Wednesday, April 12, 2017

လောဘသတ်နည်းအပိုင်း(၂)

🙏လောဘသတ်နည်း ( အပိုင်း ၂ )🙏

💥ပုပ်စော်နံသော မထေရ်၏ ပစ္စုပ္ပန်ဝဋ်ကြွေး💥

ဘုရားရှင်ဆိုလျှင် မည်သည့်ရဟန်းကမျှ မပြုစုချင်သဖြင့် ပစ်ထားသော ပူတိဂတ္တတိဿမထေရ်ကို မရွံမရှာ ကိုယ်တော်တိုင်ပြုစုတော်မူခဲ့၏။

ထိုမထေရ်သည် အတိတ်ဘ၀က ငှက်မုဆိုးတစ်ယောက်ဖြစ်ခဲ့ဖူး၏။ထိုငှက်မုဆိုးဘ၀က ငှက်တို့ကိုသတ်ဖြတ်ရုံပင်မက ထွက်မပြေးနိုင်အောင် တောင်ပံများ ခြေထောက်များကိုလည်း ရိုက်ချိုးထားတတ်၏။

လှောင်အိမ်မဆန့်သဖြင့် အိမ်ဝိုင်းထဲတွင် ထားသောငှက်များ ပျံမပြေးနိုင်ရန် ထိုသို့ပြုလုပ်ခြင်းဖြစ်၏။ တစ်နေ့တွင် ဆွမ်းခံရဟန်းတစ်ပါးကို ငှက်သားဖြင့်ဆွမ်းလှူပြီး အရှင်ဘုရားတို့သိမြင်အပ်သော တရားထူး တရားမြတ်တို့ကိုသိမြင်ရပါလို၏ ဟု ဆုတောင်းခဲ့၏။

ယခုဘ၀ ရဟန်းဝတ်လာသောအခါ ငှက်တို့ကို သတ်ဖြတ်ညှင်းဆဲခဲ့သော ၀ဋ်ကြွေးကြောင့် ဥသျှစ်သီးခန့်ကြီးမားသော အနာလုံးကြီးများ ခန္ဓာကိုယ်နှင့်အပြည့်ပေါက်ကာ ပြည်များ သွေးပုပ်များ တစ်ရွှဲရွှဲဖြင့် အိပ်ယာထဲလဲလေတော့၏။

အပုပ်နံ့များ ဆိုးဝါးလွန်းရကား မည်သည့်ရဟန်းမှ အနံ့မခံနိုင်ကြသဖြင့် မပြုစုပဲ ပစ်ထားကြ၏။ အနာများကြောင့် ဒုက္ခရောက်ရသည့်အထဲတွင် သူ့တစ်ကိုယ်လုံးရှိ အရိုးများမှာလည်း အလိုလိုကျိုးကုန်သဖြင့် ဟိုဘက်ဒီဘက်လှည့်၍မရအောင် ဆင်းရဲဒုက္ခကို ခံစားနေရရှာ၏။

မြတ်စွာဘုရားသည် ကျောင်းများကို လှည့်လည်ကြည့်ရှုရင်းဖြင့် ထိုမထေရ်ကို တွေ့လေရာ အရှင်အာနန္ဒာနှင့်အတူ ကိုယ်တော်တိုင် ရေနွေးအိုးကြိုခြင်း အညစ်အကြေးပေကျံနေသော သင်္ကန်းများကို လျှော်ဖွတ်ပေးခြင်း ထိုရဟန်းအား ရေနွေးပတ်တိုက်ပေးခြင်းကို ပြုတော်မူ၏ ။

ထိုသို့ပြုစုပြီး ပူတိဂတ္ထမထေရ် ရွှင်လန်းသော စိတ်ရှိသောအခါတွင်မှ  သစ္စာလေးပါးတရားကို ဟောတော်မူရာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်သွားလေသည်။

ရဟန္တာကို မုဆိုးဘ၀နှင့် ဆွမ်းလှူစဉ်က  အရှင်ဘုရားတို့သိမြင်အပ်သော တရားထူး တရားမြတ် ( မဂ်ဖိုလ်နိဗ္ဗာန်)ကိုသိရပါလို၏ဟု  ဆုတောင်းမှန်ခဲ့သောကြောင့် ယခုလို အလွယ်တကူနှင့် အရဟတ္တဖိုလ်ကိုရခြင်းဖြစ်၏။ကုသိုလ်ပြုသူတိုင်း ဆုတောင်းမှန်ရန် အတုခိုးစရာပင်ဖြစ်၏။
( ဓမ္မပဒ )

လက်ယာတော်ရံ အရှင်သာရိပုတ္တရာသည်လည်း ကျောင်းတိုက်ကြီးတစ်ခုလုံးကို နေ့စဉ်လှည့်လည်ကြည့်ရှုလေ့ရှိ၏၊

သင်္ကန်း သပိတ်များ နေရမကျလျှင် နေရာကျအောင်ပြင်ပေးသွား၏။ မခေါက်ရသေးသော သင်္ကန်းများ တွေ့လျှင် ခေါက်ပေးသွား၏။

နောက်ဆုံး ပရိနိဗ္ဗာန် စံခါးနီးအချိန်မှာပင် မိစ္ဆာဒိဋ္ဌိဖြစ်ဆဲ မယ်တော်ကြီးအိမ်သို့ကြွကာ တရားပြပေးတော်မူခဲ့၏။

အရှင်မဟာကဿပဆိုလျှင် သက်တော်ကြီးရင့်သည်အထိ ဓုတင် ၁၃ ပါးကို ဆောင်လျက်နေရာ ဘုရားရှင်ကသက်တော်ကြီးပြီဖြစ်၍ ဓုတင်များကိုချပြီး မြို့ပေါ်ပြန်နေရန် တိုက်တွန်းတော်မူရာ

အရှင်မဟာကဿပက ''နောင်လာနောင်သားရဟန်းတော်များ ချမ်းသာစွာနေကြောင်း ဓုတင်အကျင့်ကို အတုလိုက်စေခြင်းအကျိုးငှာ အသက်ထက်ဆုံးကျင့်မည်'' သာဖြစ်ကြောင်း ပြန်လည်လျှောက်ထားခဲ့၏။

အရှင်ဒဗ္ဗမထေရ်ဆိုလျှင် ( ၇ ) နှစ်သားနှင့် ရဟန္တာဖြစ်ခဲ့သော်လည်း ထောင်ကျော်သော ရဟန်းတော်များအတွက် အိပ်ရာနေရာ ခင်းကျင်းသော ဝေယျာဝေစ္စကို ပရိနိဗ္ဗာန် မစံမချင်းပြုလုပ်တော်မူခဲ့၏။

( ဆက်လက်ဖော်ပြပါမည်။ )
🍀ကိုယ်စိတ်နှစ်ဖြစ်ကျန်းမာချမ်းသာကြပါစေ။🍀

✍Htay Htay Yi ✍
သုဒ္ဓဝိပဿနာကျင့်စဉ် ( မေတ္တာရှင်ရွှေပြည်သာ) မှ ကူးယူ၍ ကုသိုလ်ပြုပါသည်။

Credit: Original upload

No comments:

Post a Comment