Saturday, April 22, 2017
အေစီ ဒီစီနှင့် ဘက်ထရီအကြောင်း
အေစီ ဒီစီနှင့် ဘက်ထရီအကြောင်း
      ==================
       အခြေခံ ပြည့်ဝနေသူများကို မရည်ရွယ်ပဲ သာမန်ဗဟုသုတများ ရှာဖွေနေသူတို့အတွက်
သိထားသင့်သော လျှပ်စစ် အကြောင်း အရာနှင့်
တစ်ချို့သူတို့ မှားယွင်းစွာ ယူဆထားမှု ဘက်ထရီအသုံးပြုပုံကို သိရှိသဘောပေါက် စေရန် တင်ပြလိုက် ပါသည်။
          လျှပ်စစ်သည် (၂) မျိုးရှိပါသည်
၁။ အေစီ AC လျှပ်စစ်
၂။ ဒီစီ DC လျှပ်စစ်ဟူ၍ (၂ ) မျိုးရှိပါသည်။
၁။ AC ဟူသည် ( Alternating Current=အော်လ်တာနတ်တင်း ကာရန်း)
ဖက်ပြောင်း ဖက်ပြန် စီးဆင်းသည်ဟု အဓိပ္ပါယ်
ရသည်။
၂။ DC ဟူသည် ( Direct Current                 ဒိုက်ရိုက် ကာရန်း ) တိုက်ရိုက် တစ်ဖက်သက်
စီးဆင်းသည်ဟု အဓိပ္ပါယ် ရသည်။
     ထပ်၍ ရှင်းပြပါမည်  AC လျှပ်စစ်၏ ဖက်ပြောင်း ဖက်ပြန် စီးဆင်းခြင်းဟူသည်  ဥပမာ ဝါယာကြိုးတစ်ခု တွင်
အနီ အမည်းဟူ၍ သင်္ကေတ ပေးထား
ပါသည် အနီသင်္ကေတကို အပေါင်းလက္ခဏာ
(အဖို)ဟု သတ်မှတ်ထားပါသည်။
အမည်းသင်္ကေတကို အနှုတ်လက္ခဏာ(အမ)
ဟု သတ်မှတ်ထားပါသည်။
သတ်မှတ်ချက်ထားပါသော်လည်း အေစီလျှပ်စစ်
၏ ဖက်ပြောင်း ဖက်ပြန် စီးဆင်းခြင်းသည် ဝါယာ အနီဖက်တွင် (အမဖြစ်လိုက် အဖိုဖြစ်လိုက် အမဖြစ်လိုက် အဖိုဖြစ်လိုက်)
စသည်ဖြင့် တစ်စက္ကန့်လျှင် အကြိမ်(၅၀ မှ ၆၀)
အထိ ဖြစ်ပေါ်သည်။ ၄င်းဖြစ်ပေါ်ခြင်းကို
ကြိမ်နှုန်းဟူ၍ ခေါ်သည် 50Hz 60Hz
ဟု သင်္ကေတသတ်မှတ်ထားသည်။
  ဝါယာအမည်းဖက်တွင်လည်း (အမဖြစ်လိုက် အဖိုဖြစ်လိုက် အမဖြစ်လိုက် အဖိုဖြစ်လိုက်)
စသည်ဖြင့် တစ်စက္ကန့်လျှင် အကြိမ်(၅၀ မှ ၆၀)အထိ ဖြစ်ပေါ်နေခြင်းကို ဖက်ပြောင်း
ဖက်ပြန် စီးဆင်းသည်ဟု ခေါ်ပါသည်။
အေစီလျှပ်စစ် စီးသွားပုံကို အောက်ပါသင်္ကေတ
ဖြင့် ပြသပေးထားသည်
အနီကြိုး    + _ + _ + _ + _ + _ + _
အမည်းကြိုး _+ _ + _ + _ + _ + _ +
အထက်ပါ သင်္ကေတတွင် အထက်ကြိုး၌
အဖိုဖြစ်နေချိန်တွင် အောက်ကြိုး၌ အမဖြစ်နေသည်
အောက်ကြိုး၌ အဖိုဖြစ်နေချိန်တွင် အထက်ကြိုး
၌ အမဖြစ်နေသည် ဤအခြင်းအရာ၏
