Thursday, April 13, 2017

"အစမထင်၍ အဆုံးသို့သော်"

"အစမထင်၍ အဆုံးသို့သော်"

တဏှာ ရှိနေသေးသ၍ ဘုန်းကြီးတို့ဟာ
သံသရာထဲမှာ လည်နေဦးမှာပဲ။လည်ဒါမှ ဘယ်လောက်
ကြောက်စရာကောင်းသလဲဆိုရင်
ကိုယ့်ဟာကိုယ် ဘဝတွေ မှတ်မိနေမယ်ဆိုရင်
လူတွေဟာ ဘဝကို
စိတ်ပျက်သွားကြမှာပဲ။ဘဝဟာ ဒုက္ခတွေ
အင်မတန်မှ ခံရလို့ သေခြင်း ဆင်းရဲဆိုတဲ့ ဒုက္ခခံလိုက်ရတဲ့အခါမှာ
လူတွေဟာမေ့သွားတယ်။မေ့သွားသည့်အတွက်ကြောင့်
မကြောက်ပဲ ဘဝမှာပျော်နိုင်တာပေါ့လေ။
ဒုက္ခကို မေ့သွားလို့ပျော်တာ။
အကယ်၍သာ ဒုက္ခတွေဟာ television ထဲမှာပေါ်နေသလို
တစဉ်တတိုက်ကြီးတာ ပေါ်ပြီး ဘယ်တော့မှ
မပျောက်ဘူးဆိုရင် လူတွေ ဘယ်လောက်ကြောက်ကြမလဲ။
ကဲ ဘုန်းကြီးတို့ ကိုယ့်ဘဝကို မသိနိုင်ရင်
မြတ်စွာဘုရားလက်ထက်က ဘိက္ခူနီမလေးတစ်ယောက်ရဲ့
ဘဝကို ကြည့်ကြည့်ရအောင် ။

ကိုယ့်ဘဝတော့ ကိုယ်မသိနိုင်ကြသေးဘူး။
အေးဘိက္ခူနီမလေးရဲ့ ဘဝကို ကြည့်မယ်ဆိုရင်
သူ့ဘဝက ဘယ်က စတာလဲဆိုတော့ သူဟာ
  အစမထင် သံသရာတစ်ခွင်က စပြီးတော့
သူဟာ သတ္တဝါတစ်ဦးအနေနဲ့ လောကမှာ ပေါ်ထွန်းလာတာပဲ။
သို့သော် သူ့ဘဝကို စပြီးတော့
သိရှိရတဲ့အချိန်ဟာ အနေအထားတစ်ခုဟာ အင်မတန်မှ
တုန်လှုပ်စရာကောင်းတယ်ပေါ့။မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်က ရာဇဂြိုဟ်မြို့မှာ
ဝေဠုဝန်ကျောင်းတော်ကြီးမှာ သတင်းသုံးတယ်။
မနက်ပိုင်းမှာ ထုံးစံအတိုင်း ရာဇဂြိုဟ်မြို့ထဲ
ဆွမ်းခံကြွတယ်။

မြို့ထဲ ရွာထဲသွားရင် ဝက်တွေ ကြက်တွေ
တွေ့မှာပေါ့။အဲ့ဒီမှာ လမ်းမှာ ဝက်မတစ်ကောင်
ဘုရားရှေ့က ဖြတ်သွားတာကို ဘုရားက
မြင်လိုက်တယ်။ အဲ့ဒီဝက်မကို ကြည့်ပြီးတော့
ဝက်မမြင်လိုက်တာနဲ့ မြတ်စွာဘုရားက
သူ့ဟာသူ သိတာမဟုတ်ဘူး ဒီဝက်မလေးကို
ကြည့်လိုက်တဲ့အခါကျတော့ ပုဗ္ဗေနိဝါသနုဿတိအဘိဉာဏ်
ဘုရားဆိုတာ ကိုယ်သိချင်ရင် ချက်ချင်း ဝင်စားလို့ရတယ်။
စွမ်းရည်သတ္တိက အင်မတန်ထက်တယ်။

ဝက်မကိုမြင်လိုက်တာနဲ့ သူဘယ်က
လာတာတုန်းဆိုပြီး ကောက်ကြည့်တော့ မြင်တယ်။
မြတ်စွာဘုရားရဲ့ အသိဉာဏ်ထဲမှာ
အင်မတန်မှ ထူးခြားတဲ့ သူ့ရဲ့ဘဝဖြစ်စဉ်ဟာ တသီတစ်တန်းကြီး
ပေါ်လာတယ်။ဒါ့ကြောင့်မို့လို့ ဝက်မလေးကို
မြင်လိုက်တဲ့အခါမှာ မြတ်စွာဘုရားက
ပြုံးမိတယ်။ သူ့ရဲ့ ဘဝဖြစ်စဉ်တွေကို
တွေ့တော့ ပြုံးတာ။ဘဝဆိုတာ တစ်ခုနဲ့ တစ်ခု မတူဘူး။

ထူးထူးခြားခြားဘဝတွေဟာ အင်မတန်မှ
ကြောက်စရာလည်းကောင်းတယ် စိတ်ပျက်စရာလည်းကောင်းတယ်။
အဲ့ဒီဝက်မကို မြင်ပြီး မြတ်စွာဘုရားက
ပြုံးလိုက်တော့ အရှင်အာနန္ဒာကမေးတယ် အရှင်ဘုရား
ဘာကြောင့်ပြုံးတာတုန်း ဘုရားဆိုတော့ ။ဒီနေရာမှာ
မြတ်စွာဘုရား ပြုံးတယ်ဆိုတာ ဘုရားက ရှေ့ကကြွတယ်။
အရှင်အာနန္ဒာက နောက်က လိုက်တယ်။ဘုရားပြုံးတာ
ဘယ်လိုသိတုန်းလို့ စဉ်းစားမိကြလိမ့်မယ်။

