Sunday, April 2, 2017

ရဟန်းပြုခြင်း၏ အကြောင်း(၅) မျိုး

ရဟန်းပြုခြင်း၏ အကြောင်း(၅) မျိုးရှိ၏။၎င်းတို့မှာ-

(၁) သဒ္ဓါပဗ္ဗဇိတ
(၂) ပညာပဗ္ဗဇိတ
(၃) ဘယာပဗ္ဗဇိတ
(၄) မိရိုးဖလာပဗ္ဗဇိတ
(၅) ဒုလ္လဘပဗ္ဗဇိတ ဟူ၍ ငါးမျိုးတွေ့ရ၏။

(၁) သဒ္ဓါပဗ္ဗဇိတ။      ။ ဘုရား, တရား, အရိယာသံဃာတော်များ၏ အကြောင်းကို
                                 ကြားနာရ၍ ယုံကြည်မှုသဒ္ဓါဖြစ်ကာ ထိုယုံကြည်မှုသဒ္ဓါကို
အကြောင်းခံ၍ ရဟန်းပြုသော ပုဂ္ဂိုလ်ကို " သဒ္ဓါပဗ္ဗဇိတ" ဟုခေါ်၏။ ထိုပုဂ္ဂိုလ်သည်
ရဟန်းပြုသောအခါ ဝိနည်းသိက္ခာပုဒ်ကိုလည်း လေးစား၏။ ဆရာသမား သီတင်းသုံးဖော်များကိုလည်း
ရိုသေ၏။ စေတီတော်, ရုပ်ပွားတော်, ဆင်းတုတော်များကိုလည်း အလွန်ရိုသေ၏။
ဗုဒ္ဓါနုဿတိဘာဝနာ, မေတ္တာဘာဝနာ, ဝိပဿနာဘာဝနာ စသော ကမ္မဋ္ဌာန်းဘာဝနာတို့ကိုလည်း
အားထုတ်၏။ ကိုယ်မှု, နှုတ်မှု, စိတ်မှုဟူသမျှ၌ သူတစ်ပါး၏ ကြည်ညိုဖွယ်ကို ဆောင်နိုင်သော
ရဟန်းမြတ်တစ်ပါး ဖြစ်ပါပေသည်။

(၂) ပညာပဗ္ဗဇိတ။        ။ ဗုဒ္ဓမြတ်စွာ၏ တရားတော်ကို စာအုပ်တို့၌ ကြည့်ရှုရ ပညာရှိ
                                    သူတော်ကောင်းများအထံ၌ နာခံမှတ်သားရသောကြောင့် ဗုဒ္ဓတရားတော်များကို တတ်သိနားလည်လိုသော ဆန္ဒဖြစ်ပေါ်လာ၏။ ထိုတတ်သိနားလည်လိုသော ပညာကို
အကြောင်းခံ၍ ရဟန်းပြုလာသော ပုဂ္ဂိုလ်ကို " ပညာပဗ္ဗဇိတ" ဟု ခေါ်၏။ ထိုပုဂ္ဂိုလ်သည်
ရဟန်းပြုပြီးသောအခါ ကျမ်းစာသင်ယူမှုကိုသာ ဂရုစိုက်၏။ အခြားကိစ္စတို့၌ သဒ္ဓါပဗ္ဗဇိတပုဂ္ဂိုလ်ကဲ့သို့
ကြည်ညိုဖွယ်ဆောင်လောက်အောင် ဂရုစိုက်လေ့မရှိ။ အများနှင့် မဆန့်ကျင်ရုံ ဝတ်ကျေတမ်းကျေသာ
ပြုလေ့ရှိသည်။ သို့သော် ထိုပုဂ္ဂိုလ်သည် အစစ်အမှန် ကျမ်းဂန် ပိဋကတ်ကို တတ်သိသောအခါ
သဒ္ဓါဆိုင်ရာကိုလည်း ပြုတတ်ရကား သဒ္ဓါ, ပညာ နှစ်ပါးစုံသော ပုဂ္ဂိုလ်မြတ် ဖြစ်နိုင်ပေသည်။

(၃) ဘယာပဗ္ဗဇိတ။       ။ ရာဇဝတ်မှု မကင်းသော အပြစ်တစ်စုံတစ်ခုကို ပြုမိ၍ မင်းဘေးကို
                                     ရှောင်လိုသောကြောင့် ရဟန်းဘောင်သို့ ဝင်ရောက်ပုန်းလျှိုးနေသူကို
လည်းကောင်း၊ စား,ဝတ်, နေရေး မချောင်လည်၍ ငတ်မွတ်ခေါင်းပါးမည့်ဘေးကို ရှောင်လိုသော
ကြောင့် သာသနာ့ဘောင်သို့ ဝင်ရောက်လာသောပုဂ္ဂိုလ်ကိုလည်းကောင်း " ဘယာပဗ္ဗဇိတ"
ဟု ခေါ်၏။ ထိုပုဂ္ဂိုလ်ကား ဆရာကောင်း သမားကောင်းတို့အထံ၌ မနေလိုသောကြောင့်
ကြည်ညိုဖွယ်ဆောင်နိုင်သော ပုဂ္ဂိုလ်မဖြစ်ပဲ သာသနာတော်၏ အသရေကို ဖျက်နေသော
ပုဂ္ဂိုလ်သာ ဖြစ်တတ်လေသည်။

