Monday, April 17, 2017

πŸ’§α€œွတ်α€œα€•်α€™ှုπŸ’§αΏα€„ိα€™်းချα€™်းα€™ှုπŸ’§

💧လွတ်လပ်မှု💧ငြိမ်းချမ်းမှု💧

🌟 ကိုယ့်ရင်ထဲမှာ အားကိုးရာရှိတယ် 🌟

🌾🌾🌾
ကိုယ့်အတွက် အားကိုးစရာအကောင်းဆုံးဟာ ကိုယ့်ရင်ထဲမှာရှိမှဖြစ်မယ်။ အပြင်မှာရှိနေလို့ မဖြစ်ဘူး။ အပြင်မှာရှိနေတဲ့ဘယ်အရာမှ အားကိုးစရာအစစ် မဖြစ်ဘူး။ အိမ်၊ ကား၊ လက်ဝတ်ရတနာ၊ ရွှေငွေ၊ ရာထူးဆိုတာတွေဟာ အားကိုးရာအစစ်မဟုတ်ဘူး။ သားသမီးလည်း အားကိုးရာအစစ်မဟုတ်ဘူး။ ယောက်ျားလည်း အားကိုးရာအစစ်မဟုတ်ဘူး။ မိန်းမလည်း အားကိုးရာအစစ်မဟုတ်ဘူး။ အဖေအမေလည်း အားကိုးရာအစစ်မဟုတ်ဘူး။ သူတို့ရှိတုန်းတော့ အထောက်အပံ့ပေးနိုင်တယ်။ သူတို့မရှိလည်း ကိုယ့်ဘဝကိုကိုယ် အဓိပ္ပါယ်ရှိရှိ ကျေကျေနပ်နပ် နေနိုင်ရမယ်။ ကိုယ့်စိတ်ကြည်လင်အေးချမ်းဖို့ ဘယ်သူမှလုပ်မပေးနိုင်ဘူး။ ကိုယ့်ကိုကိုယ်အားကိုးမှပဲ ရမယ်။ ဒါကြောင့် ကိုယ့်စိတ်ကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးရမယ်။ တခြားနည်းနဲ့ ဘယ်လိုမှမရနိုင်ဘူး။

🌾🌾🌾
ကိုယ့်ကို တစ်ယောက်ယောက်က စိတ်ချမ်းသာအောင်လုပ်ပေးရမယ်လို့ မျှော်လင့်နေတာဟာ အကြီးမားဆုံးအမှားပဲ။ ကိုယ့်စိတ်ကိုယ်တောင် ချမ်းသာအောင်မထားနိုင်တဲ့သူတွေက သူများကိုစိတ်ချမ်းသာမှုပေးနိုင်မယ်ဆိုတာ ယုံသလား။ သူများကကိုယ့်ကို စိတ်ချမ်းသာအောင်လုပ်ပေးရမယ်လို့ မျှော်လင့်တာ တောင်းဆိုတာဟာ ကိုယ့်တာဝန်ကို ကိုယ်မယူချင်တဲ့သူတွေရဲ့ မျှော်လင့်ချက်နဲ့ တောင်းဆိုမှုပဲ။ ဘယ်လောက်ပဲ မျှော်လင့်မျှော်လင့်၊ ဘယ်လောက်ပဲ တောင်းဆိုတောင်းဆို ရမှာမဟုတ်လို့ စိတ်ပျက်ရတာနဲ့ပဲ ပွဲသိမ်းရလိမ့်မယ်။ ကိုယ့်ကိုစိတ်ချမ်းသာအောင်လုပ်နိုင်တာ တစ်ယောက်ပဲရှိတယ်။ ဘယ်သူလဲ။ ကိုယ်ပဲ။ ကိုယ်မှမလုပ်နိုင်ရင် ရမှာမဟုတ်ဘူး။ မပေးနိုင်တဲ့သူဆီက မျှော်လင့်မနေပါနဲ့တော့။

🌾🌾🌾
ကိုယ့်စိတ်ချမ်းသာမှုကို သူများလက်ထဲ ထည့်ထားလိုက်တယ်။ ပြီးတော့ သူများကကိုယ့်ကို စိတ်ချမ်းသာအောင်လုပ်ပေးရမယ်လို့ မျှော်လင့်တယ်။ ကိုယ်စိတ်မချမ်းသာတဲ့အခါ သူကငါ့ကို စိတ်ဆင်းရဲအောင် လုပ်နေတယ်လို့ ပြောတယ်။ အမှန်က သူများကိုယ့်ကိုလွှမ်းမိုးနိုင်အောင် Power ပေးလိုက်တာပဲ။ ကိုယ်ပေးထားတဲ့ Power ကို ပြန်ယူလိုက်ပါ။

🌾🌾🌾
အနိုင်ကျင့်တယ်ဆိုတာ များသောအားဖြင့် စိတ်ဆင်းရဲအောင်လုပ်တာပဲ။ ဘယ်သူဘာလုပ်လုပ် ကိုယ်ကစိတ်မဆင်းရဲဘူးဆိုရင် နိုင်ချင်တဲ့သူက လက်လျော့ရလိမ့်မယ်။ ကိုယ့်ကို ဘယ်သူကမှ စိတ်ဆင်းရဲအောင်လုပ်လို့မရမှ ကိုယ်က Power ကြီးတဲ့သူဖြစ်သွားတာပဲ။ သူများကိုနိုင်လို့ရတာကို Power လို့ ယူဆကြတယ်။ အဲဒါ စစ်မှန်တဲ့ Power မဟုတ်ဘူး။ စစ်မှန်တဲ့ Power က ဘယ်သူကမှ ကိုယ့်ကိုစိတ်ဆင်းရဲအောင်လုပ်လို့မရတာ။

