Thursday, April 13, 2017

မငြိမ်..မလှုပ်

မငြိမ်..မလှုပ်
✿✿✿✿✿

အခါတစ်ပါး၌ မြတ်စွာဘုရားရှင်သည်
ကောသလတိုင်း၊ သာဝတ္ထိပြည် ဇေတဝန်
ကျောင်းတိုက်၌သီတင်းသုံးနေစဉ် ညဉ့်တညဉ့်၏ သန်းခေါင်ယံအချိန်လောက်ဝယ် အမျိုးအမည်မထင်ရှားသောနတ်သားတစ်ပါးသည်  ဘုရားရှင်အနီးရောက်လာပြီး သင့်တင့်လျောက်ပတ်  အပြစ်ကင်းလွတ်သောနေရာ၌နေ၍ မြတ်စွာဘုရားရှင်ကို
ရိုသေစွာရှိခိုးပြီး အောက်ပါစကားကိုလျှောက်ထား၏။

အရှင်မြတ်ဘုရား.....ရှင်တော်မြတ်ဘုရားသည်
အဘယ်နည်းဖြင့် သြဃ-၄ဖြာ သံသရာတည်းဟူသော
သမုဒ္ဒရာကို တဘက်ကမ်းရောက် ကူးခတ် လွန်မြောက်တော်မူခဲ့ပါသနည်းဘုရားဟု.....
မေးလျှောက်ရာ..မြတ်စွာဘုရားရှင်က....

ဒါယကာနတ်သား...ငါသည်ရပ်တည်၍လည်းမနေ၊ လုံးပမ်းကြိုးကုတ်အားထုတ်မှုကိုလည်းမပြုပဲ သြဃ ၄ဖြာ သံသရာတည်းဟူသောသမုဒ္ဒရာကို တဘက်ကမ်းရောက် ကူးခတ်လွန်မြောက်ခဲ့ပေ၏..ဟုမိန့်တော်မူ၏။

ဤနတ်သားဟာ ရူပဘုံမှ ဗြဟ္မာတစ်ဦးဖြစ်ပြီး မာနဓာတ်ခံနဲ့ဘုရားရှင်ထံလာသူ ဖြစ်တယ်။
ငါသည် ဂေါတမဗုဒ္ဓ၏ သြဃ ၄ပါးကိုလွန်မြောက်ပြီး
ကြောင်းကို သိ၏။ သြဃ ၄ပါးဆိုတာ ဘာတွေဖြစ်တယ်ဆိုသည်ကိုလည်းသိပြီးဖြစ်တယ်။
လွန်မြောက်ပုံ လွန်မြောက်နည်းလေးလောက်သာ
ငါသိဖို့လိုနေတာ။ ထိုနည်းကလေးကိုလည်း
မြတ်စွာဘုရားရှင်အား မေးလျှောက်၍ တစ်ခွန်း
တစ်ပါဒလောက်ဟောရင် ဒလဟော ငါသိစရာရှိသည် ဟု
သူ့ကိုယ်သူ အထင်ကြီးလာခဲ့တာဖြစ်တယ်။

ထိုနတ်သား၏ အတွင်းစိတ်ထားကို အစင်းသား
သိမြင်တော်မူပြီးဖြစ်သော ဘုရားရှင်သည်  မာနကျသွားစေရန်ရည်သန်တော်မူလျှက်
ငါသည်ငြိမ်လည်းမငြိမ်၊ လှုပ်လည်းမလှုပ် (မငြိမ်မလှုပ်)
ကူးခဲ့၏ ဟု စကားဝှက်ဖြင့် ဖြေတော်မူလိုက်တယ်။

နတ်သားဟာသူမျှော်လင့်ထားသလိုမဟုတ်ဘဲ
ဘုရားရှင်ရဲ့ အဖြေကို နားမလည်ဘဲ အခက်ကြုံရှာ
လေတဲ့ အတွက် အောက်ပါတောင်းပန်စကားကို
လျှောက်ထားရရှာပြန်တယ်။