(၄) မိရိုးဖလာပဗ္ဗဇိတ။        ။ ယခုခေတ်ဝယ် သာမဏေဘဝ၌ အတော်ကြာအောင်နေပြီးမှ
                                          အသက်(၂၀) ပြည့်လျှင် ရဟန်းပြုရိုးဖြစ်သော မိရိုးဖလာအတိုင်း
ရဟန်းပြုလာသော ပုဂ္ဂိုလ်ကို " မိရိုးဖလာပဗ္ဗဇိတ" ဟု ခေါ်ရ၏။ ယခုခေတ်၌ ထိုပုဂ္ဂိုလ်များသာ
များပေသည်။  ထိုပုဂ္ဂိုလ်သည် ဆရာကောင်း, သမားကောင်းနှင့် အတူနေ၍ ဆရာကောင်း,
သမားကောင်း၏ သြဝါဒအတိုင်း နေထိုင်လျှင် ဆရာကောင်းသလောက် ပုဂ္ဂိုလ်ကောင်းဖြစ်နိုင်ပါ၏။
ပညာတတ်သောအခါ ပညာအလျောက် သဒ္ဓါတရားလည်း ဖြစ်ပေါ်လာတတ်သောကြောင့်
သဒ္ဓါ, ပညာ အစုံပါသော သာသနာ့ဝန်ဆောင် သူတော်ကောင်းလည်း ဖြစ်နိုင်ပါပေ၏။
ဆရာကောင်း, သမားကောင်းတို့နှင့် အတူမနေရလျှင်လည်းကောင်း၊ အတူနေရသော်လည်း
ဆရာကောင်း, သမားကောင်းတို့၏ သြဝါဒကို မနာယူလျှင်လည်းကောင်း၊ ပိဋကတ်ပညာ
တတ်ပါသော်လည်း တရားတော်အတိုင်း မနေလျှင်လည်းကောင်း သာသနာ့တာဝန်ကို
ထမ်းဆောင်နိုင်သောပုဂ္ဂိုလ် မဖြစ်တော့ပဲ သာသနာ့တာဝန်ကြီးကို ဖိစီးနေသော သာသနာ့ဝန်စီး
ပုဂ္ဂိုလ်သာ ဖြစ်နိုင်တော့သည်။

(၅) ဒုလ္လဘပဗ္ဗဇိတ။         ။ ယခုခေတ်၌ သာသနာတော်ဝယ် ကြာရှည်စွာ နေဖို့မရည်ရွယ်ပဲ
                                       " ရခဲသော ရဟန်းအဖြစ်ကို ရအောင်" ဟု ရည်မှန်းသော
ဒုလ္လဘတစ်မျိုး ရှိပြန်၏။ ထိုဒုလ္လဘရဟန်း ဆိုသူသည်လည်း ဆရာကောင်းတို့နှင့် အတူနေ၍
ဆရာကောင်းတို့၏ နည်းကို ခံယူကာ ကောင်းစွာကျင့်နိုင်ပါမူ ရဟန်းဖြစ်ရကျိုး နပ်ပါသေး၏။
ဆရာကောင်း သမားကောင်းတို့်အထံ၌ နည်းခံ၍ မနေရပဲ ထုံးစံအတိုင်း ရဟန်းပြုပြီးနောက်
ထိုထို ဤဤ လှည့်လည်၍ သွားလာ၍နေသော ပုဂ္ဂိုလ်အတွက် အာပတ်အမျိုးမျိုးတွေ
တက်နေသည်သာ ဖြစ်သောကြောင့် " ဖွတ်သည့်အတွက် ညစ်" ဆိုသကဲ့သို့ ဒုလ္လဘရဟန်း
ပြုသည့်အတွက် အာပတ်အညစ်အကြေးတွေ ညစ်ပေလာဖွယ် ရှိလာနိုင်ပေသည်။

ယခုအချိန်အခါသည် မြန်မာနိုင်ငံ၏ ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကာလအတွင်း
ဒုလ္လဘရဟန်းဝတ်လေ့ရှိကြသော အချိန်အခါ နီးလာပြီဖြစ်သောကြောင့် ဒုလ္လဘ ရှင်, ရဟန်း
ပြုကြမည့် ပုဂ္ဂိုလ်များသည် မိမိတို့သာသနာ့ဘောင်ဝင်ရောက်လာသည့် အခိုက်အတန့်ကာလလေးတွင်
ဆရာကောင်း သမားကောင်းတို့၏ နည်းနာနိဿယကို မပြတ်ခံယူ၍ ပါရမီကုသိုလ်များ
တိုးပွားစေနိုင်ခြင်း အလို့ငှာ ကျင့်ကြံနေထိုင်သင့်ပါကြောင်း တိုက်တွန်းလိုက်ရပါ၏။

31.3.2017, 01:28AM
〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰
Source: ဒုလ္လဘကထာ, အရှင်ဇနကာဘိဝံသ။

Credit: Original upload

No comments:

Post a Comment