မြတ်စွာဘုရားဆိုတာ အင်မတန်မှ ပြုံးခဲတယ်။ပြုံးလိုက်ပြီးဆိုရင်
မြတ်စွာဘုရားရဲ့ သွားတော်တွေ စွယ်တော်တွေဆိုတာ
အင်မတန်မှ ဖွေးဆွတ်နေအောင် ဖြူဖွေးတာ။
လှုပ်လိုက်လို့ သွားဖျားလေး ပေါ်လိုက်တာတစ်ပြိုင်နက်
ဝင်းကနဲ လက်ကနဲ ဖြစ်သွားတာ။နောက်က
လိုက်တဲ့ အရှင်အာနန္ဒာက အဲ့ဒီ ဝင်းကနဲ လက်ကနဲ
မြင်လိုက်လို့ သိတာ။

အရှင်ဘုရား ဘာကြောင့်ပြုံးတာတုန်းဆိုတော့
အာနန္ဒာ ဝက်မလေးမြင်လိုက်လားဆိုတော့
မြင်လိုက်ပါတယ်ဘုရား။
အေး အဲ့ဒီ ဝက်မလေးဟာ
ကကုဿန်ဓ မြတ်စွာဘုရား လက်ထက်တုန်းက
သူဟာ ကြက်မလေးတစ်ကောင်
ဖြစ်ခဲ့တယ်။ဝက်တို့ ကြက်တို့ဆိုတာ နီးတယ်နော်။
လူတွေ ဟင်းအိုးနဲ့ အတော် နီးတဲ့အကောင်တွေ။
အဲ့ဒီတော့ သူဟာ ကြက်မကလေးဖြစ်တဲ့အချိန်မှာ
ရဟန်းတော်တွေ ဆွမ်းစားတဲ့ ဇရပ်အနီးပေါ့လေ
ဆွမ်းစားတယ်ဆိုတဲ့နေရာမှာ
အခုခေတ်နဲ့ တွက်လို့တော့ မရဘူး။ရဟန်းတော်တွေက
တောရကျောင်းမှာ သီတင်းသုံးကြတာဆိုတော့

မြို့ထဲမှာ ဆွမ်းခံ ဒီဆွမ်းတွေ ဟင်းတွေကို သယ်ပြီးတော့
တောထဲအထိ အောင် သွားရမယ်ဆိုရင် အတော်ဝေးတာ။
အဲ့ဒါကြောင့် ဆွမ်းခံပြီးလို့ ရှိရင် အဲ့ဒီတုန်းက မြို့ထဲတို့ မြို့
အပြင်နားတို့မှ ဇရပ်တွေ ဆောက်ထားတာ ရှိတယ်။
ကုသိုလ်လိုချင်တဲ့ ပုဂ္ဂိုလ်တွေက
ရေအိုးလေးတွေ တည်ထားတာ ရှိတယ်။ရဟန်းတော်တွေက
ဆွမ်းခံပြီးရင် ကိုယ်စားလောက်ပြီဆိုရင်
အဲ့ဒီလို ဇရပ်မျိုးကို ဆွမ်းဘုန်းပေးကြတယ်။

ကိုယ်တော်တစ်ပါးက အဲ့ဒီမှာ နေ့စဉ် ဆွမ်းဘုန်းပေးပြီးတဲ့
အခါကျတော့ ကမ္မဋ္ဌာန်း သံပေါက်ကလေးတွေ
ရွတ်တယ်တဲ့ တူပါတယ်။ဝိပဿနာ
ကမ္မာဋ္ဌာန်းနဲ့ ပတ်သက်ပြီး ကမ္မဋ္ဌာန်းသံပေါက်လေးတွေ
သံဝေဂဖြစ်ဖွယ်ရာလေးတွေ ရွတ်တော့
ခုနက ဇရပ်နားက ကြက်မကလေးက ရဟန်းရွတ်တဲ့
အသံလေးကို ကြားပြီးတယ်။ ကြားတော့ သူ့စိတ်ထဲမှာ
အကောင်းအဆိုး အကြောင်းအကျိုး နားမလည်ပေမယ့်လို့
သတ္တဝါဆိုတာလည်း နားမလည်ပေမယ့် စိတ်ထဲမှာ
ကြည်နှုးမှုဆိုတာ ဖြစ်တတ်တယ်ပေါ့။
တရားသံကို ကြားပြီး သူက စိတ်ထဲက ကြည်နူးမိတယ်။

အဲ့ဒီလို ကြည်နှုးနေတဲ့ အချိန်မှာ သူ့ဘဝဘယ်လောက်
ကံဆိုးတုန်းဆိုတော့ ကောင်းကင်ကနေ သိမ်းငှက်တစ်ကောင်ကနေ
ထိုးဆင်းလာပြီးတော့ သူ့ကို
သုတ်ချီပြီးတော့ သွားတယ်။အဲ့ဒါနဲ့
ဒီကြက်မဘဝဟာ သေဆုံးသွားရပြန်တယ်။
ကောင်းတဲ့ အာရုံလေးနဲ့ သေသွားတာ။
အဲ့ဒီလို သေသွားတဲ့ အခါမှာ သူဘယ်သွားဖြစ်တုန်းဆိုတော့
တရားသံလေးကို ကြားပြီး သေသည့်အတွက်ကြောင့်
လူ့ဘဝရောက်ပြီး ဥဗ္ဗရီ-ဆိုတဲ့ မင်းသမီးလေး သွားဖြစ်တယ်။
အဲ့ဒီမင်းသမီး ဘဝမှာ သူက သံဝေဂတွေ ရပြီးတော့
ရဗိုဇ်မပေါ့။ဝတ်ပြီးတဲ့အခါမှာ အိမ်သာတက်တဲ့အခါမှာ
ရှေးတုန်းက အိမ်သာကိုပြောတာ။
အခုခေတ်ကတော့ ရေခံထားတော့ ဘာမှ မမြင်ရဘူး။