ရှင်တော်မြတ်ဘုရား...အဘယ်နည်းဖြင့်မရပ်တည်၊ အဘယ်ပုံမကြိုးပမ်းမလှုပ်ရှားပဲ သြဃ ၄ဖြာ
သံသရာတည်းဟူသော သံသရာသမုဒ္ဒရာ စခန်းမှ လွတ်လမ်းရတော်မူခဲ့ပါသနည်း
(အရှင်ဘုရား၏ မငြိမ်၊ မလှုပ် ကူးမြောက်ခဲ့ပုံ
စကားအကျဉ်းကို တပည့်တော်နားလည်အောင် အကျယ်ဟောတော်မူပါဦးဘုရား)..လို့
လျှောက်ထားရလေသည်။

ထိုအခါမြတ်စွာဘုရားရှင်က...ဒါယကာ နတ်သား
ငါသည်သြဃ ၄ဖြာ သံသရာတည်းဟူသောသမုဒ္ဒရာကို
ကူးဖြတ်ရာ၌ ရပ်တည်နေလျှင် နစ်မြုပ်သွား၏။
လုံးပမ်းကြိုးကုတ်အားထုတ် လှုပ်ရှားပြန်သောအခါ
မျောပါသွား၏။ ထိုသို့ ငြိမ်လျှင်မြုပ် လှုပ်လျှင်မျောသောကြောင့် ရပ်လည်းမရပ်တည်၊ ခွန်အားစိုက်ထုတ် လှုပ်လည်း
မလှုပ်ရှားပဲ သြဃ ၄ ဖြာသမုဒ္ဒရာကို ကူးခတ်
လွန်မြောက်တော်မူခဲ့ပေသည်။

ထိုသို့အနည်းငယ်ချဲ့၍ ဟောတော်မူအပ်သော
တရားတော်ကို နာရသောအခါ ထိုနတ်သားသည်
ကောင်းစွာသဘောပေါက်၍သောတာပတ္တိ
မဂ်ဖိုလ်တရားထူးသို့ရောက်လေ၏။

နတ်သားကတော့ ဤမျှ အနည်းငယ်ချဲ့၍
ဟောတော်မူအပ်သောတရားကို အကျယ်သိမြင်
ကောင်းစွာသဘောပေါက်၍ တရားထူးသို့
ရောက်လေ၏။ ထိုနတ်သား၏ အကျယ်သိမြင်တော်မူပုံမှာ.....

သြဃ၄ဖြာ သံသရာဆိုတာ.....သက်ရှိ၊သက်မဲ့
အရာဝတ္ထုများကို လွှမ်မိုးနှစ်မြုပ်တတ်သော
ကြီးစွာသောရေအဟုန်ကို သြဃ ဟု ခေါ်၏။
ဤ၌ ထိုရေအဟုန်နှင့်တူသော တရား ၄ပါးကို သြဃ
ဟုခေါ်ရသည်။ ထိုတရား ၄ပါးသည် ရဟန္တာ
မဖြစ်သေးသော သတ္တဝါများကို သံသရာ၌
လွှမ်းမိုးဖိနှစ်မြုပ်ထားတတ်၏။ ထိုသြဃတရား ၄ပါးကား..

၁။ ကာမောဃ (ကာမ+သြဃ) ရူပါရုံ၊ သဒ္ဒါရုံစသော
ငါးဖြာအာရုံ ကာမဂုဏ်တို့အပေါ်၌ တာတွယ်စုံမက်နှစ်သက်တတ်သောတဏှာ
( နတ်ပြည် ၆ထပ်၊ လူ့ရပ် လူ့ရွာ ၊ အပါယ် ၄ဘုံ ဟူသော
ကာမနယ် ကို စုံမက်နှစ်သက်တတ်သောတရား)

၂။ ဘဝေါဃ (ဘဝ+ သြဃ) ဗြဟ္မာပြည် ၂၀ နှင့်
ထိုဗြဟ္မာပြည်ကို ရောက်စေတတ်သောဈာန်တရား
တို့အပေါ်၌ တာတွယ်စုံမက်နှစ်သက် တတ်သောတဏှာ

၃။ ဒိဋ္ဌောဃ (ဒိဋ္ဌိ + သြဃ) ခန္ဓာ ၅ပါး ရုပ်နာမ်တရားတို့
အပေါ်၌ အနှစ်အမာခံ (အတ္တ) ရှိတယ်လို့
မှားယွင်းစွာစွဲယူသော ၆၂ ပါးသောဒိဋ္ဌိ

