Sunday, April 23, 2017

အတ္တာဟိအတ္တနော နာထော

အတ္တာဟိအတ္တနော နာထော
~~~~~~~~~~~~~~~~~~~
၂၀၁၇ ဧပြီလ (ခ)

ကိုယ့်ကိုယ်ကိုယ် အားကိုးဟူသည်
--------------------------------------

ဒါဖြင့် ကိုယ့်ကိုယ်ကိုယ် အားကိုးဆိုတာ ဘာလဲဆိုရင် မြတ်စွာဘုရားက ကိုယ့်ကျင့်သုံးတဲ့ ဓမ္မကို အားကိုးခိုင်းတာ၊ ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံတော့ ညီတော်စုန္ဒက ရှင်သာရိပုတ္တရာရဲ့ သပိတ် သင်္ကန်းစတဲ့ ကျန်ရစ်တဲ့ ပစ္စည်းတွေကို ယူပြီး ရှင်အာနန္ဒာနဲ့ မြတ်စွာဘုရားဆီ သွားကြတယ်။

ရှင်အာနန္ဒာကလျှောက်တယ် - “အရှင်ဘုရား၊ ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံသွားပြီ ကြားတော့ စိတ်မကောင်းဖြစ်လိုက်တာ၊ အရှေ့, အနောက်, တောင်, မြောက် အရပ်မျက်နှာတွေကိုတောင် မသိအောင် ဖြစ်နေပါတယ်၊ တရားဓမ္မတွေလည်း တပည့်တော် စိတ်ထဲပေါ်မလာတော့ဘူး၊ တရားနှလုံးသွင်းလို့လည်း မရဘူးဖြစ်နေပါတယ်၊ သောတာပန်ပုဂ္ဂိုလ်ပေမဲ့ စိတ်ဆင်းရဲမှုတွေ ဖြစ်နေတယ်၊ အဲဒီလို ကြားရတော့ တပည့်တော် အင်မတန်မှ စိတ်ဆင်းရဲမှုတွေ ဖြစ်ပါတယ်”။

မြတ်စွာဘုရားက လမ်းကြောင်း ဖြောင့်ပေးတဲ့အနေနဲ့ -
“နေပါဦး အာနန္ဒာ - ရှင်သာရိပုတ္တရာ ပျံလွန်တဲ့အခါ မင်းဆီက သီလတွေ, ပညာတွေ ပါသွားလို့လား” တဲ့။
“အဲဒီလိုတော့ ပါမသွားပါဘူး” တဲ့။
“ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ ဆုံးမတတ်တယ်၊ တရားဓမ္မတွေ ဟောတတ်တယ်၊ ပညာရှိတယ်၊ သူဟောပြောတဲ့ တရားဓမ္မကို နာရမယ့် အခွင့်အရေးတွေ ဆုံးရှုံးသွားလို့ပါ” တဲ့။

“အာနန္ဒာ - သင်္ခါရတရားဆိုတာ ဘယ်ဟာမှ မမြဲဘူး၊ ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာ ပုဂ္ဂိုလ်ကို အားမကိုးနဲ့၊ ပုဂ္ဂိုလ်ကို အားကိုးရင် ထိုပုဂ္ဂိုလ်ဟာ မကြာခင်ဘဲ ပျောက်ဆုံးသွားတတ်တယ်၊ ထိုအခါ အားကိုးစရာ မရှိတော့ဘူး”။

