဲ့သူရယ်လို့ ဘယ်ရှိပါ့မလဲ- လို့ အရှင်သာရိပုတ္တရာကို စောင်းချိတ်ပြီး ကဲ့ရဲ့စကားဆိုလိုက်ပါတယ်။
              အရှင်သာရိပုတ္တရာလည်း သံဝေဂအကြီးအကျယ်ရပြီး အဲဒီနေ့ အဲဒီအချိန်ကစလို့ မုန့်ခဲဖွယ်ကို လုံးဝ ဘုန်းမပေးတော့ပါဘူး။ ရဟန်းသံဃာတော်တွေ ဆွမ်းဘုန်းပေးပြီးရင် မုန့်သစ်သီး စတဲ့ ခဲဖွယ် ဘုန်းပေးကြတာ အစဉ်အလာထုံးစံ ဖြစ်နေပေမယ့် အရှင်သာရိပုတ္တရာကတော့ ဘယ်လောက်ကောင်းမြတ်တဲ့ ခဲဖွယ်တွေကို ဘယ်လောက်ရင်နှီးတဲ့ ဒကာ, ဒကာမကပဲ ကပ်ကပ် လုံးဝ ဘုန်းပေးတော်မမူတော့ပါဘူး။
                ရုတ်တရက် ကြည့်လိုက်ရင် စိတ်ဆိုးတတ်လိုက်တာ စိတ်ကောက်တတ်လိုက်တာ လို့ ထင်ရပေမယ့် အရှင်သာရိပုတ္တရာမှာ ဒေါသကိလေသာ လုံးဝ မရှိတော့တဲ့အတွက် ဘာအကြောင်းကြောင့်မှ စိတ်ဆိုးစရာ၊ စိတ်ကောက်စရာ၊ စိတ်ညစ်စရာ၊ စိတ်ပျက်စရာ မရှိတော့ပါဘူး။ အားလုံးအပေါ် ခွင့်လွှတ်နိုင်ပါတယ်, သည်းခံနိုင်ပါတယ်။
              တကယ်တော့ မုန့်ခဲဖွယ် လုံးဝ ဘုန်းမပေးတော့တာဟာ အရှင်သာရိပုတ္တရာရဲ့ ပြတ်သားမှုပါ။ ကိုယ်နှုတ်အမူအရာမှာ ကိလေသာ အရိပ်အယောင်သန်းတာကို လုံးဝ မလိုလားတဲ့ တိကျပြတ်သားမှုပါ။ သံယောဇဉ်နွယ်တဲ့ လုပ်ရပ်တွေကို ရွံ့ရှာစက်ဆုပ်တဲ့ ခိုင်မာတိကျပြတ်သားမှုပါ။
             သံယောဇဉ်ပြတ်တာကို မေတ္တာကင်းမဲ့တယ်လို့ သံယောဇဉ်ပျော် ကိလေသာသမားတွေက ကဲ့ရဲ့ရှုတ်ချကြပေမယ့် တကယ်ကတော့ သံယောဇဉ်ပြတ်တာဟာ ပညာရှိသူတော်ကောင်းတွေရဲ့ ကိလေသာငြိမ်းအေးခြင်းဂုဏ်တစ်မျိုးပါ။ သံယောဇဉ်ပြတ်တာနဲ့ မေတ္တာကင်းမဲ့တာလည်း လုံးဝ မတူပါဘူး။ သံယောဇဉ်ဆယ်မျိုးထဲက လူတွေ ပြောပြောနေတဲ့ သံယောဇဉ်ဆိုတာ ကာမရာဂ သံယောဇဉ်ဆိုတဲ့ တဏှာကို ပြောတာဖြစ်လို့ တဏှာဆိုတာ ပြတ်လေကောင်းလေပါပဲ။
               တဏှာပြတ်လေ မေတ္တာကြီးလေမို့ သံယောဇဉ် ပြတ်တဲ့သူတွေဟာ အများကောင်းကျိုး လိုလားတဲ့ မေတ္တာတရား ပိုအားကောင်းတတ်ပါတယ်။ သံယောဇဉ်ပြတ်တဲ့သူရဲ့ ဆောင်ရွက်ချက် အားလုံးဟာလည်း ကိုယ်ကျိုးမျှော်လင့်ချက် လုံးဝမပါတဲ့ သန့်သန့်စင်စင် မွန်မွန်မြတ်မြတ်တွေချည်းပါပဲ။
               ကာမရာဂသံယောဇဉ်မှာပါတဲ့ ကာမရာဂဆိုတာ ဖိုမဆိုင်ရာ ကာမရာဂတစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး။ သက်ရှိ သက်မဲ့ ဘယ်အာရုံအပေါ်မဆို သာယာနှစ်သက်နေရင်၊ သဘောကျကျေနပ်နေရင်၊ ခင်မင်တွယ်တာနေရင်၊ စွဲလမ်းမြတ်နိုးနေရင် ကာမရာဂပါပဲ။