🌾🌾🌾
တစ်ခြားလူတစ်ယောက်ကချစ်တာမခံရပဲနဲ့ စိတ်ပျော်ရွှင်မှုကို ငါမတွေ့နိုင်ဘူး။ မပျော်နိုင်ဘူး။ ချစ်တာမခံရရင် မပျော်နိုင်ဘူး။ လူတွေဟာ အချစ်ခံချင်ကြတယ်။ လူတိုင်း အနည်းနဲ့အများ အချစ်ခံရရင်ပျော်တယ်။ လူတော်တော်များများဟာ ကိုယ်ကချစ်ဖို့ထက် အချစ်ခံရဖို့ကို ပိုပြီးစိတ်ဝင်စားတယ်။ ငယ်ငယ်က မိဘတွေချစ်တာကိုခံခဲ့ရလို့ ကျန်းမာပျော်ရွှင်တဲ့သူ ဖြစ်လာတယ်။ မိဘချစ်တာမခံရရင် စိတ်ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေးပါ ထိခိုက်နိုင်တယ်။ ဒါပေမယ့် ကြီးလာတဲ့အခါမှာ ကိုယ်ကမေတ္တာပေးနိုင်ဖို့ကို ပိုပြီးဦးစားပေးရမယ်။

🌾🌾🌾
သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေမှာ ချစ်တာနဲ့ပတ်သက်ပြီးတော့ လွဲမှားတဲ့အယူအဆတွေ ဆိုပြ ရိုက်ပြကြတာ များတယ်။ “သူမချစ်ရင် ငါသေမှာပဲ” ဆိုတဲ့ အဓိပ္ပါယ်ပေါက်နေတယ်။ သူမရှိရင် ငါ့ဘဝဟာမပြည့်စုံဘူး။ သူမရှိရင် ငါအသက်ရှင်နေရတာအဓိပ္ပါယ်မရှိဘူးလို့ ယူဆပြီးတော့ တစ်ခြားတစ်ယောက်ယောက်က ကိုယ့်ဘဝကို ပြည့်စုံသွားအောင် အဓိပ္ပါယ်ရှိသွားအောင် လုပ်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပြီး စွဲလန်းနေတတ်သူတွေရဲ့ တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးဟာ အဆင်မပြေတာပဲများပါတယ်။ ကိုယ့်ဘဝကို ပြည့်စုံအောင် အဓိပ္ပါယ်ရှိအောင် တခြား ဘယ်သူမှလုပ်မပေးနိုင်ဘူး။ ကိုယ့်ဟာကိုယ်လုပ်ယူမှပဲ ရမယ်။

🌾🌾🌾
ကိုယ့်ကိုကိုယ် တစ်ကယ်ချစ်ဖို့၊ ကိုယ့်ကိုကိုယ် အဖက်ဖက်ကကောင်းလာအောင် ပြုစုပျိုးထောင်ဖို့၊ ကိုယ့်အားကိုယ်ကိုးဖို့ လိုတယ်။ ဒါမှ ရင့်ကျက်ခိုင်မာတဲ့စိတ်နဲ့ချစ်တတ်တဲ့သူ ဖြစ်လာမယ်။ ကိုယ့်အားကို ကိုယ်မကိုးနိုင်တဲ့သူက တခြားတစ်ယောက်ကိုချစ်တယ်ဆိုတာ အမှန်တော့ သူ့ဘဝရပ်တည်ရေးအတွက် ချစ်တာ၊ သူလိုတာတွေကိုပေးနိုင်မယ်ထင်လို့ ချစ်တာ၊ သူ့အခက်အခဲတွေကို ပြဿနာတွေကို ဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့်ပြီးချစ်တာ။ အဲဒါမျိုးကို မှီခိုတဲ့အချစ်လို့ခေါ်တယ်။

🌾🌾🌾
တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စိတ်ဓါတ်ရင့်ကျက်မှုပိုရှိလာအောင်၊ အရည်အချင်းပိုရှိလာအောင် အထောက်အကူပေးတဲ့အချစ်မျိုးနဲ့ ချစ်နိုင်မှ စိတ်ချမ်းသာမှုရတဲ့ ဆက်ဆံရေးဖြစ်မယ်။ ကိုယ့်အားကိုယ်မကိုးနိုင်တဲ့သူဟာ ကိုယ့်ဟာကိုယ်စိတ်ချမ်းသာအောင် မနေနိုင်ဘူး။ ကိုယ့်ဟာကိုယ်စိတ်ချမ်းသာအောင်မနေနိုင်တဲ့သူဟာ သူများကိုစိတ်ချမ်းသာအောင် အထောက်အကူမပေးနိုင်ဘူး။

🌾🌾🌾
ကိုယ့်ကို စစ်မှန်တဲ့မေတ္တာနဲ့ ချစ်တဲ့သူရှိတယ်ဆိုရင် ဝမ်းသာစရာကောင်းပါတယ်။ ဒါပေမယ့် အဲဒီလိုလူမရှိလည်း ကိုယ့်ဟာကိုယ်စိတ်ချမ်းသာအောင် နေတတ်ရမယ်။ နေနိုင်ရမယ်။ ဒီအချက်ကို သားတို့သမီးတို့အရွယ်တွေ သေသေချာချာ သဘောပေါက်စေချင်တယ်။👭👫👬

🌾🌾🌾
စိတ်မှာ ကြည်လင်မှု အေးချမ်းမှု ရှိနေမယ်။ ရွှင်လန်းမှုလည်း ရှိနေမယ်။ ကိုယ်ချစ်တဲ့အလုပ် နှစ်သက်တဲ့အလုပ်ကိုလည်း လုပ်ရမယ်ဆိုရင် သင်ဟာအောင်မြင်တဲ့သူပါ။ အောင်မြင်မှုကို ဘာနဲ့တိုင်းတာမလဲ။ များသောအားဖြင့်တော့ ပစ္စည်းဥစ္စာဘယ်လောက်ရှာနိုင်သလဲ။ ရာထူးဘယ်လောက်ကြီးသလဲဆိုတာနဲ့ပဲ တိုင်းတာကြတယ်နော်။ ပစ္စည်းမရှာနိုင်ကြတဲ့အခါ  ရာထူးမရှိတော့တဲ့အခါ ဘယ်လိုနေမလဲ။ ကိုယ့်ဘဝမှာ အောင်မြင်တဲ့လူလို့ ကိုယ့်စိတ်ထဲမှာ ပြည့်ပြည့်ဝဝခံစားလို့ ရနိုင်ဦးမှာလား။ ဘယ်လိုမှ မရနိုင်တော့ဘူး။