၎။ အဝိဇ္ဇောဃ (အဝိဇ္ဇာ+ သြဃ) သစ္စာ၎ပါး
အမှန်တရားကို မသိမမြင်နိုင်အောင် ကာကွယ်
ဖုံးလွှမ်းတတ်သောမောဟငြိမ်လျှင်မြုပ် ၊ လှုပ်လျှင်မျော
ဘုရားရှင်သည်နတ်သားအား ငါသည် ရပ်တည်၍နေလျှင်
မြုပ်၍ လှုပ်ရှားအားထုတ်ပြန်လျှင်မျော၏ ဟု
ဟောတော်မူသော ထိုစကား၏ဆိုလိုရင်းမှာ...

လောကမှာအငြိမ်တရား၊ အလှုပ်တရား၊ မငြိမ် မလှုပ်တရား
ဟူ၍ အကြောင်းတရား ၃မျိုး၊ ၃ စားရှိ၏။ ထို့အတူ
အကျိုးတရား၌လည်း အစဉ်အတိုင်း အမြုပ်၊ အမျော၊
အကူး ၃မျိုးပင်ရှိ၏။

အငြိမ်တရားဆိုတာ အကုသိုလ်တရား၊ အလှုပ်တရားဆိုတာ
ဘဝစည်းစိမ် ချမ်းသာကိုတောင့်တပြီး ပြုအပ်သော
လောကီကုသိုလ်၊ မငြိမ်မလှုပ်တရားဆိုတာ
ဝဋ်ဘဝမှလွတ်မြောက်ရန်ရည်သန်၍ ပြုအပ်သော
လောကီကုသိုလ်တရားငြိမ်လျှင်မြုပ်ပုံ ။

လောကမှာလူတို့ဟာ မိမိနေထိုင်ရာ တိုက်တာ၊အိမ်၊
အဆောက်အဦးမှာ သက်တောင့်သက်သာ
ငြိမ်သက်စွာနေနိုင်ကြသည်။ တခြားသူတစ်ပါးအိမ်မှာ ဧည့်သည်အဖြစ်ဖြင့်နေရလျှင် ကိုယ့်အိမ်ပြန်ဖို့
စိတ်စောနေတာရယ်၊ သူများအိမ်ဆိုတော့ နေရထိုင်ရ
သက်တောင့်သက်သာ မရှိတာကြောင့် မငြိမ်မသက်လှုပ်ယှက်နေသကဲ့သို့ဘဲ....
လောဘ၊ဒေါသ၊မာန၊ဣဿာ၊မစ္ဆရိယ စသော
အကုသိုလ်စုသည် အမြဲမပြတ်ကိုယ်နှင့် ထပ်ချပ်ပါလာသောသံသရာဖွားဖက်တော်များသာဖြစ်တယ်။

နံနက်အိပ်ယာထ မျက်လုံးနှစ်လုံးဖွင့်လိုက်သည်မှစလို့
ညအိပ်ယာဝင် မျက်လုံးမှတ်အိပ်ပျော်သည့်
အချိန်တိုင်အောင် လောဘ၊ဒေါသစတဲ့ အကုသိုလ်
တရားစုနဲ့သာ အနေများ၊ အဖြစ်များတယ်။
ထိုအကုသိုလ်တရားစုဟာ မိမိတို့အမြဲနေထိုင်ရာ
အိမ်ဂေဟာနဲ့တူတယ်။ ထိုအကုသိုလ်တရားစုနဲ့
နေထိုင်ခြင်းသည် နိဗ္ဗာန် လမ်းမှလွဲဖယ်ရပ်တန့်
တည်ငြိမ်နေသည်မည်၏။ ထိုအငြိမ်းတရား
အကုသိုလ်အဖြစ်များလျှင် အပါယ် ၄ပါးမှာ
နှစ်မြုပ်ခံရတော့မယ်။

.

