အဖွင့်ကျမ်းတွေမှာတော့ အဲဒီသုတ်တော်တွေမှာ ပါရှိတဲ့ အံသြဖွယ်ရာတွေနဲ့ ပတ်သက်ပြီး အကျယ်တ၀င့်ဖွင့်ဆိုထားကြတယ်။ ဘုရားအလောင်းတော်ဟာ ဖွားတော်မူပြီးလျင်ပြီးချင်း ခိုင်မြဲစွာရပ်တော်မူပြီး မြောက်အရပ်ဆီကို ခြေလှမ်းတော် ခုနှစ်လှမ်း ကြွ ချီတော်မူတယ်။ ဒီလို ကြွချီတော်မူတဲ့ ဘုရားအလောင်းတော်ကို နတ်တွေက ထီဖြူမိုးထားတယ်။ ခြေခုနှစ်လှမ်းပြည့်တဲ့အခါ အလောင်းတော်မင်းသားကလေးဟာ အရပ်မျက်နှာအလုံးစုံကို ကြည့်ရူတော်မူတယ်။ ဒီလို ကြည့်ရူတော်မူလိုက်ပြီး ရဲရဲတောက် စကားတော်ကို မြွက်ကြား ကြုံးဝါးတော်မူပါတယ်။
‘‘ငါသည် လောကမှာ ထိပ်ဆုံးဖြစ်၏။
ငါသည် လောကမှာ အကြီးဆုံးဖြစ်၏။
ငါသည် လောကမှာ အမြတ်ဆုံးဖြစ်၏။
ယခု မွေးဖွားခြင်းသည် ငါ၏ နောက်ဆုံး မွေးဖွားရခြင်းဖြစ်၏။
ငါသည် နောက်ထပ် မွေးဖွားရန် ဘ၀သစ် မရှိတော့ပြီ’’
အဖွင့်ကျမ်းတွေမှာတော့ အံ့သြဖွယ်ဖြစ်တဲ့ ဘုရားအလောင်းတော်ရဲ့ ဒီလိုပြုမူပုံကိုသာမက အဲဒီ အပြုမူတစ်ခုစီက သင်္ကေတ ပြုဖော်ပြနေတယ် ဆိုတဲ့ အဓိပ္ပါယ်တွေကိုပါ ထပ်မံဖွင့်ဆိုထားတယ်။ e.g., DA.ii.439 ။ ဘုရားအလောင်းတော် မြေပြင်မှာ ခိုင် မြဲစွာ ရပ်တော်မူခြင်းဟာ ‘‘ဣဒ္ဓိပါဒလေးပါး’’ ကိုရရှိဖို့ ရှေးပြေးနိမိတ်ဖြစ်ပြီး၊ မြောက်အရပ်ကို တူရူ ကြွသွားတော်မူခြင်းကတော့ သတ္တ၀ါအားလုံးတို့အပေါ်မှာ လွှမ်းမိုးအုပ်စိုးနိုင်မဲ့ နိမိတ်ဖြစ်တယ်လို့ဆိုပါတယ်။ ပြီးတော့ ခြေလှမ်းခုနှစ်လှမ်းကြွသွားတော်မူ ခြင်းကတော့ ‘‘ဗောဇ္ဈင်တရားခုနှစ်ပါး’’ ကိုရဖို့ နိမိတ်ဖြစ်တယ်။ နတ်တွေရဲ့ ထီးဖြူမိုးပေးခြင်းကတော့ အရဟတ္တမဂ်ထီးဖြူတော် ကို ရဖို့ဖြစ်ပြီး အရပ်မျက်နှာအလုံးစုံကို ကြည့်ရူတော်မူခြင်းကတော့ တရားအလုံးစုံကို အပိတ်ပင်အတားဆီးမရှိ သိမြင်တော်မူ နိုင်မဲ့ ‘‘အနာဝရဏဉာဏ်တော်’’ ကို ရရှိပိုင်ဆိုင်မဲ့ အမှတ်နိမိတ်ဖြစ်တယ်။ ရဲရဲတောက် စကားတော်ကို မြွက်ကြားတော်မူခြင်း ကတော့ လောကမှာ ဗြဟ္မာ၊ နတ်၊ လူ ဘယ်သူမှ မမြစ်တားနိုင်တဲ့ တရားဓမ္မစက်တော်ကို လည်ပတ်စေမဲ့ လက္ခဏာဖြစ်ပါတယ်။ ယခု ဘ၀ဟာ နောက်ဆုံးမွေးဖွား ရခြင်းဖြစ်ကြောင်း ထုတ်ဖော်မြွက်ကြားခြင်းကတော့ ယခုဘ၀မှာပင် နိဗ္ဗာန်ကို မျက်မှောက်ပြု တော်မူပြီး နိဗ္ဗာန်စံဝင်တော်မူဖို့ ရှေးပြေးနိမိတ် ဖြစ်တယ်လို့ ရှင်းလင်းဖွင့်ဆိုထားတယ်။