🌾🌾🌾
စားဝတ်နေရေးအတွက် မလုပ်မဖြစ်လို့ ရှာရဖွေရတယ်။ နောင်ရေးအတွက်ဆိုပြီး အမြော်အမြင်နဲ့ စုဆောင်းရတယ်။ ဒါတွေဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေပါ။ ခန္ဓာရှိနေလို့ ခန္ဓာဝန်ကိုထမ်းနေရတာပါ။ ဒါတွေကို သတိလေးနဲ့ ဥာဏ်လေးနဲ့လုပ်ပါ။ မာန်မာနကြီးကြီးနဲ့ မလုပ်ပါနဲ့။ စိတ်အေးချမ်းမှုအစစ်ကိုရဖို့က သူတို့ကိုအားကိုးလို့ မဖြစ်ပါဘူး။ ပစ္စည်းဥစ္စာရာထူးဆိုတာ စားဝတ်နေရေးမျှပဲ။ ခန္ဓာကိုယ်တည်တံ့ရုံမျှပဲ။ စိတ်အေးချမ်းမှု မြင့်မြတ်မှုရဖို့ကတော့ ဝိပဿနာတရားကို တကယ်ကြိုးကြိုးစားစားအားထုတ်မှ ဖြစ်မှာပါ။☝🏼☝🏼

🌾🌾🌾
သတိ သမာဓိ ဆိုတာလည်း လူ့သဘာဝပဲ။ လူတိုင်းမှာ ပင်ကိုယ်သဘာဝအနေနဲ့ ရှိပြီးသားပါ။ လေ့ကျင့်ပြုစုပျိုးထောင်ပေးလို့ရှိရင် ပိုအားကောင်းလာနိုင်တာပဲ။ သတိ သမာဓိ ပိုအားကောင်းလာလေလေ အသိဥာဏ်ပိုရှင်းလာလေလေ ဖြစ်လာတယ်။ ဒီလို အသိဥာဏ်ပိုရှင်းလာလေလေ ဘယ်အရာကကောင်းတယ်။ ဘယ်အရာကမကောင်းဘူးဆိုတာ ပိုသိလာလေလေ ဖြစ်လာမယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်ဥာဏ်နဲ့ အမှားအမှန်ကိုသိလာတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်စိတ်ကို သတိနဲ့စောင့်ကြည့်တတ်ဖို့ အလေ့အကျင့်လုပ်သင့်တယ်။ စိတ်ထဲမှာဖြစ်သမျှ တွေးတာ၊ ကြံတာ၊ ဝမ်းနည်းတာ၊ အားငယ်တာ၊ မျှော်လင့်တာ၊ ဖြစ်ချင်တာ၊ မဖြစ်မှာကြောက်တာ စသည်ဖြင့် အားလုံးကို သတိနဲ့သိနေရင် သတိ သမာဓိ ပိုအားကောင်းလာတယ်။ သတိ သမာဓိ ပိုအားကောင်းရင် အသိဥာဏ်ဖြစ်တယ်။ ဒီတရားဟာ ဒါတွေကြောင့် အားရစရာကောင်းတာ။

🌾🌾🌾
ဒီဘုန်းကြီး ငယ်ငယ်တုန်းက ဘာမှမသိပါဘူး။ မိဘများကလည်း ဘာသာရေးနဲ့ပတ်သက်ပြီး ဘာမှ တိတိကျကျဆုံးမသွန်သင်မှု မရှိခဲ့ဘူး။ သူတို့ကိုယ်တိုင်လည်း မသိကြဘူး။ အပေါ်ယံလောက်ပဲ သိကြတာ။ ဒီလိုနဲ့ပဲကြီးလာပြီး စာပေပရိယတ္တိတွေ နဲနဲပါးပါးဖတ်ရှုရင်းနဲ့ တရားဘက်ကိုဝါသနာပါလာတယ်။ ကိုယ်လုပ်နိုင်သမျှ တစ်နေ့ကို (၁၀) မိနစ်လောက်၊ (၁၅) မိနစ်လောက်၊ မိနစ် (၂၀) လောက် လုပ်ကြည့်ရင်းနဲ့ စိတ်က ကြည်လင်အေးချမ်းလာတယ်။ အရင်လို အပျော်အပါးလည်း သိပ်မမက်တော့ဘူး။ မကောင်းမှု အကုသိုလ်တွေလုပ်ချင်တဲ့စိတ်ကလည်း တဖြေးဖြေးနဲသွားတယ်။ စိတ် ကြည်လင်အေးချမ်းလာတယ်။ ပိုပြီးနက်နဲတာတွေကို သိချင်လာတယ်။ ပိုပြီးနက်နဲတာတွေကိုသိရလေလေ စိတ်ထဲမှာ ပိုပျော်လာလေလေ ဖြစ်လာတယ်။

🌾🌾🌾
အဲဒီတုန်းက အနိစ္စ ဒုက္ခ အနတ္တဆိုတာလည်း မသိပါဘူး။ ရုပ်တရား နာမ်တရားဆိုတာလည်း ကြားတောင် မကြားဖူးသေးတဲ့အရွယ်ပါ။ ဒါပေမယ့် ကိုယ့်ဟာကိုယ် တတ်နိုင်သလောက်အချိန်ပေးပြီးတော့ အသက်ရှူတာလေးကိုသတိကပ်ပြီးတော့ သေသေချာချာ အားရပါးရအသက်ရှူတယ်။ သိနေတယ်။ ဝင်လာတာကို အစ အဆုံး သိတယ်။ ထွက်သွားတာကို အစ အဆုံး သိတယ်။ အဲဒီလို ဝင်လေသိ ထွက်လေသိ တစ်ခုခုကို စူးစူးစိုက်စိုက်လုပ်ကြည့်တော့ စိတ်က တော်တော်လေး ငြိမ်းချမ်းမှု အေးချမ်းမှုရတာကို ကိုယ့်ဟာကိုယ်ခံစားရတယ်။ အဲဒီလို တည်ငြိမ်မှု အေးချမ်းမှုကိုခံစားရတာကို သိပ်သဘောကျတယ်။ အဲဒီ တည်ငြိမ်မှု အေးချမ်းမှုထဲမှာ မြင့်မြတ်မှုသဘောလည်း ပါတယ်ဆိုတာတွေ့ရတယ်။