အပြန်အလှန် ဆန့်ကျင်ဖက် တစ်လှည့်ကျစီ စီးထွက်ခြင်းကို အေစီလျှပ်စစ်ဟုခေါ်သည်။
              နားလည်အောင် ပြောရပါလျှင်
အင်ဂျင်စက်သုံး၍ ဂျင်နရေတာဖြင့်
(ဒိုင်နမိုဖြင့်)ပေးလွှတ်ရသော လျှပ်စစ်နှင့်
အင်ဗာတာဖြင့်ပေးလွှတ်ရသော လျှပ်စစ်ကို အေစီ AC လျှပ်စစ်ဟုခေါ်သည်။
     ဒီစီ DCလျှပ်စစ်သည် တိုက်ရိုက် တစ်ဖက်သက် စီးဆင်းသည် ဘက်ထရီအိုး ဓါတ်ခဲ စသည်တို့မှ စီးထွက်လာသော ပါဝါအားကို ဒီစီလျှပ်စစ်ဟုခေါ်သည်။ ယခု အသုံးပြုနေကြသော ဆိုလာ
ပြားမှ ထွက်ရှိလာသော အားသည်လည်း
ဒီစီလျှပ်စစ်ဖြစ်သည်။
      ဒီစီလျှပ်စစ်သည် တစ်ဖက်မှ အဖိုဖြစ်၍
တစ်ဖက်မှ အမဖြစ်သည် ဤနည်းအတူ
စက္ကန့်တိုင်း ပြောင်းလဲမှုမရှိပဲ အမသည်
အမအတိုင်း အဖိုသည် အဖိုအတိုင်း တိုက်ရိုက်စီးဆင်းခြင်းကို ဒီစီလျှပ်စစ်ဟု ခေါ်သည်။
     ဒီစီ အေစီ လျှပ်စစ်တို့ စီးဆင်းတတ်သော
လမ်းကြောင်းသည် ရွှေ ငွေ ဒန် သွပ် ခဲ သံ စတီး ကြေး ရေ စသည်တို့နှင့် စိုစွတ်သော နေရာ သစ်စိမ်း ဝါးစိမ်းတို့သည် လျှပ်စစ်စီးဆင်းတတ်သော  လမ်းကြောင်း ဖြစ်သည်။
      လျှပ်စစ် စီးဆင်းမှု အကောင်းဆုံးအရာမှာ ရွှေဟု သိရပါသည်။ ဗို့အားများလာလေ
လျှပ်စစ်စီးနှုန်း များလာလေဖြစ်သည်။
ဗို့အားနည်းလျှင် အဝေးသို့ မစီးနိုင်ပါ။
1. Voltage ဗို့တစ်ဂ်ျ = လျှပ်စစ်စီးနှုန်း
2.Ampere အမ်ပီယာ=လျှပ်စစ် ဖိအား
3.Watt ဝပ် = လျှပ်စစ်စားသုံးမှု ဆွဲအား
      ဤသတ်မှတ်ချက်များသည် လျှပ်စစ်
အရေအတွကကို တိုင်းတာသိရှိရန်  အဓိကအရေးပါသော အချက်ဖြစ်ပါသည်
         မြန်မာနိုင်ငံ၏ လျှပ်စစ်သုံး သတ်မှတ်   ချက်မှာ အေစီ ၂၂၀ ဗို့အားဖြစ်သည်။ မည်သည့် လျှပ်စစ်ပစ္စည်းမဆို ၂၂၀ ဗို့အား ထက် ပိုလာလျှင် သုံးနေသောပစ္စည်းမှာ လောင်ကျွန်း ပျက်စီးနိုင်သည်
    တစ်ချို့လျှပ်စစ်ပစ္စည်းမှာ 220V မှ 240V
260V ထိ ခံနိုင်ရည်ရှိအောင် ထုပ်လုပ်ထား
သည် ပစ္စည်းဝယ်လျှင် ရွေးချယ်ဝယ်ယူတတ်ဖို့
သာ အရေးကြီးသည်။
      မိုင်ပေါင်းများစွာဝေးသော အရပ်ဒေသ
သို့ လျှပ်စစ်ပို့လွှတ်သောအခါ ဗို့အားများများဖြင့်
ပို့လွှတ်ရသည်။ တစ်ချို့နေရာများတွင်
