Monday, April 17, 2017

သည်းခံ ခွင့်လွှတ်ခြင်း

သည်းခံ ခွင့်လွှတ်ခြင်း
🌷 🌷 🌷 🌷 🌷 🌷
🌸 လောကကြီးမှာ လူတွေဟာအပေါင်းနဲ့အသင်းနဲ့
နေပေမယ့် "ခွင့်လွှတ်ခြင်း" ဆိုတဲ့စိတ်
အလွန်အားနည်းတယ်။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊
ညီညွတ်တဲ့စိတ်ဓာတ် ဆိုတာလည်း
အလွန်အားနည်းတယ်။ အပေါင်းအသင်းနဲ့နေတယ်ဆိုတာ
အခက်အခဲတွေ ကျော်လွှားဖို့သာဖြစ်တယ်။

🌸 လူလူချင်းပေါင်းသင်းဆက်ဆံတဲ့နေရာမှာ
ဘုရားက လူမိုက်နဲ့ ပေါင်းခိုင်းတာတော့
မဟုတ်ဘူး။ အဆင်မပြေတဲ့သူနဲ့ သည်းခံပြီးနေရမယ်လို့ ဒီလိုပြောတာတော့ မဟုတ်ဘူး။ ဒါလည်းပဲ သတိထားစရာကောင်းတဲ့ အချက်တစ်ခုပဲ။
🌸 အန္တရာယ်ဖြစ်မယ့် အကောင်နဲ့ သည်းခံပြီး နေရမယ်လို့ ဒီလို ဆိုလိုတာ မဟုတ်ဘူး။ တလွဲယူဆတတ်တာမျိုးတွေ ရှိတယ်။
🌸 ရောင့်ရဲရမယ်ဆိုလို့ စီးပွားမရှာရဘူးလို့
မြတ်စွာဘုရားက ပြောတာမဟုတ်ဘူး။

🌸 အတူတကွ သည်းခံပြီးတော့ နေရမယ်ဆိုတာ ..
မကောင်းတဲ့လူနဲ့ သည်းခံပြီး သူခိုး ဓားပြ လူဆိုး၊
လူညစ်နဲ့ သည်းခံပြီးနေရမယ်လို့ ဒီလို ဆိုလိုတာ မဟုတ်ဘူး။
ကိုယ့်ကို ကိုက်မယ့် မြွေပွေးနဲ့ရော အတူတကွ နေရမှာလား။ ကိုယ့်ကို ကိုက်မယ့်မြွေပွေးနဲ့တော့ အတူနေလို့ မရသလို
လူဆိုး၊ လူညစ်နဲ့လည်း ဘယ်လို အတူနေလို့ရမလဲ။

🌸 "သည်းခံ၊ ခွင့်လွှတ်ခြင်း" ဆိုတာ အချင်းချင်း
အပြန်အလှန် ရိုင်းပင်းကူညီ၊ မတော်တဆ
စိတ်အခန့်မသင့်တဲ့အခါ ဖြစ်တာမျိုးတွေ
မဖြစ်ဖို့ မြတ်စွာဘုရားက ဆုံးမသြဝါဒပေးခြင်းသာဖြစ်တယ်။

🌸 ပညာရှိတဲ့အဖော်လိုတယ်။
လူတော်လူကောင်းတွေ လိုတယ်။ ဘယ်အရာပဲ ဖြစ်ဖြစ်
စဉ်းစားတတ်တဲ့ ရင့်ကျက်တဲ့ပုဂ္ဂိုလ်တွေကို ဆိုလိုတာ။

🌸 မကောင်းတဲ့သူကို ရှောင်ရမယ်။ ဖယ်ရမယ်။
အပေါင်းအသင်းမလုပ်ရဘူး။ ဒါမှ
အသေဝနာစ ဗာလာနံ မင်္ဂလာတရားနဲ့ ကိုက်ညီတာ။

🌸 လူတော်လူကောင်း ရမယ်ဆိုရင် သူနဲ့အတူနေပါ။
အခက်အခဲတွေ ဘေးရန်အန္တရာယ်တွေကို
လက်တွဲပြီးတော့ သူနဲ့အတူတကွ ဖြေရှင်းပါတဲ့။
လူတိုင်းနဲ့အတူပေါင်းသင်းဖို့ ပြောတာမဟုတ်ဘူး။

🌸 အဲ့ဒီလို အဖော်လုပ်သင့်တဲ့ ပုဂ္ဂိုလ်မတွေ့ဘူးဆိုရင်တော့
လောကမှာ ဆင်ပြောင်ကြီးဟာ
တစ်ကောင်တည်းတောထဲမှာ ကျက်စားသလို၊
တိုင်းပြည်ကို စွန့်လွှတ်ပြီးတော့ တောထွက်သွားပြီး
တစ်ဦးတည်းကျင့်တဲ့ နေမိမင်းတို့၊ ဇနကမင်းတို့လို
တစ်ဦးတည်းနေတာကောင်းတယ်
အဖော်ကောင်းမတွေ့ရင် တစ်ဦးတည်းနေတာကောင်းတယ်။

🌸 မိုက်မဲပြီး အပြစ်ပြုတတ်တဲ့ ပုဂ္ဂိုလ်၊ အဆိပ်အတောက်ရှိတဲ့ မြွေဆိုးလို လူဆိုးတွေ၊ စိတ်ကောင်းမရှိတဲ့သူတွေ၊ ဖျက်လိုဖျက်ဆီးလုပ်တတ်တဲ့သူတွေ၊ အသိပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်၊ အဲ့ဒီလို အဆင့်မရှိတဲ့ပုဂ္ဂိုလ်တွေမှာ အပေါင်းအဖော်လုပ်ဖို့ဆိုတဲ့ အရည်အချင်းဆိုတွေ သူတို့မှာ မရှိဘူးတဲ့။

🌸 ပေါင်းသင်းဆက်ဆံဖို့ ကောင်းလောက်တဲ့အရည်အချင်း သူတို့မှာ မရှိသည့်အတွက် ကိုယ်တစ်ယောက်တည်းနေပါ။ မဟုတ်တာတွေမလုပ်နဲ့။ ကိုယ်ကျိုးကိုယ်စီးပွားကို ကြိုးစားအားထုတ်ရမယ်လို့ မြတ်စွာဘုရားက ဆုံးမသြဝါဒပေးသွားတယ်။ အလွန်မှတ်သားစရာကောင်းတယ်။ မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ လိုက်နာကျင့်သုံးရမယ်။

= = = = = =
ပါမောက္ခချုပ်ဆရာတော်ကြီး
ဟောကြားတော်မူအပ်သော
လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်
တရားတော် အပိုင်း(၁၇) အသံဖိုင်မှ
ရေးသားပူဇော်ပါသည်။
Photo credit: Ye Htet Act
www.facebook.com/Sayardawsdhammatalkcollections မှ
ဓမ္မဒါနပြုပါသည်။ လွတ်လပ်စွာ ကူးယူမျှဝေနိုင်ပါသည်။

Credit: Original upload

No comments:

Post a Comment