Monday, April 24, 2017

ကရုဏာ

ကရုဏာ
÷••÷••÷••÷••÷••÷••÷••÷••÷••÷••÷••÷••÷••÷••÷•
          နောက်ထပ် ပြောစရာရှိတာက အားလုံးသိကြတဲ့အတိုင်း ဗြဟ္မဝိဟာရ ၄-ပါးထဲက ။ကရုဏာ၊ မုဒိတာ။ မုဒုတာ လို့ တစ်ချောင်းငင်နဲ့ ရေးရင် ပျော့ပျောင်းတာ၊ ဒါက လုံးကြီးတင်နဲ့ ရေးတဲ့ မုဒိတာ၊ ကရုဏာနဲ့ မုဒိတာ။ ကရုဏာကို ဂငယ်နဲ့ ရေးတာ မဟုတ်ဘူး၊ ကကြီးနဲ့ ကရုဏာ၊ မြန်မာလို ပြန်ရင် ကြင်နာသနားခြင်းဆိုတဲ့ အဓိပ္ပါယ်ရတယ်။
             ကြင်နာသနားတယ်ဆိုတာ ရက်စက်ကြမ်းကြုတ်မှုနဲ့ ဆန့်ကျင်ဘက်။ လောကမှာ သနားကြင်နာမှု ကင်းမဲ့ပြီး တိရစ္ဆာန်ကိုပဲဖြစ်ဖြစ် လူအချင်းချင်းပဲဖြစ်ဖြစ် ရက်စက်ကြမ်းကြုတ်ရင် ကောင်းတာမှ မဟုတ်ဘဲ၊ ကြင်နာသနားတဲ့ စိတ်ဟာ မွန်မြတ်တယ်။ ရက်စက်ကြမ်းကြုတ်တာဟာ မွန်မြတ်တဲ့ စိတ် မဟုတ်ဘူး။ ကရုဏာက ရက်စက်ကြမ်းကြုတ်တဲ့ ဒေါသကို ဖယ်ရှား ပစ်တာ ဖြစ်သောကြောင့် ဝိဟိံသတရားမျိုးကို ဖယ်ရှားပစ်နိုင်တယ်။ စိတ်ထဲမှာ ရက်စက်တဲ့ အညစ်အကြေးကို ကရုဏာက ဖယ်ရှားပစ်နိုင်တာ။
             ကရုဏာဟာ ဘာနဲ့ သဘောချင်း နီးစပ်လဲဆိုရင် ဝမ်းနည်းတာနဲ့ နီးစပ်တယ်။ အဲဒီတော့ သနားတာကို ဝမ်းနည်းတဲ့အဆင့် မရောက်စေရဘူး။ စိုးရိမ်သောက ဝမ်းနည်းသွားရင် ကရုဏာ မဟုတ်တော့ဘူး။ ကရုဏာဆို ငြိမ်းအေးရမယ်။ ငြိမ်းအေးတယ် ဆိုတာ အကုသိုလ်စိတ် မဟုတ်ဘူး။ ဝမ်းနည်းသွားရင် အကုသိုလ် စိတ်ဖြစ်တယ်။ သနားတယ်ဆိုတာ ။။ဒီ ဒုက္ခကနေ ငါ ဘယ်လို ကယ်တင်ရမလဲ၊ ဒီ ဒုက္ခတွေ သူ့မှာ မဖြစ်ပါစေနဲ့ ငြိမ်းချမ်းပါစေ။။ ဆိုတဲ့ မွန်မြတ်တဲ့ စိတ်ထားကို ပြောတာ။ ။အမယ်လေး သနားလိုက်တာ။ ဆိုပြီး မျက်ရည်ကျရင် ကရုဏာအဆင့် လွန်သွားပြီ။
          ကရုဏာရဲ့ အနီးစပ်ဆုံး ရန်သူဟာ ဘာလဲဆိုရင် ဒေါမနဿ Feeling sad ဝမ်းနည်းမှု၊ သောကဟာ ကရုဏာရဲ့ အနီးကပ်ဆုံးရန်သူပဲ။ အနောက်တိုင်းသားတွေက တိရစ္ဆာန်ကို တအားချစ်တယ်၊ တအားချစ်တော့ တိရစ္ဆာန်ကို နှိပ်စက်ရင် သူတို့ စိတ်ထဲမှာ ကရုဏာတင်မက ဒေါသပါ ဖြစ်လာတာ။ ဒါကို ကရုဏာဒေါသောလို့ ပြောကြတယ်လေ။ ကရုဏာရဲ့ နောက်မှာ သောက မပါစေရဘူး။ သောကပါရင် အကုသိုလ် ဖြစ်သွားပြီ။ ကရုဏာဆိုတာ ဆင်းရဲဒုက္ခတွေက လွတ်စေချင်တဲ့စိတ်ပဲ။ မွန်မြတ်တယ်။ ဆင်းရဲဒုက္ခက လွတ်စေချင်တယ်၊ ဆင်းရဲဒုက္ခက လွတ်အောင် ကူညီတယ်၊ နှုတ်နဲ့ ကူညီတယ်။ ပစ္စည်းနဲ့ ကူညီတယ်၊ လက်တွေ့ ကူညီတယ်။ ဒါဟာ ကရုဏာရဲ့ အခြေခံသဘောတရား စွမ်းအားပဲ။

