Saturday, April 22, 2017

ဗီဇနဲ့ ပတ်ဝန်းကျင်

ဗီဇနဲ့ ပတ်ဝန်းကျင်
~~~~~~~~~~~~
"ဒီအမျိုးက မွေးရင်တော့ ဒီိအချိုးပဲလာမှာပဲ"တဲ့။

ဟုတ်တယ်။ လူမှာ ဗီဇဆိုတာ ရှိတယ်။ ဗီဇပါလာရင် အတော့်ကို ပြင်ရခက်တယ်။ အကောင်းဗီဇဆိုရင်တော့ ပြဿနာမရှိဘူး။ မကောင်းတဲ့ ဗီဇပါလာလို့ကတော့ ပြင်လည်းခဏပဲ။ "ခွေးမြီးကောက် ကျည်တောက်စွတ်"သလို စွတ်တဲ့အခိုက်ပဲဖြောင့်တာ၊ ချွတ်လိုက်တာနဲ့ ပြန်ကောက်သွားတော့တာပါပဲ။

ဒါပေမယ့် ဗီဇကို ပတ်ဝန်းကျင်ကတော့ အထိုက်အလျောက် ပြောင်းစေတတ်တယ်။ ဗီဇမကောင်းပေမယ့် ပတ်ဝန်းကျင်ကောင်းရင် ကောင်းတဲ့ဘက်ကို အတော်အသင့် ပြောင်းသွားတတ်သလို ဗီဇဘယ်လောက်ပဲကောင်းကောင်း ပတ်ဝန်းကျင် မကောင်းရင်လည်း မကောင်းတဲ့ဘက်ကို ပါသွားတတ်တယ်။

ပတ်ဝန်းကျင်ဆိုတာ နေရာ၊ ပုဂ္ဂိုလ်၊ အကြောင်းတရား စသဖြင့် ဆက်စပ်နေတာဖြစ်ပါတယ်။ အကောင်းဖြစ်ဖို့၊ အကောင်းပြောင်းဖို့နဲ့ မကောင်းဖြစ်ဖို့၊ မကောင်းပြောင်းဖို့ဆိုတာ ဒီပတ်ဝန်းကျင်တွေရဲ့ သက်ရောက်မှုတွေလည်း ပါဝင်နေပါတယ်။  အဓိကကတော့ ကိုယ်ကိုယ်တိုင်ရဲ့ ပြုပြင်လိုတဲ့စိတ်က အဓိကပါပဲ။ ဗုဒ္ဓစာပေတွေမှာတော့ ကုသိုလ်ဖြစ်ကြောင်းတရားတွေကို ဖော်ပြထားပါတယ်။
၁။ ပတိရူပဒေသဝါသ = သင့်လျော်တဲ့အရပ်ဒေသဖြစ်ခြင်း
၂။ သပ္ပုရိသူပနိဿယ = သူတော်ကောင်း၊ ကောင်းတဲ့သူကို အမှီပြုရခြင်း
၃။ သဒ္ဓမ္မဿဝန = သူတော်ကောင်းတရား၊ အကောင်းစကား ကြားနာရခြင်း
၎။ ယောနိသော မနသိကာ = နှလုံးသွင်းမှန်ခြင်း၊ အကုသိုလ်မဖြစ်အောင် တွေးတတ်ခြင်း
၅။ ပုဗ္ဗေစ ကတပုညတာ = အတိတ်အကြောင်းကောင်းခြင်း ဆိုတဲ့ ဒီအကြောင်းတရား (၅)ပါးဟာ ဘဝကောင်းဖို့အတွက် အကောင်းဆုံး အကြောင်းတရား ပတ်ဝန်းကျင်ပဲဖြစ်ပါတယ်။ ဒီအကြောင်းတရားတွေရဲ့ ဆန့်ကျင်ဘက်တွေကတော့ မကောင်းတဲ့ပတ်ဝန်းကျင်၊ မကောင်းတဲ့အကြောင်းတရား၊ အကုသိုလ်ဖြစ်စရာတွေပဲ ဖြစ်ပါတယ်။

ဆိုလိုတာက လူတစ်ယောက် ကောင်းခြင်းမကောင်းခြင်းဆိုတာ ဗီဇနဲ့ပတ်ဝန်းကျင်ဆက်စပ်နေတတ်ပြီး ဗီဇကောင်းကို ပတ်ဝန်းကျင်ကောင်းနဲ့ ထိမ်းကျောင်းပေးမှသာ ကောင်းမြတ်တဲ့ ဘဝဖြစ်စေမှာ ဖြစ်သလို ဗီဇကောင်းပေမယ့် ပတ်ဝန်းကျင် မကောင်းရင်လည်း ထင်သလောက် မပြောင်းလာတာမျိုး၊ ဗီဇမကောင်းပေမယ့် ပတ်ဝန်းကျင်ကောင်းပါက အလွန်အကျွံ ဆိုးသွားတာမျိုး မဖြစ်နိုင်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ်ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ကောင်း ရှိဖို့ပါပဲ။

ဒါကြောင့် ဘဝကောင်းဖို့နဲ့ ဗီဇကောင်းဖို့အတွက် နေရာ၊ ပုဂ္ဂိုလ်၊ အကြောင်းတရားစတဲ့ ပတ်ဝန်းကျင်ကောင်းနဲ့ ပြုပြင်မှုကောင်းအောင် ကြိုးစားရင်း ကုသိုလ်ဖြစ်ကြောင်း အကြောင်းကောင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြုပြင်နိုင်ကြဖို့ပဲ ဖြစ်ပါတယ်။

နေရာလည်းကောင်း
အမှီကောင်း၍
အကောင်းလည်းနာ
အကြောင်းပါ
မှန်စွာကုသိုလ်ဖြစ်ကြောင်းတည်း။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ

Credit: Original upload

No comments:

Post a Comment