🌾🌾🌾
အပျော်အပါးတွေခံစားပြီးပျော်ရတာ ပျော်တော့ပျော်ရပေမယ့် မြင့်မြတ်မှုသဘော မပါဘူး။ အပျော်အပါး ခံစားရတာမဟုတ်ပဲနဲ့ ကိုယ့်ခန္ဓာမှာဖြစ်နေတဲ့ ထွက်လေ ဝင်လေကို သတိလေးနဲ့ကပ်ပြီး သိနေရတဲ့အချိန်မှာ ဘာမှမတွေးပဲနဲ့နေရတဲ့အတွက် ကြည်လင်အေးချမ်းပြီးတော့ မြင့်မြတ်နေတယ်ဆိုတာ တွေ့ရတယ်။ အဲဒီလို သန့်ရှင်းနေတာ မြင့်မြတ်နေတာကို အင်မတန်သဘောကျတယ်။ အဲဒီအခါ ဘယ်လိုတွေးမိသလဲဆိုတော့ တရားအားထုတ်တယ်ဆိုတာ လူ့သဘာဝပဲ။ လူမှာ မြင့်မြတ်မှုအေးချမ်းမှုကိုနှစ်သက်တဲ့ သဘာဝလည်း ရှိတယ်လို့ တွေးမိတယ်။

🌾🌾🌾
အေးချမ်းမှု တည်ငြိမ်မှုကို နှစ်သက်တဲ့စိတ်ရှိတာ၊ မြင့်မြတ်တဲ့စိတ်ထားနဲ့ လေးနက်တဲ့အသိဥာဏ်ကို နှစ်သက်တဲ့စိတ်ရှိတာဟာ လူ့သဘာဝပဲ။ ကိုယ့်သဘာဝထဲမှာရှိနေတဲ့ အကောင်းဆုံးအရာတွေကို အတတ်နိုင်ဆုံးထွက်ပေါ်လာအောင် ကိုယ့်ဟာကိုယ်ကျင့်ကြံအားထုတ်ရတာ စိတ်ကျေနပ်မှုအရဆုံးပါပဲ။👌🏼👌🏼

🌾🌾🌾
"ကိုယ်ရဲ့ကိုယ်ရည်ကိုယ်သွေးကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်” ဆိုပြီးတော့ ဒီတ၇ားလမ်းကိုေ၇ွှးချယ်လိုက်တဲ့သူဟာ သူများနဲ့ပြိုင်ဖို့ မလိုတော့ဘူး။ သူတို့လမ်း သူတို့သွားတာ၊ ငါ့လမ်း ငါသွားတာ။ ပြိုင်ဖို့မလိုဘူး။

🌾🌾🌾
တချို့ ရောဂါဖြစ်လို့ ဆေးသောက်တာတောင်မှ “ငါ့ရောဂါက တော်တော်တန်တန်ဆေးနဲ့မရဘူး။ သားက အင်္ဂလန်ကနေပို့ပေးနေလို့၊ ဒီမှာ ဝယ်လို့တောင်မရဘူး” ဆေးချင်းတောင် ပြိုင်လိုက်သေးတယ်။ ရောဂါချင်းပြိုင်သေးတယ်။ တစ်နည်းနည်းနဲ့ သူများထက်သာချင်တယ်။ သို့မဟုတ်ရင် “ငါက ဘယ်သူမှဂရုမစိုက်ဘူး။ အထင်မကြီးဘူး”ဆိုတဲ့ အပြောမျိုးနဲ့ မာနကြီးနေတတ်တယ်။

🌾🌾🌾
သူများကို “သူက မာနကြီးလိုက်တာ” လို့ အပြစ်တင်တယ်။ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ကြည့်ပါ။ ငါရော မာနမကြီးဘူးလား။ ကိုယ့်အမှား ကိုယ့်ချို့ယွင်းချက်ကို မမြင်ဘဲ မပြင်ဘဲ သူတစ်ပါးအမှားကိုလိုက်အပြစ်တင်နေတာ အကျိုးမရှိဘူး။ ဒါကြောင့် သူများတွေ မာနကြီးတဲ့အပြုအမူတွေ လုပ်တာတွေ့တဲ့အခါ အပြစ်တင်မစောဘဲနဲ့ “ငါ့မှာလည်း မာနရှိတာပဲ၊ သတိထားပြီး သေသေချာချာ ကြည့်ကြည့်မယ်” ဆိုတဲ့ စိတ်မျိုးမွေးတာက ပိုပြီးရင့်ကျက်တဲ့သဘောထား ဖြစ်ပါတယ်။

🌾🌾🌾
ကိုယ့်အပြစ်ကိုကိုယ် လက်မခံနိုင်ရင် ဖုံးထားရင် အဲဒီအပြစ်မျိုးသူများမှာတွေ့တဲ့အခါ ပိုပြီးအပြစ်တင်တတ်တယ်။ ဒါကြောင့် သူများကို အကြောင်းတစ်ခုခုကြောင့် အပြစ်တင်တာလွန်ကဲလာရင် အဲဒီအပြစ်မျိုး ကိုယ့်မှာလည်းရှိလို့၊ လက်မခံချင်လို့၊ ဖုံးထားချင်လို့ဆိုတာ ရိုးရိုးသားသား သတ္တိရှိရှိ ကြည့်ဖို့လိုတယ်။ ကိုယ့်မှာ တကယ်မာနနည်းရင်၊ မာနမရှိရင် သူများမာနကြီးတာကို အပြင်းအထန်အပြစ်တင်မနေဘူး။ ကိုယ်က တကယ်လောဘနည်းရင်၊ လောဘမရှိရင် သူများလောဘကြီးတာကို အပြင်းအထန်အပြစ်တင်မနေဘူး။ ကိုယ့်မှာ တကယ်ဒေါသနည်းရင်၊ ဒေါသမရှိရင် သူများဒေါသကြီးတာကို အပြင်းအထန်အပြစ်တင်မနေဘူး။ သူမသိလို့ သူ့မာန သူ့လောဘ သူ့ဒေါသက နှိပ်စက်နေတာပါလားလို့မြင်ပြီးတော့ သိမ်မွေ့တဲ့နည်းနဲ့ သူမြင်လာအောင် ညွှန်ပြပေးမယ်။ ပုဂ္ဂိုလ်ရေးရှုံ့ချတာ တိုက်ခိုက်တာ အပြစ်တင်တာတော့ မလုပ်ဘူး။
          