11000 KV တစ်သောင်းတစ်ထောင်
ကီလိုဗို့ဟု သိရသည်။
ဗို့အားလျှော့ချ၍ တီဗွီ မီးပူ ရေခဲသေတ္တာ လေပင်ကာစသော ပစ္စည်းများ သုံးနိုင်အောင်   220V ဖြင့် ရပ်ကွက်ဒေသသို့ ဖြန့်ဖြူးးပေးသည်။
     ဘက်ထရီအားဖြည့်ု အားသွင်းသည်ကို
ကျေးလတ်ဒေသ အချို့မှာ ဆီဖြည့်သည်ဟု
ခေါ်ကြသည်
ဤနေရာ၌ အားဖြည့်သည်ဟု သုံးနှုံးပါမည်
    အားဖြည့်လိုလျှင်
က။ အဖြည့်ခံ ဘက်ထရီဗို့အားထက် 
     ဖြည့်ထည့်မည့်ဗို့အားက အနည်းငယ်
     ပိုများနေရပါမည်။ ဥပမာ ၁၂ ဗို့
     ဘက်ထရီကို ၁၄ ဗို့ ၁၅ ဗို့ဖြင့် အားဖြည့်ရ
      သည်။ ဆိုလာပြားထွက်အားဗို့သည်
      ၁၈ ဗို့မှ ၂၀ ဗို့ထိရှိသည်။ 
ခ။ ဒီစီလျှပ်စစ်ကို ဒီစီလျှပ်စစ်ဖြင့်သာ အားဖြည့်
    ရပါမည်။
ဂ။ ဒီစီလျှပ်စစ်ကို အေစီလျှပ်စစ်ဖြင့် အားဖြည့်
   မရပါ အားမဝင်ပါ။
ဃ။ အေစီမှ ဒီစီပြောင်းသော " ဒိုင်အုတ်''ကို
     သုံးပြီးမှသာလျှင် ဒီစီအချင်းချင်းဖြစ်သွား၍
     မျိုးတူစာရင်းဝင် ဖြစ်သွားသောကြောင့်
      အားဖြည့်လျှင် အားဝင်ပါမည်။
င။ ဒီစီလျှပ်စစ်ချင်းချင်း တူညီစွာ အားဖြည့်လျှင်
   လည်း အဖြည့်ခံဘက်ထရီဗို့အားနှင့်
   အားဖြည့်မည့် ဒီစီဗို့အားသည် တန်းတူဖြစ်
  နေလျှင် ၁၂ ဗို့ချင်းချင်း တူနေလျှင် အားဖြည့်
  မဝင် အားမပြည့်ပါ။
                  ဖုန်း ဓါတ်မီး ဘက်ထရီအိုး စသည်တို့ကို အားသွင်းထားစဉ် မီးပြတ်သွားသော်လည်း မေ့လျှော့၍
ကြိုး ပလပ်ဂျက် ကလိညှပ်တို့ကို မဖြုတ်ပဲ
တန်းလန်း ထားလိုက်ခြင်းသည်
ပြည့်နေသော အားတို့ကို မီးစက်မှ ပြန်ဆွဲ
စုတ်ယူသွားသည်ဟု မှားယွင်းစွာ
ယူဆနေသူများကို စာရေးသူ မကြာခဏ
တွေ့ရတတ်ပါသည်။
    လုံးဝ ပြန်မဆွဲကြောင်းကို ရဲဝံ့စွာ အာမခံပါ
သည် စာရေးသူလည်း ငယ်ငယ်တုန်းက ဤအတိုင်း မှားယွင်းစွာ ယူဆထားပါသည်။
      အကယ်၍ ပြန်ဆွဲသွားသည်ဟု သိရလျှင်
သင်၏ ဘက်ထရီမှာ အတွင်းမှ ခဲပလပ်ပြားများ ပျက်စီး၍ လျှော့ ဖြစ်မှု အက်စက်ရည်ပါဝါကျမှု အားသွင်းဆာဂျာ ဒိုင်အုတ်ပျက်စီးမှု   တစ်ခုခုကြောင့်သာ ဖြစ်ပါလိမ့်မည်။
    ဆာဂျာထဲတွင်ပါဝင်သော ဒိုင်အုတ်ကိရိယာ
သည် ကဏန်းထောင်မြှုံးနှင့်တူသည်
