Friday, March 31, 2017

သိကြားမင်း၏ အတိတ်ကကျင့်ဝတ်

သိကြားမင်း၏ အတိတ်ကကျင့်ဝတ်
*************************

ဝေသာလီမြို့တော် ကုဋာဂါရကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် မဟာလိမည်သော လိစ္ဆဝီမင်းသားကို အကြောင်းပြု၍
ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။

တစ်နေ့သ၌ မဟာလိသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် `အရှင်ဘုရား၊ သိကြားမင်းကို မြင်ရပါသလော´ဟု မေးလျှောက်၏။
ဘုရားရှင်က `မဟာလိ၊ ငါဘုရားသည် သိကြားမင်းကို မြင်ရ၏´ဟု ဖြေကြားတော်မူလေရာ -

`အရှင်ဘုရား၊ အရှင်ဘုရားမြင်ရသော သိကြားမင်းသည် သိကြားမင်းအတု ဖြစ်ရာ၏။
သိကြားမင်းကို မြင်ရန် ခဲယဉ်းလှပါသည်ဘုရား´

`မဟာလိ ငါဘုရားသည် သိကြားမင်းကိုလည်းကောင်း၊ သိကြားမင်းဖြစ်ကြောင်း တရားကိုလည်းကောင်း သိ၏။

မဟာလိ၊ သိကြားမင်းသည် ရှေးအခါက လူဖြစ်စဉ်တုန်းက မာဃမည်သော လုလင် ဖြစ်ခဲ့ဖူး၏။ ထို့ကြောင့် မဃဝ ဟုလည်း ခေါ်ရ၏။

မဟာလိ၊ သိကြားမင်းသည် ရှေးအခါ လူဖြစ်စဉ်တုန်းက ရှေးဦးစွာ အလှူကို ပေးလှူခဲ့၏။ ထို့ကြောင့် ပုရိန္ဒရ ဟုလည်း ခေါ်ရ၏။

မဟာလိ၊ သိကြားမင်းသည် ရှေးအခါ လူဖြစ်စဉ်တုန်းက အလှူကို ရိုရိုသေသေ ပေးလှူခဲ့၏။ ထို့ကြောင့် သက္က ဟုလည်း ခေါ်ရ၏။

မဟာလိ၊ သိကြားမင်းသည် ရှေးအခါ လူဖြစ်စဉ်တုန်းက တည်းခိုစရာ ဇရပ်ကို ပေးလှူခဲ့၏။ ထို့ကြောင့် ဝါသဝ ဟုလည်း ခေါ်ရ၏။

မဟာလိ၊ သိကြားမင်းသည် တစ်ထောင်မကသော အကျိုးအကြောင်းကို တခဏချင်း တွေးတော ကြံစည်နိုင်၏။ ထို့ကြောင့်
သဟဿနေတ္တ ဟုလည်း ခေါ်ရ၏။

မဟာလိ၊ သိကြားမင်း၏ မယားသည် သုဇာတာ မည်သော အသုရာတို့၏ သမီးပျို ဖြစ်၏။ ထို့ကြောင့် သုဇမ္ပတိ ဟုလည်း ခေါ်ရ၏။

မဟာလိ၊ သိကြားမင်းသည် တာဝတိံသာနတ်တို့ကို အစိုးရ၏။ ထို့ကြောင့် ဒေဝါနမိန္ဒ ဟုလည်း ခေါ်ရ၏။

မဟာလိ၊ သိကြားမင်းသည် ရှေးအခါ လူဖြစ်စဉ်တုန်းက ခုနစ်ပါးသော အကျင့်တို့ကို စွမ်းနိုင်သည့် အားလျော်စွာ ကောင်းစွာ ကျင့်ခြ
င်းကြောင့် သိကြားမင်းအဖြစ်သို့ ရ၏။ ထိုကျင့်ဝတ်ခုနစ်ပါးတို့ကား -

၁။ အသက်ထက်ဆုံး မိဘကို လုပ်ကျွေး၏။

၂။ အသက်ထက်ဆုံး မိမိတို့၏ ဆွေမျိုးထဲမှ ကြီးသူတို့ကို ရိုသေခြင်း။

၃။ အသက်ထက်ဆုံး ချိချိုသာသာ ပြောဆိုခြင်း။

၎။ အသက်ထက်ဆုံး ကုန်းချောစကားကို မဆိုခြင်း။

၅။ အသက်ထက်ဆုံး ဝန်တိုခြင်းကင်းသော စိတ်ဖြင့် နေထိုင်ခြင်း။

၆။ လွတ်လွတ်ကျွတ်ကျွတ် ပေးကမ်း စွန့်ကြဲခြင်း။

၇။ အသက်ထက်ဆုံး မှန်ကန်သော စကားဆို၍ အမျက်မထွက်ခြင်းတို့ ဖြစ်ပေသည်။´

ဤသို့ မိန့်တော်မူပြီးလျှင် မဟာလိ၏ တောင်းပန်ချက်အရ မာဃလုလင် ဘဝတုန်းက ကျင့်ဝတ်တည်ဆောက်ခဲ့ပုံ အကျယ်ကို ဟော
ကြားတော်မူကာ ထိုမာဃလုလင်၏ အကြောင်းနှင့် ဆက်စပ်လျက် အထက်ပါ ဒေသနာတော်ကို ဟောကြားတော်မူလေသည်။

ဤဒေသနာတော်၏ အဆုံး၌ လိစ္ဆဝီမင်းသား မဟာလိသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

(မာဏဝ ပြုစုသော ဓမ္မပဒ မှ)

No comments:

Post a Comment