မုဒိတာ
÷••÷••÷••÷••÷••÷••÷••÷••÷••÷••÷••÷••÷••÷••÷•
           ။မုဒိတာ။ ဝမ်းသာတယ်ဆိုတာက လူတစ်ယောက်က ကြီးပွားတိုးတက်လာပြီဆိုရင် စိတ်ထဲက ဝမ်းသာနိုင်ရမယ်။ တရားဘက်ကပဲ တိုးတက် တိုးတက်၊ စီးပွားရေးဘက်က တိုးတက် တိုးတက်၊ ပြည့်ပြည့်စုံစုံ မြင်လိုက်ရရင်၊ ချမ်းချမ်းသာသာ တိုက်နဲ့ အိမ်နဲ့ မြင်လိုက်ရရင်၊ ကိုယ့်စိတ်ထဲမှာ ဝမ်းသာတာဟာ မုဒိတာ ဖြစ်တာ။
           မုဒိတာ မဖြစ်အောင် ဘယ်စိတ်အညစ်အကြေးက တားလဲဆိုရင် ဣဿာ က တားတယ်။ ဣဿာဆိုတဲ့ အဆိုးတရားကို မုဒိတာက ဖယ်ရှားပစ်နိုင်တယ်။ ဣဿာဆိုတဲ့ စိတ်အညစ်အကြေးကို မုဒိတာက ဖြူစင်အောင် လုပ်ပေးနိုင်တယ်။ ဣဿာရှိနေသမျှ မုဒိတာ မဖြစ်ဘူး။ မုဒိတာ ရှိရင်လည်း ဣဿာ မဖြစ်ဘူး။ ဒါကြောင့် သူများ ချမ်းသာတာကို ဝမ်းသာနိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဝမ်းမသာနိုင်ဘူးဆိုရင် ဣဿာ ဖြစ်နေလို့ပဲ အောက်မေ့ပါ။ ကိုယ်နဲ့ ယှဉ်ပြိုင်ဖက် တစ်ယောက်က နိုင်သွားရင် congratulation တော့ လုပ်နိုင်ရမှာပေါ့၊ စိတ်ထဲ လှိုက်လှိုက်လှဲလှဲ congratulation လုပ်နိုင်မှ။ မုဒိတာဆိုတာ စိတ်ပါလက်ပါ ဝမ်းသာတာ။ ပြိုင်ဖက်ရဲ့ အောင်နိုင်မှုကို ကျေကျေနပ်နပ် အသိအမှတ် ပြုနိုင်ရမယ်။ အဲဒီလို အသိအမှတ် မပြုနိုင်ရင် မနာလို ဝန်သိုစိတ်ဆိုတဲ့ ဣဿာ ဖြစ်နေလို့ပဲ။