ကဏန်းထောင်မြှုံးသည် ဝင်သောအခါ
အသင့်သဘောဖြင့် အဝင်ရလွယ်ကူ သော်လည်း ထွက်မည့်အခါ အဆန်သ ဘောဖြင့် အထွက်ရခက်သွားအောင် တွန်းကန် ပိတ်ပင်ထားသည်။
     ဘက်ထရီအားကို အဝင်ကိုလက်ခံ၍
အထွက်ကို ပိတ်ပင် တွန်းကန်ထားခြင်းကို
"ဒိုင်အုတ်"မှ တာဝန်ယူထားသည်။
အားသွင်းနေစဉ် မီးပြတ်သွား၍ ပလပ်မဖြုတ်ပဲ
တစ်ညဥ့်လုံး ကြိုးတန်းလန်းဖြင့် မေ့ထားခဲ့ပါ
သော်လည်း လုံးဝ ပြန်မဆွဲဟု မှတ်ထား လိုက်ကြပါ။
        နောက်တစ်ခု စာရေးသူတို့ ငယ်ငယ်
တုန်းက ဘက်ထရီးအိုးကို ထမ်းလာသူသည်
ညောင်းလာပါသော်လည်း ၄င်းအိုးကို မြေသို့ လုံးဝ မချရပါ မြေသို့ ချလိုလျှင် အောက်မှ ပျဉ်
ဖိနပ် တစ်ခုခုကို အောက်ခံထားပြီးမှ  မြေသို့
ချရပါသည်။
              အကယ်၍ အောက်ခံအဖြစ် ပျဉ်
ဖိနပ်တို့ ချစရာ မရှိသောအခါ ဤအတိုင်းသာ
ဆက်လက်၍ ဒဏ်ထည့်သကဲ့သို့ ဘက်ထရီအိုးကို ဆက်လက် ထမ်းဆောင်
ထားကြရပါသည်။
          အကြောင်းမှာ ဘက်ထရီအိုးကို မြေသို့
ချထားလိုက်လျှင် အားသွင်းပြီးရှိနေသော 
အားများသည် မြေကြီးမှ အားလုံးစုတ်ယူသွား
သည်ဟု မှားယွင်းစွာ ယူဆထားကြသော
ကြောင့်ပင်ဖြစ်သည်။
         ဤအချက်ကို စာရေးသူ သဘောမကျ
ဖြစ်လာပါသဖြင့် 12 ဗို့ 70 အမ်ပီယာ ဘက်ထရီအိုးတစ်လုံးကို  ညနေမှပင် အားအပြည့် ဖြည့်ပြီးလျှင် အင်ဗာတာဖြင့် ဗို့အား
နှင့် အမ်ပီယာတို့ကို တိုင်းတာ မှတ်သားပြီး မြေခပ်ညံ့ညံ့တွင်  ဘက်ထရီအိုး တစ်လုံးခန့်
အနက် တွင်းတူး၍ အနီ အမဲ တိုင်နှစ်ချောင်း
ကို မြေနှင့်မထိစပ်အောင် ဘက်ထရီအိုးကို
မြေဖို့ထားလိုက်ပါသည်။
             နံနက် (၇)နာရီမှ ညနေ(၅)နာရီထိ ၁၀ နာရီကြာအောင် မြေတွင် နစ်မြုတ်
ထားပါသော်လည်း ပြန်ဖေါ်၍ စမ်းသပ်လိုက်
သောအခါ သတ်မှတ်ထားခဲ့သောဗို့အား  တစ်မှတ်မျှပင် ကုန်ခန်းမှု မရှိသည်ကို လက်တွေ့သိရှိရပါသည်။
          မြေသို့ချ၍ အားကုန်ခန်းသွားမည်ဆို
ပါက သာမန်သွေ့ခြောက်သောမြေထက်
ညံ့သောမြေနေရာတွင် ချထားခြင်းက ပို၍ပင် ဆွဲငင်သွားမည်ဖြစ်သည် ချထားသည်ထက် မြှုတ်နှံထားခြင်းက ပို၍ ပို၍ပင် ဆွဲငင်သွား ပါလိမ့်မည် ယခုမူကား တစ်ဗို့မျှထိပင် ကုန်ခန်းသွားခြင်းမရှိသည်ကို တွေ့မြင်
