Saturday, March 4, 2017

မေတ္တသုတ်

"မေတ္တသုတ်"
✿✿✿✿✿✿

"မေတ္တသုတ် ရွတ်ဖတ်ခြင်းအကျိုး"
━━━━━━━━━━━━
ချမ်းချမ်းသာသာ အိပ်ရနိုးရစေသည်။

အိပ်မက်ဆိုးများ မမက်အောင် ကာကွယ်နိုင်သည်။

မျက်နှာကြည်လင်၍ လူချစ်လူခင် များလိမ့်မည်။

အိပ်ခါနီးဆဲဆဲမှာ ရွတ်ပြီးအိပ်လျှင် ညအခါ ဘီလူးစီးခြင်း၊ ယောင်ယမ်း၍
ထပြေးခြင်း၊ အိပ်နေရင်း အသံနက်ကြီးဖြင့် အော်ခြင်း၊ အိပ်ရာနားရှိ
တွေ့ကရာ ပစ္စည်းတို့ဖြင့် ယောင်ယမ်းပြီး ပစ်ပေါက်ခြင်း စသည်တို့ ကင်းသည်။
ထိုသို့ဖြစ်တတ်သူများသည် အထူးတလည် မေတ္တသုတ်ကို ရွတ်သင့်ပေသည်။
.
.
.
.