မြတ်စွာဘုရားလက်ထက်ဆိုလျှင် ဘုရားကို ကြည်ညိုလို့ ဘုရားကို အားထားကြတယ်၊ ဘုရား ပရိနိဗ္ဗာန်စံသွားတယ်၊ ရှင်သာရိပုတ္တရာကို အားကိုးကြတယ်၊ ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံသွားတယ်၊ ရှင်အာနန္ဒာကို အားကိုးကြတယ်၊ ရှင်အာနန္ဒာ ပရိနိဗ္ဗာန်စံသွားတယ်၊ ပုဂ္ဂိုလ်ဆိုတာ ထာဝရအားကိုးလို့ မရဘူးတဲ့၊ အမြဲရှိနေတာက ဓမ္မပဲ။ ကိုယ်ကျင့်သုံးနေတဲ့ဓမ္မဟာ ကိုယ်နဲ့ အတူရှိနေတာပဲ။ ဘဝသံသရာ ခရီးသွားတဲ့အခါ ကိုယ်တစ်ယောက်တည်း သွားရတာ။ အဲဒါကြောင့် ကိုယ်နဲ့ အတူသွားတာဆိုရင် ဓမ္မသာ ဖြစ်တယ်။

မြတ်စွာဘုရားက “အတ္တာ ဟိ အတ္တနော နာထော - မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာ” တဲ့။ ကိုယ်ကျင့်သုံးထားတဲ့ တရားဓမ္မသည်သာလျှင် ကိုယ့်ရဲ့ ကိုးကွယ်ရာ၊ ပုဂ္ဂိုလ်ဆိုတာ တကယ်အားဖြင့် ကိုးကွယ်ရာ မဟုတ်ဘူးတဲ့၊ အကူအညီလောက်သာ ရတာ။

မြတ်စွာဘုရားဟောတဲ့ ဂါထာအပြည့်အစုံက “အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ” မိမိသာလျှင် မိမိရဲ့ကိုးကွယ်ရာဖြစ်တယ်၊ မိမိမှတစ်ပါး တခြားပုဂ္ဂိုလ်သည် ကိုးကွယ်ရာ ဘယ်မှာ ဖြစ်နိုင်မလဲ၊ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့ မဖြစ်နိုင်တာလဲဆိုရင် ကိုယ်ကိုယ်တိုင် မလုပ်ဘဲနဲ့, ကိုယ့်ကိုယ်ကိုယ် မဆုံးမဘဲနဲ့ ပေးလို့ ကမ်းလို့ရတယ် ဆိုတာ မရှိနိုင်ပါဘူး။ ကိုယ်ကိုယ်တိုင် ကျင့်သုံးမှ, ကိုယ့်စိတ်ထဲ ဖြစ်အောင်လုပ်မှ ဖြစ်နိုင်တယ်၊ ထာဝရ ကိုယ်အားကိုးရမယ့်အရာဟာ ကိုယ့်ရဲ့တရားပဲ။ ဟုတ်တယ်လေ၊ ကိုယ့်ရဲ့တရားကသာ ကိုယ်နဲ့ အမြဲရှိနေမှာ။ ဒီ့ပြင် အရာဟာ ကိုယ်နဲ့ အမြဲ မရှိနိုင်ဘူး။

မိဘတွေက သားသမီးတွေကို အားကိုးရမယ် ထင်နေတာ၊ သူတို့ အလုပ်အကိုင်နဲ့သူတို့ တခြားရောက်နေရင် အားကိုးလို့ရမှာ မဟုတ်ဘူး။ မိတ်ဆွေတွေဆိုရင်လည်း သူတို့ အလုပ်အကိုင်နဲ့သူတို့, ကိုယ်လည်း ကိုယ့်အလုပ်အကိုင်နဲ့ ကိုယ်၊ ကိုယ် အားထားရာဆိုတာ ကိုယ့်ရဲ့တရားသာဖြစ်တယ်။ ဘဝခရီးကို ဖြတ်သန်းသွားရာမှ ကိုယ်နှင့်အတူ ရှိနေရမယ့်အရာက တရားသာ ဖြစ်တယ်။ ဒါကြောင့် အားကိုးမှု မလွဲစေဖို့ လောကအမြင်နဲ့ မတူတဲ့ အမြင်တစ်ခုကို ဟောတာ။

“အတ္တာ ဟိ အတ္တနော