🌾🌾🌾
မာနဖြစ်နေတဲ့အခါမှာလည်း သူကသာတယ်။ ငါကသာတယ်။ ဘယ်သူကတော့ ငါ့ကို မလေးမစားပြောတယ်။ ဘယ်သူကတော့ ငါ့ကိုအထင်မကြီးဘူး စသည်ဖြင့် ဒီလိုအတွေးတွေပေါ်လာတဲ့အခါ စိတ်ဟာ အင်မတန်ပင်ပန်းနေပါတယ်။ အဲဒီအခါမှာ စိတ်ကိုတည့်တည့်ကြည့်လိုက်ရင် ချက်ချင်းသိတာပဲ။ တည့်တည့်ရှုမှတ်နိုင်ရင် ဒီစိတ်က ပျောက်သွားတာပဲ။ ဒါ့ကြောင့် ပစ္စုပ္ပန်တည့်တည့်ရှုမှတ်နိုင်ဖို့ အလေ့အကျင့်လုပ်ဖို့လိုတယ်။ မကောင်းတဲ့စိတ်ဖြစ်တာကိုလည်း ကိုယ့်ကိုယ်ကို သိပ်ပြီးအပြစ်တင်နေဖို့ မလိုပါဘူး။ ဖြစ်စရာအကြောင်းရှိလို့ သဘာဝအရဖြစ်တာပဲ။ ပုဂ္ဂိုလ်သတ္တဝါ အတ္တမှမဟုတ်ပဲ။ အကြောင်းရှိသရွေ့ဖြစ်ဦးမှာပဲ။ မာနဆိုတာ အရဟတ္တမဂ်ရမှ ကုန်တော့တာပါ။

🌾🌾🌾
မာနဖြစ်လာတဲ့အခါ နှိုင်းယှဉ်ပြီးတွေးနေရသေးတဲ့အတွက် ပူလောင်မှု အများကြီးဖြစ်နေရတယ်။ ဘယ်လို ကိလေသာမျိုးပဲဖြစ်ဖြစ် ကိလေသာဖြစ်နေတဲ့အချိန်မှာ ငြိမ်းချမ်းမှုမရှိဘူး။ တရားအားထုတ်ထားတဲ့သူ၊ ငြိမ်းချမ်းမှုကိုသိထားတဲ့သူဟာ သူ့မှာ တိုင်းတာစရာလေးတစ်ခု ရှိနေသလိုပဲ။ နဂိုကတည်းက တရားအားမထုတ်တဲ့သူဟာ တရားရဲ့ငြိမ်းချမ်းမှုကို မခံစားဖူးတော့ သူ့မှာ တိုင်းတာစရာမရှိသလို ဖြစ်နေတယ်။ အဲဒီအတွက်ကြောင့် မာနစိတ်ဖြစ်လာရင် အဲဒီမာနကိုပိုပြီးတော့အားပေးတဲ့ အတွေးတွေကိုတွေးတယ်။ ငါ့အကြောင်း တစ်နေ့သိရမယ်။ ငါ့အကြောင်း ပြလိုက်မယ်။ သူ့ထက်သာအောင် လုပ်ပြလိုက်မယ်။ အပြိုင်အဆိုင် ဝတ်လိုက်မယ်၊ စားလိုက်မယ်၊ ကြွားလိုက်မယ်ဆိုတဲ့အတွေးတွေ အများကြီးတွေးတယ်။ အဲဒီလိုတွေးလေလေ ပိုပင်ပန်းလေလေ ပိုဆင်းရဲလေလေပဲ။

🌾🌾🌾
မာနက ကိုယ့်ကုပ်ကိုခွစီးပြီးတော့ "လုပ်ဟဲ့ - လုပ်ဟဲ့၊ သူ့ထက်သာအောင် ကြွားဟဲ့ - ကြွားဟဲ့" လို့ ကုပ်ကို ခွစီးပြီး ကိုယ့်ကိုနှင်တံနဲ့အတင်းထိုးနေလို့ ကိုယ့်မှာအမောဆို့နေတာတောင်မှ မနားနိုင်ပဲ ပြေးလွှားနေရတာကို မသိဘူး။ ကိုယ့်ကိုယ်ကိုတော့ ငါ လွတ်လွတ်လပ်လပ်ကြီးလုပ်နေရပြီလို့ မှတ်နေတာပဲ။ အမှန်တော့ မာနကကုပ်ခွစီးပြီး ခိုင်းနေတာကိုမသိလို့ ဒီလိုထင်တာပါ။