ဘုန်းဘုန်းတို့ ငယ်ငယ်ကတော့
အဲ့ဒီလို အိမ်သာတွေ တက်ခဲ့ရဘူးတယ်ပေါ့။
အဲ့ဒီလို အိမ်သာမျိုးတွေ တက်ခဲ့ရလို့ ရှိရင်
အိုးး မစင်တစ်တုံး ဘုတ်ကနဲ ကျသွားရင်
အောက်က လောက်တွေက စားကြတာ။ဝိုင်းပြီးတော့။
အဲ့ဒီမြင်ကွင်းကို အခုခေတ်လူငယ်တွေ မြင်ဖူးချင်မှ မြင်ဖူးမှာ ။
ဘုန်းကြီးတို့ ငယ်ငယ်ကတော့ ခနခန မြင်ရတာ အဲ့ဒီမြင်ကွင်းကို။
လူ့ရဲ့ မစင်တုံးကျလို့ ရှိရင် အောက်က
ကောင်တွေက ရွရွနဲ့ ခနလေးနဲ့ပဲ ပျောက်သွားတာ။အဲ့ဒါဟာ
ကြီးမားတဲ့ အခွင့်အရေးကြီးတစ်ခု
အခုခေတ်လူတွေ လက်လွတ်ဆုံးရှုံးနေကြတာ။

အဲ့ဒီ ဥဗ္ဗရီ-ဆိုတဲ့ မင်းသမီးလေးဟာ
ပရဗိုဇ်မဝတ်ပြီး အိမ်သာတက်ရင်းကနေပြီးတော့
မစင်တုံးကို ပိုးကောင်တွေ
စားသောက်တာကို ကြည့်ပြီးတော့ ပုဠုဝကသညာ-လို့ဆိုတဲ့
အသုဘကမ္မဋ္ဌာန်းတစ်ခုကို သူပွားတာ။
အိမ်သာတစ်ခါတက်ရင် ဒီခန္ဓာကိုယ်ရဲ့ အညစ်အကြေးတွေကို
စဉ်ခြင်စဉ်းစားပေးတာတို့  ပိုးကောင်တွေမြင်တဲ့အခါကျရင်
ပုဠုဝကသညာ၊ခန္ဓာကိုယ်ကြီးတစ်ခုလုံးကလည်း
နောက်ဆုံးသေသွားတဲ့အခါမှာ ပိုးကောင်တွေ
စားသောက်ပြီး အခုလိုဖြစ်မှာပဲဆိုတဲ့ အသုဘအမှတ်သညာကို
ပွားများအားထုတ်တာကို ဆိုလိုတယ်။ကမ္မဋ္ဌာန်းအာရုံတစ်ခုပဲ။

အဲ့ဒီ ကမ္မဋ္ဌာန်းအာရုံကိုအားထုတ်လို့
သူပထမဈာန် ရသွားတယ်။သမထကျင့်စဉ်နဲ့ ပထမဈာန်ရတယ်။
ရွံစရာကောင်းတဲ့ ကမ္မဋ္ဌာန်းဖြစ်တဲ့အတွက်ကြောင့်
ဒီကမ္မဋ္ဌာန်းဟာအတွေးမပါပဲ မရပ်တည်နိုင်ဘူး။
ဒါကြောင့် ဝိတက်နဲ့ အမြဲတမ်းယှဉ်တွဲနေရတယ်။
ပထမဈာန်ထက်ပိုပြီးတော့ တက်လို့မရဘူးတဲ့။
ဒါ့ကြောင့်မို့ အဘိဓမ္မာသင်ဖူးတဲ့
ပုဂ္ဂိုလ်တွေ သိလိမ့်မယ် အသုဘကမ္မဋ္ဌာန်းပွားလို့ ရှိရင်
ပထမဈာန်ပဲ ရတယ်ဆိုတာ။ဘာဖြစ်လို့လဲဆိုရင်
သူဟာ ဝိတက်ဆိုတဲ့ အတွေးလေးပါမှ
အင်မတန်မှ စက်ဆုတ်စရာကောင်းတဲ့
အာရုံပေါ်မှာ စိတ်ကလေးက ရပ်တည်နိုင်တယ်ပေါ့။

ပထမဈာန်ရတဲ့အခါမှာ တစ်သက်လုံး ဈာန်ချမ်းသာခံစားပြီးတော့
နောက်ဆုံးသေတဲ့အခါမှာ ဘယ်ရောက်သွားလဲဆိုတော့
ဗြဟ္မာပြည်ကို ရောက်သွားတယ်။ကြည့်နော်
ကြက်ဘဝကနေ မင်းသမီး၊မင်းသမီး ဘဝကနေ
ဈာန်ရပြီးတော့ ဗြဟ္မာပြည်မှာ ဖြစ်သွားတယ်။
အဲ့ဒီမှာသူ ဗြဟ္မာပြည်က သက်တမ်းကုန်လို့
သံသရာထဲ သူပြန်ရောက်လာပြန်တယ်။
လူ့ဘဝပြန်ရောက်လာတယ်
ပြန်ရောက်လာပြီးတော့ အခု ရာဇဂြိုဟ်ပြည်လာပြီးတော့
လမ်းဘေးမှာ ဝက်မလေးပြန်ဖြစ်နေတယ်။

ကြည့်လိုက်မယ်ဆိုရင် သူ့ကိုစတွေ့တာ
ကကုဿန်ဓ မြတ်စွာဘုရားလက်ထက်တုန်းက
အဲ့ဒီမတိုင်ခင်က လူပေါ့ လူ့ဘဝကနေ ကြက်မ
ဘဝ။ကြက်မကနေ မင်းသမီးဘဝ။
ပထမဈာန်ရတဲ့အခါ ဗြဟ္မာဖြစ်။ဗြဟ္မာကနေ
သက်တမ်းကုန်ပြီး ကြားထဲမှာ သက်တမ်းတစ်ခု ဖြစ်ပြီးတဲ့အခါမှာ
အခုဝက်မ ဘဝရောက်သွားတယ်။အဲ့ဒါကို
ကြည့်ပြီးတော့ မြန်မာစကားပုံမှာ ပြောကြတာလေ။
ဗြဟ္မာပြည်မှာ တဝင်းဝင်း ဝက်စားကျင်းမှာ
တရှုံ့ရှုံ ဆိုတာ။ဗြဟ္မာဖြစ်တုန်းကတော့ ကိန်းကြီး ခန်းကြီးနဲ့
တင့်တောင့် တင့်တယ် ဝက်ဖြစ်တော့လည်း
လူတစ်ကာ စွန့်ထားတဲ့ မစင်တွေ လိုက်စားနေတယ်။
အဲ့ဒါကြောင့်ကိုယ့်ကိုယ်ကို ဘာမှ အထင်ကြီးစရာ
မရှိဘူး ဘဝတဏှာရှိနေရင်  ဒီလိုအခြေအနေမျိုးက အလွယ်လေး
ရောက်သွားမှာပဲ။