နာထော၊
ကော ဟိ နာထော
ပရော သိယာ၊
အတ္တနာ ဟိ သုဒန္တေန၊
နာထံလဘတိ ဒုလ္လဘံ”

“အတ္တာ ဟိ - မိမိကိုယ်တိုင်သာလျှင်၊ အတ္တနော - မိမိရဲ့၊ နာထော - ကိုးကွယ်အားထားရာ ဖြစ်ပေတော့သည်။”

အဲဒီလို စိတ်ထဲ မှတ်ထား၊ ဒီကြားထဲ သားအားကိုးရမလား, သမီးအားကိုးရမလား, ဆွေမျိုးအားကိုးရမလား၊ သွားမတွေးနဲ့၊ အားကိုးမှားသွားရင် တကယ့်အချက်ကျ ဘယ်သူမှ မကယ်နိုင်ဘူး။ အဲဒီတော့ အားကိုးရမှာက “အတ္တာ ဟိ - မိမိသာလျှင်, အတ္တ နော နာထော - မိမိရဲ့ကိုးကွယ်ရာ အစစ်ဖြစ်၏”၊ မိမိမှတစ်ပါး သားပင်ဖြစ်စေ၊ သမီးပင်ဖြစ်စေ၊ မိဘပင်ဖြစ်စေ အခြားဘယ်သူမှ ကိုးကွယ်ရာ မဖြစ်နိုင်ဘူး။

“အတ္တနာ ဟိ သုဒန္တေန - မိမိကိုယ်တိုင်ဆုံးမ၍ တရားဓမ္မကို ကျင့်သုံးနိုင်ခြင်းဖြင့်၊ နာထံ - တကယ်အားကိုးရာဖြစ်တဲ့ တရားထူး တရားမြတ်ကို၊ လဘတိ - ရနိုင်ကြပါပေ၏” လို့ မြတ်စွာဘုရားက ဟောကြားတော်မူခဲ့တယ်။

“ကိုယ့်ကိုယ်ကိုယ် အားထား” ဆိုတာ ဓမ္မကို အားထားရမှာကို ဆိုလိုတာ။ “အားကိုးရာအစစ်က ကိုယ့်သန္တာန်မှာ ရှိတာ, အပြင်မှာ မရှာနဲ့” လို့ ပြောတာ။ ကိုယ့်ကိုယ်ကိုယ် အားထားရမှာ, ကိုယ့်ကိုယ်ကိုယ် ဆုံးမရမှာလို့ ပြောတာ။ သူများကို ဆုံးမရတာ လွယ်တယ်၊ ကိုယ့်ကိုယ်ကိုယ် ဆုံးမရတာကျ ခက်တယ်။

“အတ္တာ ဟိ ကိရ ဒုဒ္ဒမော” တဲ့၊ ကိုယ့်ကိုယ်ကိုယ် ဆုံးမရတာ ခက်တယ်။ မိဘတွေက သား ဆုံးမကြတယ်၊ သမီး ဆုံးမကြတယ်၊ လူကြီးသူမတွေက လူငယ်တွေကို ဆုံးမကြတယ်၊ သူတစ်ပါးကို ဆုံးမရတာ လွယ်တယ်၊ ကိုယ့်ကိုယ့်ကိုယ် ဆုံးမရတာ ခက်တယ်။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် ဆုံးမလို့ ကိုယ်တိုင် ယဉ်ကျေးသွားပြီဆိုမှ အားကိုးရာအစစ်ကို တွေ့မှာ။ ကိုယ့်ကိုယ်ကိုယ် မဆုံးမရင် အားကိုးရာအစစ်ကို မရနိုင်ဘူးတဲ့။
  
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

{ အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း အတွဲ (၁၈)၊ အမှတ် (၄)၊ ဧပြီလ၊ ၂၀၁၇ }

Credit: Original uploader

No comments:

Post a Comment