🌾🌾🌾
တရားအားထုတ်လို့ လောဘ ဒေါသ မာန ဣဿာမစ္ဆရိယ ဥဒ္ဓစ္စ ကုက္ကုစ္စ ဝိစိကိစ္ဆာ ထိနမိဒ္ဓ အစရှိတဲ့ကိလေသာတွေ ကင်းစင်နေပြီးတော့ အလွန်သန့်ရှင်း ကြည်လင်ငြိမ်းချမ်းတဲ့စိတ်ကလေးကို ခဏလေးပဲဖြစ်ဖြစ် ကြုံဖူးထားတဲ့သူဟာ သူ့မှာ နှိုင်းယှဉ်စရာစိတ်ကလေးတစ်ခု ရထားပြီးဖြစ်တဲ့အတွက် လွတ်လပ်တဲ့စိတ်နဲ့ မလွတ်လပ်တဲ့စိတ်ကို ခွဲခြားပြီးသိနေတယ်။ တစ်ခြားကိလေသာတွေ ဝင်လာတိုင်း ဝင်လာတိုင်း သူသိထားတဲ့ စင်ကြယ်တဲ့ ငြိမ်းချမ်းတဲ့စိတ်ရဲ့ချမ်းသာမှုနဲ့ ဘယ်လောက်ကွာခြားနေသလဲဆိုတာ ချက်ချင်းသိတယ်။ သိနေတော့ တာရှည်လက်မခံချင်တော့ဘူး။ ကိလေသာစိတ်ကို မွေးမထားတော့ဘူး။

🌾🌾🌾
သတိနဲ့ စိတ်ကိုသိနေတယ်။ သိတဲ့သတိထဲမှာ ဥာဏ်ပညာပါနေတဲ့အတွက်ကြောင့် ပစ္စုပ္ပန်တည့်တည့် ရှုမှတ်လိုက်တာနဲ့တစ်ပြိုင်နက်ထဲ ဖြစ်နေတဲ့ကိလေသာဟာ ချက်ချင်းပဲရပ်သွားတယ်။ ဆက်ပြီး ဖြစ်ခွင့်မရတော့ဘူး။ ဖြစ်ကြောမရှည်တော့ဘူးပေါ့။ ငြိမ်းချမ်းတဲ့စိတ် ပြန်ရသွားတယ်။ ဒါ့ကြောင့် ကိုယ့်မှာ ငြိမ်းချမ်းတဲ့စိတ်ရှိနေချင်ရင် တစ်နေ့တာလုံး သတိနဲ့ သိပြီးတော့နေပါ။ ငြိမ်းချမ်းတဲ့စိတ်ဟာ မြင့်မြတ်တာ ကြီးကျယ်တာကို သိနိုင်ဖို့ လွတ်လပ်မှုရှိနေတယ်။

🌾🌾🌾
တကယ်လေးနက်တဲ့ မြင့်မြတ်တဲ့အသိဥာဏ်ကိုလိုချင်ရင် စိတ်ကို ငြိမ်းချမ်းအောင်ထားရမယ်။ စိတ်မငြိမ်းချမ်းရင် ပင်ပန်းသွားတယ်။ အားအင်ကုန်သွားတယ်။ ကြည်လင်မှု မရှိတော့ဘူး။ စိတ်အင်အားမရှိရင် တရားအားထုတ်လို့မရဘူး။ စိတ်မှာအင်အားတွေပြည့်နေမှ၊ ခန္ဓာကိုယ်မှာလည်း အင်အားတွေပြည့်နေမှ၊ တရားထိုင်နေတဲ့အခါမှာ ထိထိမိမိ စီးစီးပိုင်ပိုင်သိနိုင်တယ်။ သတိက တစ်ဆက်တည်းကပ်ပြီးတော့ သိနေတယ်။ သတိကောင်းနေတော့ ထားတဲ့နေရာမှာစိတ်ကနေတယ်။ တရားအားထုတ်တဲ့အလေ့အကျင့် ရှိတဲ့သူဆိုရင် ဒီသဘောကို ကောင်းကောင်းသိနိုင်တယ်။

🌾🌾🌾
စိတ်မှာ မာနဖြစ်လာတိုင်း ကြည့်ကြည့်ပြီးတော့ သိလာလို့ရှိရင် အလိုလိုရှင်းသွားတယ်။ သူ့ကို တမင်တကာ ပယ်ဖို့ ဖျောက်ဖို့ မလိုဖူး။ ဖြစ်တိုင်း ဖြစ်တိုင်း သိဖို့ပဲလိုတယ်။ ဒီလိုသိလို့ရှိရင် သူတို့ အဖြစ်နည်းသွားတယ်။ သူတို့ရဲ့လွှမ်းမိုးမှု နည်းသွားတယ်။ အလုပ်လုပ်တဲ့အခါ ဒေါသ လောဘ မာနတွေရဲ့ လွှမ်းမိုးမှုနဲ့မလုပ်ဖူး။ မနာလိုမှု သံသယတွေရဲ့ လွှမ်းမိုးမှုနဲ့မလုပ်တော့ဖူး။ အသိလေးဥာဏ်လေးနဲ့ သိပြီးတော့ ကြည့်ပြီးတော့ လုပ်တဲ့အတွက်ကြောင့် ကိုယ်လည်းအကျိုးရှိ သူတစ်ပါးလည်းအကျိုးရှိအောင် လုပ်တာပဲများတယ်။ မှားရင်လည်း မတော်တဆမှားသွားတာပဲ။ လောဘ ဒေါသတွေရဲ့လွှမ်းမိုးမှုတွေပါလွန်းလို့ အမှားများပြီး ရှုပ်ထွေးပြီးတော့ အများကြီးဒုက္ခဖြစ်တယ်။ ကိုယ့်ဘဝကို ရိုးရှင်းတဲ့ဘဝဖြစ်ချင်လို့ အမြဲတမ်း သတိလေးကပ်ပြီးတော့ သိနေတာပါ။💫💫

🌾🌾🌾
နိဗ္ဗာန်ချမ်းသာကို သန္တိသုခလို့ပြောကြတယ်။ သန္တိဆိုတဲ့စကားလုံးလေးကိုမြင်လိုက်လို့ သူ့အဓိပ္ပာယ်ကိုအာရုံပြူလိုက်ပြီဆိုတာနဲ့ စိတ်က ချက်ချင်း နဲနဲတော့ငြိမ်းချမ်းသွားတယ်။ ကိုယ့်ကိုကိုယ် ပြန်သတိပေးလိုက်သလိုပဲ။ "သန္တိဆိုတဲ့စကားလုံး ငြိမ်းချမ်းတဲ့အဓိပ္ပာယ်ရှိတဲ့ စကားလုံးလေးကိုကြားရရုံနဲ့ စိတ်က ထိုက်သင့်သလောက် ငြိမ်းချမ်းသွားပါတယ်။ မြတ်စွာဘုရားက "သုတဝသေနပိဟိ ဥပသမေ စိတ္တံပသီဒတိ" တဲ့။ "ငြိမ်းချမ်းခြင်းဆိုတာ ကြားရရုံမျှနဲ့ စိတ်က ကြည်လင်ပါတယ်" တဲ့။ ဒါ့ကြောင့် တရားကို တကယ်ကိုယ်ထိလက်ရောက်အားထုတ်ရင် တကယ်ပဲငြိမ်းချမ်းတာနော်။ ဘယ်လောက်ကောင်းသလိုက်ဆိုတာ  စဉ်းစားကြည့်ပါ။⚡️⚡️