ဘဝတဏှာ မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေဟာ
ဒီအခြေအနေမျိုး လွယ်လွယ်လေး ရောက်တယ်ဆိုတာကို
သတိထားရမယ်။မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က
သတိပေးတယ်။ကိုယ့်မျက်စိအောက်မှာ မြင်ကွင်းတွေဟာ အမျိုးမျိုး
ရှိတယ်။ကောင်းတာမြင်မြင် ဆိုးတာမြင်မြင်
ကောင်းတာမြင်ရင်လည်း တို့ဒီလိုဘဝမျိုးတွေ ကြုံခဲ့ရလေပြီ။
အဆိုးတွေမြင်ရင်လည်း တို့ ဒီဘဝမျိုးတွေ
ရောက်ခဲ့လှလေပြီလို့ အဲ့လိုတာ နှလုံးသွင်းပါတဲ့။

ကြက်တွေ ကြိုးနဲ့စုချည်ပြီးတော့ မော်တော်ဆိုင်ကယ်နောက်က
ဆွဲသွားတာမျိုး ၊စက်ဘီးနောက်က တင်သွားတို့ တွေ့ရင်
တို့လည်း ဒီလိုအဆွဲခံခဲ့ရတဲ့ ဘဝတွေအများကြီးပဲလို့တာ
အောက်မေ့ပေရော။ဝက်တွေ ကြိုးနဲ့တုပ်သွားတာမြင်ရင်
တို့လည်း ဒီလိုဘဝမျိုး ခံခဲ့ရလေပြီလို့ အောက်မေ့ပါတဲ့။

အရုပ်ဆိုး အကျည်းတန်တဲ့သူတွေ့ရင်လည်း
အော် ငါလည်း သူလိုဖြစ်ခဲ့ဖူးလှလေပြီ။
ချောမောလှပတဲ့သူတွေ့ရင်လည်း ငါလည်း
ဒီလိုချောခဲ့တာပဲလို့ အဲ့ဒါ ဘဝသံသရာဆိုတာ။
ဒီလိုပဲ။သံသရာမှာ မခံစားဖူးတာဆိုတာ အင်မတန်မှာ
ရှားနေပြီ အလွန်ငြီးငွေ့ဖွယ်ကောင်းနေပြီ။
သို့သော်ဘဝတဏှာဆိုတာ
ငန်ရေသောက်တာလိုပဲ။သောက်ပြီးရင် သောက်ချင်လည်း။
အငတ်မပြေဘူးပေါ့။

ဒီအမျိုးသမီးလေးရဲ့ ဘဝကိုပဲကြည့်လေ။
ဗြဟ္မာပြည်မှာ တဝင်းဝင်းနဲ့ ဒီနေရာမှ ဗြဟ္မာကနေ တန်းပြီးတော့
ဝက်မဖြစ်ဘူးလို့ မှတ်ပါ။ဘာဖြစ်လို့လဲဆိုတော့
သူ့ကုသိုလ်ကံက အင်မတန်မှကြီးတယ်။
သမထကုသိုလ်ကံဆိုတာ စွမ်းအားထက်တယ်။
ဒါ့ကြောင့်မို့ ဗြဟ္မာပြည်က တန်းပြီးတော့ ငရဲလည်းမကျဘူး။
တိရိစ္ဆာန်လည်း မဖြစ်ဘူး အပါယ်လေးဘုံ
မရာက်နိုင်ဘူး။ကြာထဲမှာ လူဖြစ်စေ နတ့်ဖြစ်စေ ဘဝတစ်ခု
ခြားပြီးမှသာလျှင် သူက တိရိစ္ဆာန်တို့ ပြိတ္တာတို့
အသူရကာယ်တို့ ငရဲတို့ဆိုတာ ရောက်တယ်လို့
ကုသိုလ်ရဲ့ အရှိန်က အင်မတန်မှ ကောင်းတယ်ပေါ့။ဟော အဲ့ဒီလို ဝက်မလေးဖြစ်တဲ့အချိန်ကျတော့

မြတ်စွာဘုရားက ဟာအာနန္ဒာကြည့်စမ်း
ဒီဝက်မကလေးဟာ ဟိုးဘဝတွေ လှမ်းပြီးကြည့်မယ်ဆိုရင်
သူဟာ ဗြဟ္မာပြည်က ရောက်ခဲ့ဖူးတာဖြစ်တယ်ပေါ့။
ပီး မြတ်စွာဘုရားက ခုနက တရားကိုဟောတာ။
အေးဘဝတဏှာရှိနေသေးလို့ ရှိရင်
နိမ့်တုံ မြင့်တုံ သံသရာကြီးထဲမှာ ဒီလိုပဲ
ကြင်လည်ကြရမှာပဲ။ဗြဟ္မာဖြစ်လိုက် အောက်ကျ
တိရိစ္ဆာန်ဖြစ်လိုက် ငရဲရောက်လိုက်နဲ့
သံသရာထဲမှာ စုန်ချည် ဆန်ချည် ဒီလိုပဲ ခံစားနေကြရမှာတဲ့။

