Saturday, March 4, 2017

ဗောဇ္ဖျင်သုတ်

"ဗောဇ္ဖျင်သုတ်"
✿✿✿✿✿✿

"ဗောဇ္ဖျင်သုတ်ရွတ်ဖတ်ရခြင်းအကျိုး"
━━━━━━━━━━━━━
လူမမာများကို ရောဂါ သက်သာလာစေသည်။

ပျောက်ကင်းစေနိုင်သည်။( ဆေးရုံများတွင် အထူး ရွတ်သင့်သည်။ )

ပင်ရင်း ဗောဇ္ဖျင်သုတ် သုံးသုတ်ကို
တွဲ၍ရွတ်လျှင် ပို၍ ကောင်းသည်။
.
.
.
.

"ဗောဇ္ဖျင်သုတ်မြန်မာပြန်"
━━━━━━━━
၁/ ဗောဇ္ဖျင်ခုနှစ်ပါး မြတ်တရားသည် သံသရာ၌ ကျင်လည်နေကြရသော
သူတို့၏ ဆင်းရဲဒုက္ခကို သက်သာ ပျောက်ကင်းစေနိုင်သည်။ ထကြွ
သောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ် ဆုံးမနိုင်၏။
အရဟတ္တမဂ်၏ အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်ပေ၏။
.
.
.
၂/ သတ္တဝါတို့သည် ဗောဇ္ဖျင်ခုနှစ်ပါး မြတ်တရားကို ဒိဋ္ဌ သိမြင်ကြပါလျှင်
ဘဝသုံးပါးမှ ကျွတ်လွတ်ကြကုန်၏။ မြတ်ရာသို့လည်း ရောက်ကုန်၏။
ပဋိသန္ဓေ နေရသည့်ဘေး၊ အိုရသည့် ဘေး၊ နာရ သည့်ဘေး ၊
သေရသည့်ဘေးတို့ ကင်းသောနိဗ္ဗာန်သို့လည်း ရောက်ကြရကုန်၏။
.
.
.
၃/ ဆိုခဲ့ပြီးသော ဂုဏ်ကျေးဇူးတို့နှင့် သာမက အခြားသော
ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသည့်အပြင် ဆေးလည်းဖြစ် မန္တရားလည်းဖြစ်သော
ဤဗောဇ္ဖျင်သုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။
.
.
.
၎- ၅။ ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်း ဖြစ်ကုန်သော သတိ၊ ပညာ
(ဓမ္မဝိစယ)၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ ၊သမာဓိ၊ ဥပေက္ခာ၊ ဤတရား
ခုနှစ်ဖြာတို့ကို ဗောဇ္ဖျင်တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို
သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖော်ဟောကြားပေ၏။ ထိုဗောဇ္ဖျင်
ခုနှစ်ပါးတို့ကို ပွားများအပ်ကုန်၏။ ထပ်၍ထပ်၍ ပွားများအပ်ကုန်၏။
.
.
.
၆/ ဤဗောဇ္ဖျင် ခုနှစ်ပါး တရားမြတ်စွာကို ပွားများသည်ရှိသော်
တရားထူးတရားမြတ်တို့ကိုလည်း တိုးတက် သိစေနိုင်သည့် အကျိုး ရှိ၏။
ကိလေသာငြိမ်းအေးခြင်း အကျိုးလည်းရှိ၏။ အရဟတ္တမဂ်ကို ရရှိခြင်း
အကျိုးလည်းရှိ၏။ ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း
စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။
.
.
.
၇/ အခါတပါး၌ မြတ်စွာဘုရားသည် မကျန်းမာသဖြင့် ဆင်းရဲဒုက္ခ
ရောက်ရသော ရှင်မောဂ္ဂလာန်နှင့် ရှင်မဟာကဿပ မထေရ် နှစ်ပါးအား ဗောဇ္ဖျင်ခုနှစ်ပါး
တရားမြတ်စွာကို ဟောကြားတော်မူခဲ့၏။
.
.
.
၈/ ထိုမထေရ်နှစ်ပါးသည် ဗောဇ္ဖျင်တရားတော်ကို လွန်စွာနှစ်သက်ကြသည့်အတွက်
တရားနာဆဲ ခဏမှာပင် အနာရောဂါမှ သက်သာပျောက်ကင်းခဲ့ရလေသည်။
ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း
စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။
.
.
.
၉/ အခါတပါး၌ မြတ်စွာဘုရားကိုယ်တိုင် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းကို
ခံတော်မူရ၏။ ထိုအခါ စုန္ဒ မထေရ်မြတ်ကို ရိုသေစွာ ဗောဇ္ဖျင်တရား
ဟောစေပြီး မြတ်စွာဘုရား နာကြားတော်မူသည်။
.
.
.
၁၀/ ဗောဇ္ဖျင်တရားကို နှစ်လိုတော်မူ၍ ဟောသောခဏမှာပင်
အနာပျောက်ကင်းလေ၏။ ဤသို့ မှန်သော စကားကို ဆိုသဖြင့် သင့်အား
စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။
.
.
.
၁၁/ မဟာကဿပ ထေရ်၊ မဟာမောဂ္ဂလာန် ထေရ်နှင့် ဘုရားရှင်တို့အား အနာရောဂါတို့
ကင်းပျောက်ကြကုန်၏။ မဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကဲ့သို့
အနာရောဂါတို့သည် နောက်ထပ် မဖြစ်နိုင်ကြတော့ပေ။ ဤသို့ မှန်သောစကားကို
ဆိုသဖြင့် သင့်အား ထာဝရ ချမ်းသာခြင်း ဖြစ်ပါစေသတည်း ။

                         ဗောဇ္ဈင်ဂသုတ်အနက်ပြီး၏။ ။

No comments:

Post a Comment