🌾🌾🌾
လွတ်လပ်မှုထဲမှာ စိတ်ငြိမ်းချမ်းမှုပါဝင်နေတယ်။ စိတ်ရဲ့ငြိမ်းချမ်းမှုဟာ အခြေခံကျတဲ့ လွတ်လပ်မှုတစ်မျိုးပါပဲ။ ဝိပဿနာဥာဏ်မရသေးရင်တောင်မှ သတိ၊သမာဓိရှိနေရုံနဲ့ စိတ်ရဲ့ငြိမ်းချမ်းမှုကို အတော်အတန်ရပါတယ်။ ငြိမ်းချမ်းသလောက်ပဲ လွတ်လပ်တယ်။ သတိ၊သမာဓိပိုကောင်းလေလေ ပိုငြိမ်းချမ်းလေလေပဲ။ ဝိပဿနာဥာဏ်၊ မဂ်ဥာဏ်၊ ဖိုဥာဏ်ရရင်တော့ အင်မတန်လွတ်လပ်သွားတာပဲနော်။

🌾🌾🌾
ပထမမဂ်ဖြစ်တဲ့ သောတာပတ္တိမဂ်ကိုရရင်ပဲ အင်မတန်အနှောင်အဖွဲ့ကြီးမားတဲ့ သက္ကာယဒိဋ္ဌိကနေ လွတ်လပ်သွားပါတယ်။ လူတွေမှာ ဝန်ထုပ်ဝန်ပိုးအကြီးဆုံးက သက္ကာယဒိဋ္ဌိပါ။ လောဘ ဒေါသ မာန မဟုတ်ပါဘူး။ လောဘ ဒေါသ မာနရဲ့ဝန်ထုပ်ဝန်ပိုးက သက္ကာယဒိဋ္ဌိလောက် မကြီးပါဘူး။ သတိနဲ့ ဥာဏ်နဲ့နေတတ်ရင် တော်တော်လေးလျှော့လို့ရပါတယ်။ ဒါ့ကြောင့် လောဘ ဒေါသကိုပယ်ဖို့က ပထမ အရေးအကြီးဆုံးမဟုတ်ပါဘူး။ အားလုံးဟာအနတ္တပါလားဆိုတာ တကယ်သဘောပေါက်ဖို့က အရေးအကြီးဆုံးပါ။
               
🌾🌾🌾
ကိလေသာ ဖြစ်တိုင်း ဖြစ်တိုင်း သိပြီးတော့ စိတ်ကိုငြိမ်းချမ်းအောင် ပြန်ထားပါ။ ဒီခန္ဓာမှာဖြစ်သမျှ ရုပ်တရား နာမ်တရားတွေ ဝေဒနာတွေ၊ စိတ်မှာဖြစ်သမျှ သောမနဿ ဒေါမနဿအပါအဝင် အတွေးတွေအားလုံးကို သေသေချာချာရှုမှတ်ပြီးတော့ ဒါတွေဟာ သဘာဝတရားတွေပဲ။ ဖြစ်စရာအကြောင်းရှိလို့ဖြစ်တာလို့ မြင်ဖို့လိုပါတယ်။ ဖြစ်သမျှအားလုံးကို ပစ္စုပ္ပန်တည့်တည့်သိရင် သိတာနဲ့တစ်ပြိုင်နက်ထဲ မရှိတော့ဘူး။ သိတာနဲ့တစ်ပြိုင်နက်ထဲ မရှိတော့ဘူး။ ဒီလိုရှုမှတ်နေရင် ဘယ်ဟာကိုမှ ငါလို့ခေါ်လို့မရတော့ပါ့လားလို့ သိလာတယ် ။
               
🌾🌾🌾
ဒီထက် သတိ၊သမာဓိပိုကောင်းလာရင် ရုပ်တရား နာမ်တရားကိုသိနေတဲ့ ဝိပဿနာရှုစိတ်၊ ဝိပဿနာ ဥာဏ်ကိုပဲ ပြန်ကြည့်လို့ရတယ်။ ရုပ်တရား နာမ်တရားတွေကိုကြည့်ပြီး သူ့သဘောသူဆောင်နေပါ့လားလို့သိနေတဲ့ အနတ္တစိတ်ဖြစ်တယ်။ ဖြစ်နေတဲ့အနတ္တဥာဏ်ကို ပြန်ကြည့်လို့ရတယ်။ အနိစ္စကိုမြင်နေရင် အနိစ္စဥာဏ်ကို ပြန်ကြည့်လို့ရတယ်။ ဒုက္ခကိုမြင်နေရင် ဒုက္ခဥာဏ်ကို ပြန်ကြည့်လို့ရတယ်။ ဒီလိုကြည့်နိုင်ရင် သိနိုင်ရင် ဓမ္မာနုပဿနာဖြစ်နေတာပဲ။