အဲ့ဒီတော့ ဒီဝက်မလေးဟာ နောက်ကျတဲ့အခါ
သူ့ဘဝဇာတ်ကြောင်းကို နောက်ဆုံးမှာ
သူကိုယ်တိုင်ထုတ်ဖော်တဲ့ အဆင့်ရောက်လာတယ်။သံသရာကို
ဒီလိုလည်သွားပြီးတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကလည်း
(၄၅)ဝါ သက်တော်(၈၀) ပြည့်တဲ့အခါမှာ ပရိနိဗ္ဗာန်စံသွားတယ်။
သူလည်း သံသရာဆက်ပြီး လည်သွားတယ်ပေါ့။
သို့သော် သူဟာဘယ်ဘဝမှာသွားပြီး အဆုံးသတ်သလဲဆိုရင်
ဒီကနေ့ခေါ်တဲ့  သီရိလင်္ကာနိုင်ငံ လင်္ကာဒီပ-လို့ခေါ်တဲ့။
သီဟိုဠ်ကျွန်းမှာ ဘိက္ခူနီမဖြစ်တယ်။အဲ့ဒီဘိက္ခူနီမဖြစ်တဲ့အချိန်မှာ
သူ့ဇာတ်လမ်းကို သူပြန်ပြောတာ။

အခုမြတ်စွာဘုရားနဲ့တွေ့ပြီးတော့
ဝက်မကနေ သူဘယ်ဖြစ်သွားတယ်ဆိုတာကို သူပြန်ပြောတာ။
အဲ့ဒီဝက်မလေးက ဘယ်လိုသေတယ်ဆိုတာတော့ မှတ်တမ်းမရှိဘူး။
သို့သော် ဖြစ်ဖို့ရန်များတာတော့ ဒီဝက်မဟာ
ဟင်းအိုးထဲ ရောက်တာဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့။
အဲ့ဒီဝက်မ ဘဝက သေဆုံးသွားတဲ့အခါ သူဘယ်မှာ
သွားဖြစ်တုန်းဆိုတော့ ကံရဲ့အရှိန်ပဲနော်
ဒါတွေက။ဘဝတဏှာရဲ့ ဦးဆောင်မှု၊
သူလုပ်ခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေရဲ့အရှိန် 
ယထာကမ္မံကတော-လို့ ဆိုတဲ့အတိုင်း
ကံအားလျော်စွာ လူတွေဟာ သွားလာနေကြတာ။

သံသရာထဲမှာ လည်နေကြတာ။
သူဘယ်ရောက်တုန်းဆိုတော့ သုဝဏ္ဏဘူမိဆိုတဲ့ အရပ်မှာ
အဲ့ဒီ သုဝဏ္ဏဘူမိနိုင်ငံက မင်းသမီးသွားဖြစ်ပြန်တယ်
။ကြည့်ဝက်မက အဲ့ဒီရောက်သွားပြန်ပြီ။
ဝက်ဖြစ်တုန်းကတော့ မစင်တုံးတွေ စားနေတာ။
အခုတစ်ခါ မင်းသမီးဖြစ်တော့ စိန်တွဲလွဲနဲ့ပေါ့။
နန်းတော်ပေါ် ရောက်သွားပြန်ပြီ။သံသရာထဲမှာ အဲ့ဒီလိုပဲ။

အဲ့ဒီ သုဝဏ္ဏဘူမိမှာ လာပြီးတော့ မင်းသမီဖြစ်ပြန်တယ်။
အဲ့ဒီမင်းသမီးဘဝက သေတဲ့အခါ ဘယ်ရောက်သွားပြန်လည်းဆိုတော့
ဗာရာဏသီပြန်ရောက်သွားပြန်တယ်။
ဗာရာဏသီက ဟိုးရှေးတုန်းကတည်းက ဗာရာဏသီပဲ
အခုလည်း ဗာရာဏသီပဲ။အဲ့ဒီမှာ လူဖြစ်တယ်။
တခါ ဗာရာဏသီကနေ ဘယ်ရောက်သွားတာလဲဆိုတော့
သုပ္ပါတက-ဆိုတဲ့ သင်္ဘောဆိပ်နားမှာ ရှိတဲ့မြို့လေးကို
သူရောက်သွားတယ်။အဲ့ဒီ သုပ္ပါတကမြင်းကုန်သည်ရဲ့
အိမ်မှာ သမီးသွားဖြစ်တယ်။အဲ့ဒီက သေတဲ့အခါ သူဘယ်ရောက်သွားပြန်လည်းဆိုတော့
ကာဝီရ-ဆိုတဲ့ ဆပ်ကမ်း။ဒါက အိန္ဒိယနိုင်ငံက ဆိပ်ကမ်းတွေပဲ။
ကာဝီရ-ဆိုတဲ့ ဆပ်ကမ်းရွာမှာ လှေသူကြီးရဲ့ သမီးသွားဖြစ်ပြန်တယ်။
ဒါကတော့ လူဘဝတွေကြီးပဲ သူဆက်ဖြစ်နေတာ။