(လှုပ်လျှင်မျောပုံ)
••••••••••••••••••••
ဘဝစည်းစိမ်ချမ်းသာကို အာသာခင်မင် လိုချင်တောင့်တ၍
ပြုသမျှ လောကီကုသိုလ်တို့သည်လည်း သံသရာစခန်းမှာ အထက်တန်းမှဖြစ်လိုမှု ရလိုမှုကြောင့် လှုပ်လှုပ်ရှာရှားပြေးလွှားနေရတာနဲ့တူတယ်။

မြစ်ကိုအလျှားလိုက်ကူးသူလိုဘဲ လူ့ပြည်၊
နတ်ပြည်စုန်ဆန် ပြေးလွှား မျောပါနေကြရတယ်။
မြုပ်လမ်းထက်စာရင်တော့ သင့်လျှော်သလိုရှိပေမဲ့ မျောပါများရင်လက်ပန်းကျပြီး အမြုပ်မှာ လက်စ
သတ်ရမည်ဖြစ်သောကြောင့် ထိုအလှုပ်တရား
လောကီကုသိုလ်များသည် စိတ်ချ၊လက်ချ အားကိုးရ
သောတရားများ မဟုတ်တတ်သေးချေကား...။

.

(မငြိမ်၊မလှုပ်ကူးပုံ)
•••••••••••••••••••••
ခန္ဓာဝန်လက်စသိမ်း၍ ချုပ်ငြိမ်းအေးမြရာမှန် မြတ်နိဗ္ဗာန်ကို ရည်သန်တောင်းတ ပြုအပ်ကြသော ဝိဝဋနိဿိတကုသိုလ်
တရားမျိုးသာလျှင် မြုပ်လမ်းမဝင်၊ မျောလမ်းမစွက်
နိဗ္ဗာန်တည်းဟူသော ကမ်းတဘက်သို့လှမ်းတက်
နိုင်ကြောင်း တရားကောင်းဖြစ်ပေတယ်။

မြတ်စွာဘုရားရှင်သည် ထို အငြိမ်၊အလှုပ် တရားနှစ်ပါးပယ်၍
ဤမငြိမ်၊မလှုပ် တရားဖြင့်သြဃ၄ဖြာ သံသရာတည်း
ဟူသော သမုဒ္ဒရာ၏ တဘက်ကမ်းအရောက် တက်လှမ်းကူးမြောက်တော်မူခဲ့ပေသည်ဟု...... နတ်သားသည်မြတ်စွာဘုရား၏တရားကို အကျယ်သိမြင်၍ သောတာပတ္တိမဂ်ဖိုလ် တရားထူးရကာ ကျေနပ်မှုရှိလှသဖြင့်
ဂါထာစကားဖြင့် လျှောက်ထားချီးကျူးလေ၏။

#စိရဿံ ဝတ_ပဿာမိ၊ ဗြဟ္မာဏံ_ပရိနိဗ္ဗုတံ။
#အပ္ပတိဋ္ဌံ_အနာယူဟံ_တိဏ္ဏံ_လောကေ_ဝိသတ္တိကံ။

လူ့နတ်ဗြဟ္မာ သတ္တဝါ အပေါင်းဟူသော လောကဝယ် ငါးဖြာအာရုံကာမဂုဏ်၌ အဟုန်ပြင်းလတ် သံလိုက်ဓာတ်သို့ ငြိကပ်တတ်သောတဏှာကို ရပ်တည်၍လည်းမနေ၊ လုံးပမ်းအားထုတ်ကြိုးကုတ်မှုလည်းမပြုပဲ ပယ်ခွာလွန်မြောက် သံသရာသမုဒ္ဒရာ၏တဘက်ကမ်းကို
ရောက်တော်မူပြီးသော၊ ကိလေသာအပူခပ်သိမ်း
အေးငြိမ်းတော်မူပြီးသော ကဿပထွတ်တင်ဘုရားရှင်၏
စံဝင်နိဗ္ဗူယူပြီးမှနောက် အထောက်လှမ်းကွာ
ကြာမြင့်သောယခုအခါမှ ကောင်းစွာအသင့်
ဖူးမြင်ခွင့် ရလေစွတကား...။ ။

━━━━━━━━━━━━━━━━━━━━

Written by ►►► ​✍✍ ဓမ္မ ကုန်​သည်
((ဖတ်​ရှူ , နာယူ , မှတ်​သားမိသမျှ  ပြန်​လည်​မျှ​ဝေသည်​..။))

Credit: Original upload

No comments:

Post a Comment