🌾🌾🌾
ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ အားထုတ်ရင်းကနေ ဓမ္မာနုပဿနာဖြစ်သွားတယ်နော်။ ဒီလိုဖြစ်သွားမှ ဝိပဿနာဥာဏ် ပိုရင့်ကျက်လာတယ်။ ဒီလိုမသိရင် မမြင်ရင် ငါသိတယ်လို့ ထင်နေတတ်တယ်။ အနိစ္စကို ငါသိတယ်၊ အနတ္တကို ငါသိတယ် ဆိုပြီး သိတဲ့အထဲမှာ "ငါ" ပါနေတယ်။ သိတာကိုပါ ပြန်သိနိုင်မှ သိနေတဲ့စိတ်ကလေး ငါမဟုတ်ဘူးဆိုတာ သဘောပေါက်လာတယ်။ ဝိပဿနာဥာဏ်နဲ့ယှဉ်တဲ့စိတ်ကသာ ဝိပဿနာရှုနေတာပါ။ သတိနဲ့ဥာဏ်နဲ့ယှဉ်တဲ့စိတ်ကသာ ဝိပဿနာရှုနေတာပါ။ ဘယ်သူက ဝိပဿနာတရားအားထုတ်နေတာပါလို့ ပြောလို့ မရတော့ဘူး။
         
🌾🌾🌾
အစတုန်းကတော့ ငါတရားထိုင်နေတာလို့ ထင်တယ်။ နောက်တော့ အဲဒီစိတ်ကိုရှုမှတ်ရင်း ရှုမှတ်ရင်းနဲ့ သိနေတဲ့စိတ်ကိုပြန်သိနေတဲ့အခါကျမှ တရားကသာ တရားကိုအားထုတ်တာ။ သင်္ခါရတရားတွေဟာ သင်္ခါရတရားတွေကိုရှုမှတ်နေတာလို့ မြင်လာတယ်။ အဲဒီအခါကျမှ ငါ့တရား ငါ့သမာဓိ ငါ့ဥာဏ်လို့ မထင်တော့ဘူး။ တဖြေးဖြေးနဲ့ အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ ကင်းကွာသွားတယ်နော်။ ဒီလိုနဲ့ပဲ တရားအားထုတ်ရင်း အားထုတ်ရင်းနဲ့ မဂ်ဥာဏ်ဖိုဥာဏ် ရသွားရင် သက္ကာယဒိဋ္ဌိပြုတ်သွားတာနဲ့ အင်မတန် သက်သာပေါ့ပါးသွားတယ်။ လူတွေကို ဝန်ထုပ်ဝန်ပိုးကြီးဖြစ်စေတာဟာ သက္ကာယဒိဋ္ဌိပါ။
              
🌾🌾🌾
ဒါ့ကြောင့် အချိန်ရသလောက် ငြိမ်းချမ်းအောင်နေပါ။ ငြိမ်းချမ်းမှုထက်တန်ဖိုးရှိတာ ဘာမှမရှိတော့ပါဘူး။ စိတ်ရဲ့သဘာဝကို သိသိပြီးတော့ စိတ်မှာငြိမ်းချမ်းမှုရလာရင် ကြာလေ လွတ်လပ်လေ အေးချမ်းလေ ဖြစ်လာမယ်။ အမြင့်ဆုံး မဂ်ဥာဏ်ဖိုဥာဏ်အထိ ရနိုင်တယ်။ လုပ်တတ်ရင် အချိန်တိုင်းဟာ တရားအားထုတ်တဲ့အချိန်ပါ။ နေတတ်ရင် နေရာတိုင်းဟာ တရားအားထုတ်တဲ့နေရာပါ။ ဘယ်အချိန်ကျမှ ဘယ်နေရာ ကျမှလို့ အချိန်ရွေ့နေဖို့ နေရာရွေ့နေဖို့ မလိုပါဘူး။
          
🌾🌾🌾
တရားနဲ့မှမနေတတ်ရင် မငြိမ်းချမ်းပါဘူး။ အားထုတ်တဲ့နည်းတွေက မခက်ခဲပါဘူး။ ဘယ်နည်းနဲ့ပဲအားထုတ် အားထုတ်၊ ပရမတ်တည့်ဖို့နဲ့ ပစ္စုပ္ပန်တည့်ဖို့ပဲ လိုပါတယ်။ ဘာအတွေးအတောမှမပါပဲနဲ့ ပစ္စုပ္ပန်တည့်အောင်ရှုမှတ်နိုင်ရင် ဘယ်လိုနည်းနဲ့ပဲရှုမှတ် ရှုမှတ်၊ ဝိပဿနာဥာဏ် မဂ်ဥာဏ်ဖိုဥာဏ် ရနိုင်တာချည်းပဲ။ အားထုတ်နည်းတွေနဲ့ပတ်သက်ပြီး အငြင်းပွားတာ သံသယဖြစ်တာမျိုး မဖြစ်စေချင်ပါဘူး။ ကိုယ့်အတွက်အဆင်ပြေတဲ့နည်းနဲ့ ပရမတ်တည့်အောင် ဇွဲကောင်းကောင်းနဲ့ ရေရှည်အားထုတ်ဖို့ပဲ လိုပါတယ်။
           
🌾🌾🌾
ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေ ဆွေမျိုးတွေကို တရားလက်ဆောင်ပေးပါ။ ကိုယ့်သားသမီးတွေကို တရားအမွေပေးပါ။ သတိပဋ္ဌာန်တရားကိုကျင့်သုံးနိုင်မှ ငြိမ်းချမ်းမှုအစစ်အမှန်ကို ရနိုင်ပါတယ်။ သတိပဋ္ဌာန်တရားကို ပြည့်ပြည့်စုံစုံအားထုတ်နိုင်ပြီးတော့ စစ်မှန်တဲ့ငြိမ်းချမ်းမှု၊ စစ်မှန်တဲ့လွတ်လပ်မှုရှိတဲ့  အပျော်ဆုံးလူတွေ ဖြစ်နိုင်ကြပါစေ။    ။❄❄

💢ဆရာတော်ဦးဇောတိက💢
    🍃(မဟာမြိုင်တောရ)🍃
                       ၏
         💧အပျော်ဆုံးလူ💧
  💧စိတ်နှလုံးရွှင်လန်းစေဖို့💧
  💧စိတ်ချမ်းသာဖို့လိုရင်းပါ💧
           📖စာအုပ်တို့မှ📖
   ရွှေးယူပေါင်းစုဖေါ်ပြပါသည်။

Credit - ဘဝ

Credit: Original upload

No comments:

Post a Comment