အဲ့ဒီကနေသေတဲ့အခါ ဘယ်ရောက်သွားပြန်တုန်းဆိုတော့
ခုနက လင်္ကာဒီပ-သီဟိုဠ်ကျွန်းမှာ
အနုရာဓပူရ-မြို့ဆိုတာ ရှိတယ်။အဲ့ဒီ
အနုရာဓပူရမြို့  မင်းစိုးရာဇာအိမ်မှာ သွားပြီးတော့ သမီးဖြစ်ပြန်တယ်။
အဲ့ဒီက သေတဲ့အခါကျတော့ သီဟိုဠ်ကျွန်း မှာပဲ သူဆက်ဖြစ်ပြန်တယ်။အနုရာဓပူရမြို့ရဲ့ တောင်အရပ်ဖက်မှာ
ရှိတဲ့ မောဂ္ဂန္ဓ-ဆိုတဲ့ ရွာကြီးတစ်ရွာ ရှိတယ်။
အဲ့ဒီ မောဂ္ဂန္ဓ-ရွာက သုမန-ဆိုတဲ့ သူကြွယ်တစ်ရောက်ရဲ့အိမ်မှာ
သွားပြီးတော့ သမီးသွားဖြစ်တယ်။သူကိုလည်း သုမနာ-လို့ပဲခေါ်တယ်။
အဲ့ဒီမှာ မောဂ္ဂန္ဓရွာက သုမနာ-ဆိုတဲ့
သားတို့သမီးသွားဖြစ်တော့ ၊အဲ့ဒီ မောဂ္ဂန္ဓရွာကြီး ပြောင်းသွားတဲ့အခါ
သူ့အဖေက ဘယ်ပြောင်းသွားလဲဆိုတော့
ဒီဃဝါပိတိုင်း မဟာမုနိ-ဆိုတဲ့ ရွာကို
ပြောင်းပြီးနေတယ်။အဲ့ဒီ မဟာမုနိရွာကိုပြောင်းပြီး
တော့နေတဲ့အခါကျတော့ ဒုဋ္ဌဂါမဏိမင်းကြီးရဲ့ အမတ်၊
ဒုဋ္ဌဂါမဏီတို့ ဘာတို့ဆိုတာ သီဟိုဠ်နိုင်ငံက
နာမည်ကြီးတဲ့ ဗုဒ္ဓဘာသာကို သီဟိုဠ်နိုင်ငံမှာ ပြန်ပြီးတော့
စည်ပင်အောင် လုပ်ခဲ့တဲ့ ဘုရင်ကြီး။

အဲ့ဒီဒုဋ္ဌဂါမဏီအမတ်ကြီးရဲ့ အတိံပရ-ဆိုတဲ့
အမတ်ကြီးနဲ့တွေ့ပြီးတော့ အမတ်ကြီးက သူကို
လက်ထပ်ယူတယ်။သုမနာ-ဆိုတဲ့
သူကြွယ်သမီးကို။လက်ထပ်ပြီးတော့ သူတို့ မဟာပုဏ္ဏရွာကို
သွားပြီးတော့ နေထိုင်တယ်။
အမတ်ကတော်ဖြစ်သွားတယ်ပေါ့နော်။ကောတိပဗ္ဗတ-ဆိုတဲ့
ဒေသမှာရှိတဲ့ ကျောင်းတိုက်ကြီးတစ်ခု
အခု သီဟိုဠ်နိုင်ငံမှာ ဒီနေရာတွေက ဒီကနေ့ထိအောင် ရှိသေးတယ်။
သီဟိုဠ်ကျွန်းမှာ အခုစာပေမှာ မှတ်တမ်းတင်ထားတဲ့
ပုရာဏရာဂျမဟာဝိဟာရ-ဆိုတဲ့နေရာတွေ
တော်တော်များများ သီဟိုဠ်မှာ ဒီကနေ့အထိ ရှိတယ်ပေါ့။

အဋ္ဌကထာထဲကဝတ္ထုဇာတ်လမ်းတော်တော်များများဟာ
ရှိတယ်။ဦးဋ္ဌေးလှိုင်တို့ ရေးထားတဲ့
သီဟိုဠ်စံတော်ဝင် အရိယာများပုဂ္ဂိုလ်တွေ
ဒီထဲမှာ တော်တော်များများ အဋ္ဌကထာရဲ့ မှတ်တမ်းတွေကို
ရေးသွားတာ ရှိတယ်။

အဲ့ဒီမှာ မဟာပုဏ္ဏရွာရောက်တော့
ကောတိပပ္ဗတ-ဆိုတဲ့ ရွာနားက
မဟာဝိဟာရဆိုတဲ့ ကျောင်းတိုက်ကြီးမှာ
သီတင်းသုံးနေထိုင်တဲ့ မဟာအနုရုဒ္ဓဆိုတဲ့
မထေရ် အဲ့ဒီရွာထဲမှာ ဆွမ်းခံတယ်။ဆွမ်းခံတဲ့
အခါ အဲ့ဒီ အမတ်ကတော်
သုမနာ-ကိုတွေ့တဲ့အခါ အဲ့ဒီမထေရ်မြတ်ကြီးကလည်း
အဘိဉာဏ်ရတဲ့ ပုဂ္ဂိုလ်ဆိုတော့
ဒီအမတ်ကတော် ဘယ်ကလာတာတုန်း ကြည့်ကြည့်တယ်။
ဝက်မဘဝထိအောင် သူကတွေ့သွားတဲ့
အခါကျတော့ ကြည့်စမ်းကြည့်စမ်းကိုယ်တော်တို့တဲ့
ဝက်မလေးက ဒီလာပြီး အမတ်ကတော်
ဖြစ်နေပြန်ပြီဆိုပြီး အဲ့လိုပြောလိုက်တာ။
ဘုန်းကြီးတို့ရဲ့ ဘဝတွေလည်း ဒီလိုပဲထင်မှာပဲ။
ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလို့ မရဘူးနော်။

အဲ့ဒီမှာ ဝက်မက အမတ်ကတော်လာ
လုပ်နေပြန်ပြီ-လို့ပြောတာကို သူက ကြားသွားတာ။
အဲ့ဒီ ကြားတဲ့စကားကို သူစိတ်ထဲမှာ
ထိတ်ကနဲဖြစ်သွားပြီးတော့ သူ့ရဲ့ဘဝဇာတ်လမ်းတွေဟာ ပြန်ပြီးတော့
အမှတ်ရလာတယ်။ဇာတိဿရဉာဏ်လို့
ခေါ်တယ်။အဘိဉာဏ်ရလို့ သိတာက တစ်မျိုး။
ဇာတိဿရဉာဏ်ရလို့ သိတာက တစ်မျိုး။ဘဝကို
မှတ်မိတဲ့ အသိဉာဏ်တစ်မျိုးဟာ
ပေါ်လာတတ်တယ်ပေါ့။