"မေတ္တသုတ် မြန်မာပြန်"
━━━━━━━━━━
၁/ မေတ္တသုတ်၏ အာနုဘော်ကြောင့် ဘီလူး၊ ဘုမ္မစိုးတို့သည် ကြောက်မက်ဖွယ်ကောင်းအောင်
ရုပ်အဆင်းကို ဖန်ဆင်း၍ လူတို့အား မပြဝံ့ကြကုန်။ မေတ္တသုတ်တော်ကို
ညဥ့်အခါ၌၎င်း၊ နေ့အခါ၌၎င်း မပျင်းမရိ ရွတ်ဖတ်လေ့ရှိသောသူသည် -
.
.
.
၂/ အိပ်သောအခါ ချမ်းသာစွာ အိပ်ရလေ၏။ အိပ်ပျော်နေစဉ်၌လည်း
အိပ်မက်ဆိုးကို မမြင်မက်နိုင်။ ဤသို့သော ကျေးဇူးဂုဏ်နှင့် ပြည့်စုံသော
မေတ္တသုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။
.
.
.
၃/ အကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်စွာသော နိဗ္ဗာန်သို့
ဉာဏ်ဖြင့် သက်ဝင်ခြင်းကို ပြုရာသည်။ ပြုနိုင်စွမ်း ရှိသူလည်း ဖြစ်ရာ၏။ ကောင်းစွာဖြောင့်မတ်ရာ၏။ပညာရှိတို့ ဆိုလွယ် ဆုံးမလွယ်သူလည်း
ဖြစ်ရာ၏။ နူးညံ့ သိမ်မွေ့ရာ၏။ မာန်မာန မထားရာ။
.
.
.
၎/ ရောင့်ရဲလွယ်ရာ၏။ သူတပါးတို့က ပြုစုလွယ်၊ မွေးမြူလွယ်သူမျိုး
ဖြစ်ရာ၏။ ကိစ္စနည်းစေရာ၏။ အသက်မွေးမှု ပေါ့ပါးခြင်း ရှိရာ၏။
မျက်စိ စသော ဣနြေ္ဒ တည်ငြိမ်မှု ရှိရာ၏။ အမူအရာ မကြမ်းတမ်းစေရာ။
ဒါယကာများ ဆွေမျိုးများ၌ သံယောဇဉ် ညှိတွယ်လွန်းခြင်း မဖြစ်စေရာ။
.
.
.
၅/ ပညာရှိတို့ ကဲ့ရဲ့ဖွယ်ဖြစ်သော မကောင်းမှု တစုံတခုကို
အနည်းငယ်မျှပင် မပြုမကျင့်ရာ။ သတ္တဝါခပ်သိမ်း ချမ်းသာကြပါစေ။
ဘေးမရှိပါစေနှင့်။ ကိုယ်၏ချမ်းသာခြင်း၊
စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
.
.
.
၆/ အသက်ရှူရှိက်သော သတ္တဝါအားလုံး၊ ထိတ်လန့်လွယ်သော
သတ္တဝါအားလုံး၊ တည်ကြည်သော သတ္တဝါအားလုံး၊ ကိုယ်ခန္ဓာရှည်သော
သတ္တဝါအားလုံး ၊ ကြီးသော သတ္တဝါအားလုံး၊ မတိုမရှည် မကြီးမငယ် အလယ်အလတ်ဖြစ်သော သတ္တဝါ၊ ပုသော တိုသော
သတ္တဝါ၊ ပိန်သော ကြုံသော သတ္တဝါ ၊ ဆူသော ဖြိုးသော သတ္တဝါ။
.
.
.
၇/ မျက်စိဖြင့်မြင်နိုင်သော သတ္တဝါ၊ မျက်စိဖြင့် မမြင်နိုင်သော သတ္တဝါ၊
အဝေးမှာရှိသော သတ္တဝါ၊ မနီးမဝေးမှာရှိသော သတ္တဝါ၊ ဖြစ်ပြီးသော
သတ္တဝါ၊ နောင်ဖြစ်လတ္တံသော သတ္တဝါ၊ ဆိုခဲ့ပါ
သတ္တဝါအားလုံးသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေကုန်သတည်း။
.
.
.
၈/ တယောက်နှင့် တယောက် အမျက်ဒေါသ မထွက်ရာ၊ အလုပ်ကိစ္စ
တခုခုနှင့် စပ်လျဉ်း၍ တယောက်ယောက်ကို ချုပ်ချယ်သောစကား
မပြောရာ၊ မုန်းတီးသောစိတ်ဖြင့် အမှတ်မထားရာ၊
အနည်းငယ်မျှ မထီမဲ့မြင် မထင်ကောင်း၊ အချင်းချင်း
တစ်ယောက်နှင့်တစ်ယောက် ဆင်းရဲဒုက္ခကို အလို မရှိသင့်ပေ။
.
.
.
၉/ အမိသည် မိမိဝမ်း၌လွယ်၍ မွေးရသော တဦးတည်းသောသားကို
အသက်လောက် ချစ်မြတ်နိုး၍ အစဉ်မပြတ် စောင့် ရှောက်သည့်နည်းတူ သတ္တဝါအားလုံးတို့အပေါ်၌ အတိုင်းမသိ
ကြီးမားသော မေတ္တာစိတ်ကို ပွားများရာ၏။
.
.
.
၁၀/ အထက်အောက် ဘေးဘီ အရပ်မျက်နှာအားလုံး အကျဉ်းအမြောင်းမရှိ၊
အတွင်းရန် အပြင်ရန်မရှိ၊ အတိုင်းမသိ မြတ်နိုးတတ်သော မေတ္တာစိတ်ကို
ပွားများစေရာ၏။
.
.
.
၁၁/ အိပ်ငိုက်သောအခါမှတပါး မတ်တပ်ရပ်စဉ်ဖြစ်စေ၊
လမ်းလျှောက်သွားနေစဉ်ဖြစ်စေ၊ ထိုင်နေစဉ် ဖြစ်စေ၊ လဲလျောင်းနေစဉ်ဖြစ်စေ အမြဲမပြတ်သတိချပ်လျက် မေတ္တာပို့နေရာ၏။
ယင်းသို့ မေတ္တာစိတ်နှင့် အမြဲမပြတ်နေခြင်း၊ ထိုင်ခြင်းကို
“မြတ်သောနေခြင်း”ဟူ၍ ဤဂေါတမဘုရား သာသနာတော်၌ ဆိုကြလေပြီ။
.
.
.
၁၂/ မှားသောအယူဝါဒကို လက်မခံဘဲ ကိုယ်ကျင့်သီလ ရှိစေရာ၏။
မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံစေရာ၏။ ကိလေသာအာရုံ ကာမဂုဏ်တို့၌
တပ်နှစ်သက်ခြင်းကို ပယ်ဖျောက်ရာ၏။ ဤသို့သော လူမျိုးသည် မိခင်ဝမ်း၌
တဖန် ပဋိသန္ဓေ မနေရတော့ပေ။ ဝဋ်ဘဝ ချုပ်ငြိမ်း၍ နိဗ္ဗာန်ချမ်းသာသို့
ရောက်ပေလတ္တံ။

                       မေတ္တသုတ် အနက်ပြီး၏ ။

No comments:

Post a Comment