သိရှိ ရလိုက်ပါသည်။
       ကဲ့……စာဖတ်ပရိသတ်များ ရှင်းသွားကြ
ပြီ မဟုတ်ပါလား လက်တွေ့ပြူလုပ် စမ်းသပ်
ချက် တစ်ခုပါ။
            အား မကုန်ခန်းရခြင်းအကြောင်းမှာ
ပျော့ညံ့ စိုစွတ်သောမြေသည် ( +  -  )
အပေါင်း အနှုတ် ဘက်ထရီတိုင်
နှစ်ချောင်းကို မထိသောကြောင့် လျှပ်စစ်
မစီးနိုင်ပါ အကယ်၍သာ ဘက်ထရီတိုင်
နှစ်ချောင်းကို စိုစွတ်သောမြေ ထိစပ်နေမည်ဆိုပါလျှင် လျှပ်စစ်စီးနေ၍ ရှော့ကူးနေမည် တိုင်နှစ်ချောင်း၏
အလယ်မြေညံ့ သို့မဟုတ် ရေသည် မသိမသာ
အပူသဘောသို့သက်ရောက်သွား၍ အားကုန်ခန်းသွားမည်ဖြစ်သည်။
       ဘက်ထရီမှ အပူသဘောသို့ သက်ရောက် ခြင်းဖြင့်သာ အားကုန်ခန်းသွား
သည်မဟုတ် အောက်ပါ အချက်အလက်များ
တွင် တစ်ခုခု အသုံးပြုလျှင် ဘက်ထရီအား ကုန်ခန်းသွားပါမည်။
၁။ အလင်း
၂။ အသံ
၃။ အပူ
၎။ သံလိုက်
၅။ တွန့်ကန်လှုပ်ရှားမှု
၆။ ဘက်ထရီအိုးအတွင်း
     ခဲပလပ်ပြားများ ရှော့ဖြစ်မှု
          အထက်ပါ အချက်အလက် (၆)
ချက်တို့တွင် တစ်ချက်ချက်ဖြင့် အသုံးပြုပြီးမှသာ
ဘက်ထရီ အားကုန်ခန်းသွားမည်ဖြစ်သည်။
            ဤသို့မဟုတ်လျှင် မြေမှာပင်ချထား
ပါစေ အားကုန်သွားဖို့အကြောင်း လုံးဝမရှိနိုင်ပါ
ဖြည့်အား လုံးဝ မကုန်နိုင်ကြောင်းကို အာမခံ
ပါသည်။
           တစ်ချို့သောသူများသည် ယနေ့ထက်ထိအောင် ဘက်ထရီအိုးကို   မြေမှာ မချရဟူသော အလေ့ကျင့် ရှိနေကြပါသေးသည်။
          ထိုကြောင့် ဘက်ထရီအိုး ဖုန်း ဓါတ်မီး
စသည်တို့ကို အာဖြည့်ထားစဉ် မီးပြတ်သွား၍
ပလပ်မှ ပြန်မဖြုတ်မိပဲ တစ်ညလုံးထားခဲ့ပါသော်လည်း အားပြန်၍
မထွက်သွားနိုင်ပါ ဘက်ထရီအိုးကို မြေမှာချ
ထားသော်လည်း အားပြန်၍ မကုန်ခန်းနိုင်ပါဟု
အသိပေး တင်ပြလိုက်ရခြင်းဖြစိပါသည်။
Electronic ပညာရှင်ကြီးများအတွက် မဟုတ်ပါ။ သာမန်ဗဟုသုတ ရှာမှီးနေသူများ
သို့သာ တင်ပြခြင်းဖြစ်ပါသည်။
သင် ဖတ်ရှုပြီးလျှင် တခြားသူများကိုလည်း
မျှဝေပေးခြင်းဖြင့် အသိပညာဒါနပြုလိုက်ပါ။
#cd U Pan ShweChaung
MoeHeine
Credit: Original upload
No comments:
Post a Comment