ဘုန်းကြီးတို့ကျောင်းမှာ ဦးပဉ္ဇင်းတစ်ပါး အခုထိရှိတယ်ပေါ့
အဲ့ဒီ ဦးပဉ္ဇင်းမှာခေါင်းမှာ အနာရွတ်တွေ တွေ့တယ်။
မွေးရာပါပါတဲ့ ။ဟ ဘယ်လို
မွေးရာပါတုန်းဆိုတော့ ဟိုဘဝက သူက တံငါသည်ဖြစ်ခဲ့တယ်။
တံငါတည်းမှာနေတုန်း ညကျ
ဓားမြလာတိုက်ပြီး သူ့ခေါင်းရိုက်ပြီး သတ်သွားတယ်။
အဲ့ဒီ အမာရွတ်တွေက ဒီဘဝထိအောင်
ပါနေတယ်။ဒါ သူမှတ်မိတာပြောတာ။
အဲ့ဒီလို မှတ်မိတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတာပဲ။

အဲ့ဒီလို သူက ဇာတိဿရဉာဏ်ရတယ်။အဲ့ဒီမှာ
သူ့ဘဝတွေဟာ တန်းစီပြီးတော့ ပေါ်လာတယ်။
ပေါ်လာတော့ သူသံဝေဂဖြစ်တယ် ဖြစ်တော့ သူအမတ်ကြီးကို
သူခွင့်တောင်းပြီးတော့ ဘိက္ခူနီမလုပ်တယ်ပေါ့။
အဲ့ဒီဘိက္ခူနီမဘဝမှာ တရားကျင့်တယ်။တရားကျင့်တော့
တိဿမဟာဝိဟာရ-ဆိုတဲ့ ကျောင်းတိုက်မှာ
ဓမ္မကထိက တစ်ပါးက မဟာသတိပဋ္ဌာနသုတ်ကိုဟောတယ်။
အဲ့ဒါကို သူနာရင်း မဟာသတိပဋ္ဌာနသုတ်လာတဲ့အတိုင်း
နှလုံးသွင်းဆင်ခြင်ပြီးတော့ သောတာပန်ဖြစ်သွားတယ်။

အဲ့ဒီကနေပြီးနောက် သီဟိုဠ်ကျွန်းမှာလည်း
နှစ်ပေါင်းကြာရှည်အောင် စစ်ပွဲကြီးဖြစ်တယ်။
စစ်ပွဲက ဘာတုန်းဆိုတော့ သီဟိုဠ်တွေနဲ့
ဒမိဠ-ဆိုတဲ့ ကျေးကုလားတွေ။အခုခေတ်ဆိုရင် ဒမိဠ-ဆိုတာ
တမီပေါ့။တမီ နဲ့ သီဟိုဠ်တွေနဲ့ တိုက်ပွဲဟာအင်မတန်မှ ရည်ကြာခဲ့တယ်။အခုမျက်မှောက်ခေတ်မှာလည်း
အတော် ရှည်ကြာတယ်။ဘုန်းကြီးတို့
သီဟိုဠ်ကျွန်းရောက်သွားတာ ၁၉၈၇ ခုနှစ်ရောက်သွားတာ။
၁၉၈၁နှစ်ကစပြီးတော့ တမီနဲ့ သီဟိုဠ်လူမျိုးတွေ ပဋိပက္ခဖြစ်တယ်။
ဘုန်းကြီးတို့ ရောက်သွားတဲ့အချိန်က အဆိုးဆုံးအချိန်ဖြစ်တယ်။

နေ့စဉ်နဲ့အမျှ ဗုံးခွဲတာတွေရော တိုက်ပွဲတွေရော လူသတ်တာတွေရော
အင်မတန်မှ ဆိုးဝါးတဲ့အချိန်ပိုင်း ရောက်သွားတာ။
အားလုံးသတင်းစားဖတ်တဲ့ သူတိုင်းတွေ့ကြလိမ့်မယ်။မကြာခင်ကမှ
သီဟိုဠ်က ဒီ တမီနဲ့ သီဟိုဠ်စစ်ပွဲဟာ အဆုံးသတ်သွားတာ။
နှစ်ပေါင်း(၂၅)လောက်ထိအောင် တိုက်ပွဲတွေ
အကြီးအကျယ်ဖြစ်ခဲ့တာ။ပြည်တွင်းစစ်ပေါ့။
အခုတော့ ငြိမ်းချမ်းရေး ရသွားပြီးပြောရမယ်။
သို့သော်ငြိမ်းချမ်းရေးရတာ တစ်ဖက်က ရှုံးလို့ ငြိမ်းချမ်းရေးရတာ။

ထာဝရငြိမ်းချမ်းရေးတော့ မဟုတ်နိုင်သေးဘူး။အားရှိလာရင် ပြန်ထမှာပဲ။

ပါဠိစာပေမှာ ဒမိဠ-လို့ခေါ်တယ်။အိန္ဒိယပြည်ရဲ့တောင်ပိုင်းမှာ
ရှိတဲ့ပြည်နယ်ကြီးတစ်ခုက တမင်နာဒုလို့ခေါ်တယ်။
တမင်နာဒူးပြည်နယ်က လူတွေကို ဒမိဠ-လို့
ရှေးတုန်းကခေါ်တယ်။စောဠ-တိုင်းလို့လည်း ရေးတယ်။
သူတို့ အသံထွက်နဲ့ ကျတော့
ကျောဠ-အဲ့ဒီ ဒမိဠလူမျိုးတွေ စစ်ပွဲကြီး ပြီးဆုံးတဲ့အခါမှာ
အဲ့ဒီ ဘိက္ခူနီမလေးဟာ သူ့ဇာတိဖြစ်တဲ့
မာဂ္ဂန္ဓရွာ-ကို ပြန်ပြီးတော့ နေထိုင်တာ။