             တစ်ခါတုန်းက စကိတ်စီးတဲ့ အမျိုးသမီး နှစ်ယောက်။ တစ်ယောက်က ချန်ပီယံ၊ နောက်တစ်ယောက်က ပြိုင်ဖက်၊ သူ့ထက်သာမဲ့ အနေအထားရှိတော့ လူဆိုးငှားပြီးတော့ ခြေထောက်ကျိုးအောင် ရိုက်ခိုင်းတာ ကမ္ဘ္ဘာမှာ ဖြစ်ခဲ့ဖူးတယ်။ အဲဒါ ဣဿာကြောင့် ဖြစ်တာ။ ကိုယ့်လာပြိုင်တဲ့သူကို မလိုချင်ဘူး၊ ဖယ်ရှားပစ်တာ။ ဣဿာကြောင့် ပြဿနာအများကြီး တက်တတ်တယ်။ ဒါကြောင့် မုဒိတာ ပွားပါလို့။
        Society လို့ခေါ်တဲ့ လူ့ အသိုင်းအဝိုင်းထဲမှာ နေတဲ့အခါ အားလုံးအပေါ် အကျိုးလိုလားတဲ့ စိတ်ကို မွေးရမယ်။ မေတ္တာပေါ့။ အားလုံး ကောင်းစားချင်တယ်။ ဘယ်သူ့အပေါ်မှ မမုန်းဘူး၊ အားလုံးရဲ့ အကျိုးစီးပွားကို လိုလားတဲ့ မေတ္တာရှိရမယ်။ အဲဒီလို မေတ္တာထားတဲ့ အထဲမှာ အချို့က ကိုယ့်ထက် နိမ့်ကျသွားတယ်၊ သို့မဟုတ် ဆင်းရဲဒုက္ခရောက်သွားတယ်ပေါ့၊ အဲဒီ ပုဂ္ဂိုလ်ကို ကြင်နာသနားရမယ်၊ ဖေးမရမယ်၊ အပြစ်တစ်စုံတရာ ဖြစ်နေရင် ကိုယ်တတ်နိုင်သလောက် ဖေးမရမယ်၊ ကူညီမယ်၊ အဲဒါ ကရုဏာ။ တိုးတက် ကြီးပွားသွားတဲ့ သူကိုတော့ အပြစ်မပြောဘူး၊ ဝမ်းသာတယ် မုဒိတာ။ ဘယ်လောက်ကောင်းတဲ့ ကိုယ်ကျင့်တရားတွေလဲ။ ကိုယ်စိတ်မှာ ချမ်းသာစရာကြီးပဲ၊ အလွန်မွန်မြတ်တာ။ ဒါကြောင့်မို့  ဗြဟ္မဝိဟာရ လို့ ခေါ်တာ။ မြင့်မြတ်သော နေထိုင်ခြင်းလို့ ပြောတယ်။ ဒီတရားတွေနဲ နေထိုင်ရင် မြင့်မြတ်တယ်လို့ ပြောတယ်။ မနေ့က အပိုင်း၁ မှာ ဥပေက္ခာအကြောင်း ဟောခဲ့ပြီးပြီ။