               အရပ်ထဲမှာ သုံးနှုန်းတဲ့ တဏှာနဲ့ ဓမ္မနယ်ပယ်မှာ သုံးနှုန်းတဲ့ တဏှာ လုံးဝ မတူပါဘူး။ အရပ်ထဲမှာတော့ စကားလှအောင်၊ နားခံသာအောင် တဏှာကိုလည်း မေတ္တာလို့ သုံးနှုန်း၊ သံယောဇဉ်ကိုလည်း မေတ္တာလို့ သုံးနှုန်းကြပါတယ်။ ဓမ္မနယ်ပယ်မှာတော့ မေတ္တာသံယောဇဉ် ဆိုတာ လုံးဝမရှိပါဘူး။ တစ်ဖက်သားအပေါ် တွယ်တာတာ၊ တစ်ဖက်ဝတ္ထုအပေါ် နှစ်သက်တာမှန်သမျှ တဏှာချည်းပါပဲ။ 
            သံသရာမှာ ပျော်ချင်ရင် တဏှာကို မေတ္တာလို့ လှည့်စားခွင့်ရှိပေမယ့် သံသရာက လွတ်ချင်ရင်တော့ တဏှာကို တဏှာလို့ အမှန်အတိုင်းမြင်ဖို့ လိုအပ်ပါတယ်။ ။။။ငါ့မေတ္တာကို တဏှာလို့ ပြောရကောင်းလား။။။- ဆိုပြီး ဆတ်ဆတ်လူးဖြစ်နေရင်တော့ သူတော်ကောင်းတရားနဲ့ရော၊ မဂ်ဖိုလ်နိဗ္ဗာန်နဲ့ပါ အဝေးကြီးဝေးနဦးမှာပါပဲ။
              မုန့်ခဲဖွယ်တည်းဟူသော ကာမဝတ္ထုအပေါ်မှာ သံယောဇဉ် လုံးဝပြတ်တာကို ကြည့်ခြင်းအားဖြင့် အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ ကိလေသာငြိမ်းအေးမှု အစွမ်းသတ္တိ ဘယ်လောက်ကြီးမားတယ်ဆိုတာ သိနိုင်ပါတယ်။ ကိလေသာရဲ့ ဝါသနာအငွေ့အသက်ကို ဗုဒ္ဓဘုရားရှင်တို့သာ ပယ်နိုင်တယ်ဆိုပေမယ့် အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ သန္တာန်မှာ ကိလေသာ ကင်းစင်နေပုံကလည်း ဝါသနာအငွေ့အသက် မရှိသလောက်နီးပါးပါပဲ။
              မျောက်ဘဝက လာခဲ့လို့ အရှင်သာရိပုတ္တရာ မြောင်းတွေ့ရင် ခုန်ချင်တယ်၊ ချောင်းတွေ့ရင် ခုန်ကူးတယ်ဆိုတဲ့ စကားဟာ ထေရဝါဒ ပိဋကတ်တော်တွေမှာ လုံးဝမပါတဲ့ တစ်ဆင့်ကြား ပါးစပ်ရာဇဝင်စကားသာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မဟာယာနကျမ်းတစ်ကျမ်းမှာပါတဲ့ ဘုရားလောင်းဝါဒ စည်းရုံးသိမ်းသွင်းမှုသာ ဖြစ်ပါတယ်။ အရှင်သာရိပုတ္တရာမထေရ်မြတ်ကို သက်သက်သိက္ခာချတဲ့ စကားပါ။ လုံးဝ မမှန်ပါဘူး။
             အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ သန္တာန်မှာ တဏှာဆိုတဲ့ လောဘကိလေသာသာ ဝါသနာအငွေ့အသက် မရှိသလောက် ကင်းစင်တာ မဟုတ်ပါဘူး။ ဒေါသ, မာန စတဲ့ တခြားကိလေသာတွေ အားလုံးလည်း ဝါသနာ အငွေ့အသက် မရှိသလောက် ကင်းစင်ပါတယ်။