အဲ့ဒီမှာနေရင်းနဲ့ ကမ္မမဟာဝိဟာရ-လို့ခေါ်တဲ့
ကျောင်းတိုက်ကြီးမှာ တရားသွားနာတာ။
အဲ့ဒီကျောင်းတိုက်ကြီးမှာ
သူဘာနာလိုက်ရတုန်းဆိုတော့ အာသီဝိသောပမသုတ္တံဆိုတဲ့
သူနာလိုက်ရတယ်။မြွေကြီးလေးကောင်နဲ့ ဥပမာပေးပြီးဟောတဲ့သုတ်။
ဘုန်းကြီးတို့ ဟောထားတဲ့
ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်ဆိုတဲ့ ဟာက အာသီဝိသောပမသုတ်ပဲ။
အဲ့ဒီ အာသီဝိသောပမသုတ်ဆိုတာ
ဝိပဿနာကျင့်စဉ်တစ်ခုကို ဒုက္ခလက္ခဏာရှုထောင့်ကနေပြီးတော့
ဝိပဿနာကျင့်စဉ်တစ်ခုကို မြတ်စွာဘုရားက
ဟောထားတာ။အဲ့ဒီ သုတ္တံကို နာရင်းကနေပြီးတော့
သူက ရဟန္တာဖြစ်သွားတယ်။
ဝက်မကလေးဘဝဟာ (၁၂)ဘဝ ပြန်ပြီးတော့ တစ်ဘဝပြီး တစ်ဘဝ
စာထဲမှာတော့ (၁၃)ဘဝလို့ ဆိုတယ်
(၁)ဘဝက တွက်လို့ မရဘူးဖြစ်နေတယ်။
(၁၂)ဘဝတော့ တွေ့ရတယ်။

အဲ့ဒီ(၁၂)ဘဝပြန်ပြောပြပြီးတော့
နောက်ဆုံးမှာ အခု သီရိလင်္ကာနိုင်ငံ သီဟိုဠ်ကျွန်းက မောဂ္ဂန္ဓ-ရွာမှာပဲ
အာသီဝိသောပမသုတ်ကို ကြားနာရင်း
လုံးဝ သံသရာကလွတ်သွားပြီး ဘာကြောင့် သံသရာက
လွတ်သွားတာလဲဆိုတော့ ဘဝတဏှာကို
သူအဆုံးသတ်လိုက်နိုင်တယ်ပေါ့။ဘဝတဏှာ ရှိနေသေးသမျှတော့
ဝက်ဘဝရောက်လိုက် ကြက်ဘဝရောက်လိုက်
ငရဲရောက်လိုက် လူ့ပြည်ရောက်လိုက်
သံသရာထဲမှာ လည်နေကြဦးမှာပဲ။

တို့တတွေ သံသရာလည်နေတာ
ဘဝတဏှာကြောင့်လှည်နေကြရတာ။
ဘဝတဏှာကို မဖယ်ရှားနိုင်သေးသမျှတို့တွေ
သံသရာလည်ကြရဦးမှာဖြစ်တယ်။
အဲ့ဒီဘဝတဏှာဆိုတဲ့ မျက်စိကမြင်တာ နားကကြားတာ
လျှာနဲထိတွေ့တာ ကိုယ်နဲ့ထိတွေ့ရတဲ့ဟာတွေ
စိတ်ကူးစိတ်သန်းထဲမှာ ပေါ်လာတဲ့ အာရုံတွေပေါ်မှာ
တွယ်တာမှုဆိုတဲ့ တဏှာတွေ အာရာမဏနုသယ-
အာရုံပေါ်မှာ တွယ်တာ တတ်တဲ့ အနုသယတွေ
တဏှာ အနုသယတွေ ရှိနေသေးသမျှ ဘုန်းကြီးတို့တတွေ
ဘဝသံသရာထဲမှာ အခုလို လည်နေကြဦးမှာ။
အဲ့ဒီ တဏှာကို သိဖို့ရန်အတွက် သမ္မာဒိဋ္ဌိဆိုတဲ့ ဝိပဿနာကို
ထူထောင်ကြရမှာဖြစ်တယ်။သမ္မာဒိဋ္ဌိဉာဏ်ကို ထူထောင်ပြီးလို့ရှိရင်
တဏှာရဲ့ အသွင်သဏ္ဍာန်တွေကိုမှန်မှန် ကန်ကန် တွေ့ရှိ နားလည်
လာပြီး ထိုတဏှာကို ဖယ်ရှားပစ်နိုင်တဲ့ ဝိပဿနာဉာဏ်
အဆင့်ဆင့်တက်လာလို့ အောင်မြင်စွာ ရရှိသွားတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်
ရပြီဆိုတဲ့ အခါမှာ တဏှာဟာနောက်ဆုံးပိတ်မှာ အမြစ်ပါပြတ်ပြီးတော့
အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။

သစ်ပင်ကို အမြစ်ကနေ တူးပစ်ရင်
ထိုသစ်ပင်သည် ဘယ်တော့မှ
အမြစ် ပြန်မထွက်တော့ သလိုပဲ
ဘုန်းကြီးတို့ရဲ့ ဘဝဟာလည်း ဘဝတဏှာဆိုတဲ့
အမြစ်ကို ပယ်ရှားပစ်နိုင်ရင် သံသရာထဲမှာ စုန်ချည် ဆန်ချည်ဆိုတဲ့
ဘဝသံသရာရဲ့ ဒုက္ခတွေကို ဖယ်ရှားပစ်နိုင်မှာဖြစ်တယ်လို့
ဘဝတဏှာကို ဖယ်ရှားနိုင်အောင် အမှန်မြင်အောင်
ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်ကြံကျိုးကုတ်
အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော်ကြီးဟောကြားတော်မူသော
"ဘဝတဏှာနှင့် သံသရာ" တရားတော်မှ ကောက်နှုတ်ချက်။

စာလုံးပေါင်းမှားပါက ခွင့်လွတ်ကြပါရန်

_/\_ _/\_ _/\_

ဤဓမ္မဒါနကို အသံဖိုင်မှရေးသားပူဇော်ရသောကုသိုလ်ကြောင့်
တိုင်းပြည်နဲ့သာသနာကို အလုပ်အကြွေးပြုပြီး ဗောဓိဉာဏ်၏
အထောက်အပံ့ဖြစ်ပါစေ။

Credit: Original upload

No comments:

Post a Comment