အပ္ပမညာ
            အခုဟာက အပ္ပမညာစေတသိက်လို့ ခေါ်တဲ့ ကရုဏာနဲ့ မုဒိတာကို ရွေးထုတ်တာ။ အပ္ပမညာ ဆိုတာ အတိုင်းအတာ အကန့်အသတ် မရှိတဲ့ အာရုံပေါ်မှာ အခြေခံတာ။ လောကမှာ ရှိတဲ့ သတ္တဝါတွေဟာ အကန့်အသတ် မရှိဘူး၊ အများကြီးပဲ။ လူသားတွေပေါ်မှာ ထားရမယ်၊ တိရစ္ဆာန်တွေပေါ်မှာ မထားရဘူး ဒီလိုမရှိဘူး၊ မြန်မာလူမျိုးတွေပေါ်မှာသာ ထားရမယ်၊ ဒိပြင် လူမျိုးတွေပေါ်မှာ မထားရဘူး ဒီလိုလည်း မရှိဘူး။ နတ်တွေအပေါ် ထားစရာ မလိုဘူးလို့လည်း မရှိဘူး။ အဲဒီတော့ အကန့်အသတ် ဘောင်ခတ်ထားတာ မရှိတာ အပ္ပမညာလို့ ခေါ်တယ်။
           သတ္တဝါတွေအားလုံးအပေါ်မှာ တညီတည်း ကောင်းကျိုးချမ်းသာ လိုးလားတာ မေတ္တာ၊ တညီတည်း ဆင်းရဲဒုက္ခမှ ကင်းစေချင်တာ ကရုဏာ၊ အားလုံးကြီးပွားနေတာ ဝမ်းသာနိုင်တာ မုဒိတာ။ စည်းစိမ်ဥစ္စာတွေ ဘယ်သူမှ မဆုတ်ယုတ်ကြပါစေနဲ့၊ ရထားတဲ့ အခြေအနေကောင်းတွေ ပျက်ပြားမသွားပါစေနဲ့ဆိုတာ မုဒိတာ။ များသောအားဖြင့် မေတ္တာတော့ ပို့ကြတာပေါ့။ ကရုဏာပို့ချင်ရင် ဘယ်လိုပို့ရလဲဆိုတော့ ဒုက္ခာမုစ္စန္တု- ဆင်းရဲဒုက္ခက လွတ်ကြပါစေ၊ ဘယ်သူမှ ဒုက္ခမရောက်ကြပါစေနဲ့၊ ဘယ်သူမှ အခြေမဲ့ အနေမဲ့ မဖြစ်ကြပါစေနဲ့။ ဒါ ကရုဏာပို့တာ။
             မုဒိတာပို့ချင်ရင် ။ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု။ ရထားတဲ့ အခြေအနေကောင်းတွေ ဆုတ်ယုတ်မသွားပါစေနဲ့၊ အားလုံး လက်ရှိ အခြေအနေကနေ တိုးတက်ပါစေ၊ ဒိထက် ယုတ်လျော့ မသွားပါစေနဲ့၊ ဒီလို ဝမ်းသာပြီး ပို့ရတာ။
         ဥပေက္ခာကျတော့ သဗ္ဗေသတ္တာ ကမ္မဿကာ- သူ့ထိုက်နဲ့ သူ့ကံနဲ့ သွားတာ၊ ငါ သနားနေလို့လည်း ဘာမှ မဖြစ်လာဘူး၊ လုပ်စရာရှိတာ လုပ်ပေးပြီးပြီ။။ ဥပေက္ခာဆိုတာ ချစ်ခြင်း မုန်းခြင်းဆိုတဲ့ ဘက်လိုက်မှု မရှိတဲ့သဘော။ ကရုဏာက ဆင်းရဲတဲ့အပေါ် ဘက်လိုက်တာ ရှိတယ်၊ မုဒိတာကလည်း ချမ်းသာတဲ့ ပုဂ္ဂိုလ်အပေါ် မြှောက်ပင့်ပေးတဲ့ ဘက်လိုက်မှုရှိတယ်။ မေတ္တာကလည်း ကောင်းကျိုးချမ်းသာ ဖြစ်စေချင်တော့ စိတ်ရဲ့ လှုပ်ရှားမှုလေးတွေ ဖြစ်စေတယ်။ ဥပေက္ခာ ကတော့ အဲဒီလို မဟုတ်ဘူး၊ အားလုံးအပေါ် တန်းတူညီမျှ ကံပေါ်မှာ အခြေတည်နေတယ်၊ လုပ်စရာရှိတာ လုပ်ပေးတယ်။ ဥပေက္ခာဟာ စိတ်ထဲမှာ အငြိမ်သက်ဆုံး၊ အငြိမ်းချမ်းဆုံး၊ အမြင့်မြတ်ဆုံး။ ဥပေက္ခာထားဖို့က လွယ်တာ မဟုတ်ဘူး။ ဗြဟ္မဝိဟာရ ၄-ပါးမှာ တတြမဇ္ဈတ္တတာ ဆိုတာ ဥပေက္ခာ၊ အဒေါသဆိုတာ မေတ္တာ၊ အဘိဓမ္မတ္ထသင်္ဂဟမှာ ကရုဏာ, မုဒိတာ ဆိုပြီး အပ္ပမညာ ၂ ပါးကိုသာ ပြထားတယ်။
        