             သည်းခံမှုအား သိပ်ကောင်းတယ်- ဆိုတာ ဟုတ်မဟုတ် စမ်းသပ်တဲ့အနေနဲ့ ဆွမ်းခံထွက်နေစဉ် ကျောပြင်ကို လက်ဝါးနဲ့ တအားရိုက်နှက်ခဲ့တဲ့ ပုဏ္ဏားတစ်ယောက်ကို လုံးဝ စိတ်မဆိုးဘဲ အရှင်သာရိပုတ္တရာမထေရ်မြတ် ခွင့်လွှတ်ခဲ့ဖူးတယ်။ မတော်တဆ သင်္ကန်းစွန်းနဲ့ ထိမိတာကို ရန်ငြိုးဖွဲ့ပြီး ပြဿနာရှာတဲ့ ရဟန်းတစ်ပါးကိုလည်း လုံးဝ စိတ်မခုဘဲ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီပြီး သည်းခံခွင့်လွှတ်ဖို့ ရှင်သာရိပုတ္တရာ တောင်ပန်ခဲ့ဖူးပါတယ်။
              ရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ ဆိုဆုံးမလွယ်မှု၊ ဆရာသခင်ကျေးဇူးရှင်ကို ဦးထိပ်တင်မှု၊ ခေါင်းဆောင်ကောင်းပီသမှု၊ စိတ်ဓာတ်ပြတ်သားမှု၊ သည်းခံခွင့်လွှတ်နိုင်မှု... စတဲ့ စွမ်းရည်သတ္တိတွေကို ရည်ညွှန်းပြီးတော့ပဲ အနာထပိဏ်နတ်သားက-
ကိလေသာငြိမ်းအေးမှုဂုဏ်အားဖြင့်လည်း အရှင်သာရိပုတ္တရာမထေရ်မြတ်သာ အသာဆုံး အမြတ်ဆုံးရဟန်း အနှိုင်းမဲ့ရဟန်း- လို့ မြတ်စွာဘုရားရှင်ကို လျှောက်ထားခဲ့တာပါ။ မြတ်စွာဘုရားရှင်ကလည်း ဟုတ်မှန်ကြောင်း အတည်ပြုခဲ့တာပါ။
               တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရှင်က အရှင်သာရိပုတ္တရာဟာ အနှိုင်းမဲ့ရဟန်း ဖြစ်ပါတယ်လို့-
         ။။သာရိပုတ္တောဝ ပညာယ၊ သီလေန ဥပသမေန စ။ ယောပိ ပါရင်္ဂတော ဘိက္ခု၊ ဧတာဝ ဝရမော သိယာ။။- ဆိုတဲ့ စကားတော်နဲ့ အနာထပိဏ်နတ်သားရဲ့ လျှောက်ထားချက်ကို အတည်ပြုသောအားဖြင့် ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း လူသားတိုင်း အနှိုင်းမဲ့ရဟန်းဖြစ်တဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာမှတ်သားပြီး စွမ်းအားရှိသမျှ အတုယူကျင့်သုံးနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

                       🎆 🎆 🎆 🎆 🎆

                          
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

                              

                       အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
                     ✨✨✨✨✨✨✨✨✨✨

----Thaint Hanni Phyu-------

Credit: မူရင်း

No comments:

Post a Comment