မေတ္တာနဲ့ ဥပေက္ခာ
            မေတ္တာဆိုတာ အဒေါသဆိုပေမယ့် အဒေါသတိုင်း မေတ္တာမဟုတ်ဘူး။ သတ္တဝါတွေရဲ့ ကောင်းကျိုးချမ်းသာ လိုလားတဲ့ သွင်ပြင် ပါလာတော့မှ သူဟာ မေတ္တာဖြစ်တာပါ။ စိတ်မဆိုးရုံသက်သက် မဟုတ်ပဲ အမုန်းကင်းဝေးတဲ့အပြင် အကျိုးလိုလားတာပါ ပါရတယ်။ တတြမဇ္ဈတ္တတာကလည်း ထို့အတူပဲ။ သဘာဝတရားတွေ စွမ်းဆောင်မှုတွေ တညီတည်းဖြစ်နေရုံနဲ့ ဥပေက္ခာ မဟုတ်သေးဘူး။ သူ့ကို တိုးတက်အောင် လုပ်လိုက်တော့ အချစ်အမုန်း ငြိမ်းသွားပြီးတော့ တည်ငြိမ်မှု ရရှိလာတာ၊ အဲဒါမှ ဥပေက္ခာ ခေါ်တယ်။

တပြိုင်နက် မဖြစ်
           ကရုဏာနဲ့ မုဒိတာက စိတ်တစ်ခုနဲ့ ယှဉ်လို့ရှိရင် တပြိုင်တည်းမဖြစ်ဘူး။ ဟုတ်တာပေါ့၊ သနားတာနဲ့ ဝမ်းသာတာဟာ တွဲလို့ရပါ့မလား? လူတစ်ယောက်ကို သနားလည်း သနား၊ ဝမ်းလည်း ဝမ်းသာမဖြစ်နိုင်ဘူး။ ဒီလူ ဆင်းရဲဒုက္ခရောက်တာ ဝမ်းသာလိုက်တာလို့ ပြောလို့ မရဘူး၊ သနားလို့ပဲ ရမယ်၊ ကရုဏာပဲ ဖြစ်လို့ ရတယ်။ ဆင်းရဲ ဒုက္ခက လွတ်ပြီး ကြီးပွားသွားရင် ဝမ်းသာတဲ့ မုဒိတာ ဖြစ်တာပေါ့။ သူတို့နှစ်ခုသည် အာရုံချင်းမတူတဲ့အတွက် တပြိုင်တည်း မဖြစ်နိုင်ဘူး။ ကရုဏာဖြစ်တဲ့အ အခိုက်မှာ မုဒိတာ မဖြစ်နိုင်ဘူး။ မုဒိတာဖြစ်တဲ့ အခိုက်မှာ ကရုဏာ မဖြစ်နိုင်ဘူး၊ သဘာဝချင်း အာရုံချင်းမတူဘူး။ ဒါကြောင့် Associate လုပ်လို့မရဘူး။
  
                အပြည်ပြည်ဆိုင်ရာ
       ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်
ပါမောက္ခချုပ်ဆရာတော်ဘုရား အဂ္ဂမဟာပဏ္ဍိတ
    ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ(Ph.D)

အဘိဓမ္မာမြတ်ဒေသနာပထမတွဲ အခန်း၇။ စိတ်ဖြူစင်မှုအင်အားစုများ အပိုင်း ၂ မှ ကူးယူပူဇော်ပါသည်။

ဆက်လက်ပူဇော်ပါမည်။

Credit: Original upload

No comments:

Post a Comment