ဘုရားအလောင်းတော် မြောက်အရပ်ဆီကို ခြေလှမ်းတော်ခုနှစ်လှမ်း လှမ်းတော်မူပုံနဲ့ ပတ်သက်ပြီး အစဉ်အဆက် မထေရ်မြတ် တွေ အယူဆ၊ အမြင်ကွဲပြားကြပုံရပါတယ်။ မြေပြင်ပေါ်မှာဘဲ ကြွချီတော်မူတာလား၊ လေထဲမှာဘဲ ကြွချီတော်မူတာလား။ လူ တွေက ဘုရားအလောင်းတော် ကို တွေ့မြင်ကြရသလား။ ဘုရားအလောင်းတော်မှာ ကိုယ်ဝတ်တော်ပါသလား။ ဘုရား အလောင်းတော်ဟာ မွေးကင်းစအရွယ်နဲ့လား၊ အရွယ်ရောက်ပြီး အရွယ်လား စသည်ဖြင့် အမေးထုတ်ကြတယ်။ ဒီမေးခွန်းတွေ နဲ့ ပတ်သက်ပြီး ‘‘တိပိဋကတ် စူဠာဘယ မထေရ်မြတ်ဟာ လောဟပါသာဒ ကျောင်းတော်မှာ တရားဟောကြားရင်း ဖြေရှင်းခဲ့ တယ် လို့ဆိုပါတယ်။ အဖြေကတော့ ဘုရားအလောင်းတော်ဟာ မြေပေါ်မှာသာ ကြွလှမ်းတော်မူတယ်။ သို့ပေမဲ့ ကြည့်ရှုရသူ တွေဟာ လေထဲမှာ ကြွလှမ်းတော်မူတယ် လို့ ထင်မြင်ကြရပါတယ်။
ပြီးတော့ ဘုရားအလောင်းတော်မှာ ကိုယ်ဝတ်မပါ ပါဘူး တဲ့။ သို့ပေမဲ့ တွေ့မြင်ကြရသူတွေကတော့ ဘုရားအလောင်းတော်ဟာ တင့်တယ်တောက်ပတဲ့ ကိုယ်ဝတ်တော်ကို ဆင်မြန်းထား တယ်လို့ ထင်မြင်ကြရပါတယ်။ ဒါ့အပြင် ဘုရားအလောင်းတော်ဟာ မွေးကင်းစအရွယ်သာဖြစ်ပါတယ်။ သို့သော်လည်းတွေ့ မြင်ကြရသူတွေကတော့ ဆယ့်ခြောက်နှစ်သားအရွယ်အဖြစ် ထင်မြင်ကြရတယ်။ နောက်တော့ အဲ ဒီ ရဲရဲတောက်စကားတော်ကို မြွက်ကြားတော်မူပြီးတဲ့အခါ ကြည့်ရှုရသူတွေဟာ မူလ မွေးကင်းစအရွယ် အဖြစ်နဲ့ ဘဲ ဘုရားအလောင်းတော်ကို တွေ့မြင်ကြ ရတယ်လို့ ဆိုပါတယ်။
ဘုရားအလောင်းတော် ဖွားတော်မူတဲ့အခါ ပုရောဟိတ်ပုဏ္ဏားတွေကို နိဖိတ်ဖတ်ကြားစေပါတယ်။ ပုရောဟိတ်တွေက အလောင်းတော်ဟာ စကြာဝတေးမင်းဘုရင်ကြီး ဖြစ်ရင်ဖြစ်လိမ့်မယ်၊ သို့မဟုတ်ရင် ဗုဒ္ဓ ဖြစ်လိမ့်မယ် လို့ နိမိတ်ဖတ်ကြားကြတယ်။ သူတို့ဟာ ဘုရားအလောင်းတော်ရဲ့ ကိုယ်ခန္ဓာမှာ မဟာယောကျာ်းမြတ်တို့ရဲ့ အမှတ်လက္ခဏာ (၃၂) ပါးကို တွေ့ကြရတယ် လို့ ဆိုတယ်။ ဒီအကြောင်းတွေကို D.ii.17 19; also M.ii.136f ကျမ်းများမှာ တွေ့နိုင်တယ်။ ဒါတင်မကသေးဘူး ဘုရားအလောင်း တော်ဟာ လက္ခဏာတော်ငယ် (၈၀) နဲ့လည်း ပြည့်စုံတော်မူတယ်။ အဲဒီ လက္ခဏာတော်ငယ်တွေထဲမှာ နီမြန်းပြေပြစ်ပြီး မြင့်မြင့်ခုံးခုံးနဲ့ အလွန်တင့်တယ်တော် မူတဲ့ ခြေသည်းလက်သည်းတော်တွေ၊ အဖုအထစ်မထင် ထက်ဝန်းကျင် လုံးဝန်းနေတဲ့ ပုဆစ်တော် စသည်တို့ပါဝင်တယ်။ ဒီ လက္ခဏာတော်ငယ်တွေ အကြောင်းကို ‘‘လလိတ၀တ္ထု’’ မှာလည်းတွေ့ကြရတယ်။ မဇ္ဈိမနိကာယ်၊ ဗြဟ္မာယုသုတ်မှာ ဂေါတမဗုဒ္ဓမြတ်စွာရဲ့ နေထိုင်သွားလာပုံတွေကို တွေ့ကြရတယ်။ ဒီလိုနေထိုင် သွားလာပုံ တွေဟာ ဘုရားရှင်အားလုံးရဲ့ အမူအကျင့်တော်တွေဖြစ်ကြောင်းထင်ရှားပါ တယ်။
မြတ်စွာဘုရားဟာ လျှောက်လှမ်းတော်တဲ့မူ တဲ့အခါ ညာဘက်ခြေတော်ကို အရင်လှမ်းတော်မူပါတယ်။ ခြေလှမ်းတော်ဟာ မကျယ်လွန်း၊ မစိပ်လွန်းဘူး။ ခြေလှမ်းတော်မူ တဲ့အခါ ကိုယ်တော်ရဲ့ အောက်ပိုင်းသာ လှုပ်တော်မူတယ်။ ပြန်လှည့်ကြည့်တော်မူတဲ့အခါ မြတ်စွာဘုရားဟာ အလုံးစုံသော ကိုယ်ဖြင့်သာ ပြန်လှည့်ကြည့်တော်မူတယ်။ (နာဂ၀ိလောကန) ။ ရွာတွင်းကို ၀င်တဲ့အခါ ကိုယ်ကို မြှောက်တော်မမူဘူး။ ညွတ် လည်း ညွတ်တော်မမူဘူး။ ကိုယ်တော်ကို တောင့်ထားတော်မမူ၊ ကိုယ်ကို ခါလည်း ခါတော်မမူဘူး။ မြတ်စွာဘုရားရှင်ဟာ ထိုင် တော်မူတဲ့အခါ ဖြစ်စေ၊ သပိတ်ဆေးရေ ခံယူတော်မူတဲ့အခါ ဖြစ်စေ၊ ဆွမ်းဘုဉ်းပေးတော်မူတဲ့အခါ ဖြစ်စေ၊ ဆွမ်းဘုဉ်းပေးပြီး လို့ လက်ဆေးတော်မူတဲ့အခါ ဖြစ်စေ၊ ဆွမ်း အနုမောဒနာ တရားဟောကြားတော်မူတဲ့အခါ ဖြစ်စေ အလွန်တည်ကြည်ငြိမ်သက်ပြီး အသေးစိတ်ကျကျ ယဉ်ကျေးသိမ်မွေ့တဲ့ ဣနြေ္ဒတော်နဲ့ ပြုမူတော်မူတယ်။ ပရိတ်သတ်တွေကို တရားဓမ္မဟောကြားတော်မူတဲ့ အခါမှာလည်း မြတ်စွာဘုရားဟာ နာကြားသူပရိတ်သတ်ကို မြှောက်ပင့်တော်မမူဘူး၊ နှိမ်လည်း နှိမ်ချတော် မမူဘူး။ နာကြားသူ တွေကို တရားစကားနဲ့ အကျိုးစီးပွားကို သိမြင်စေတယ်။ တရားအကျင့်ကို ဆောက်တည်စေတယ်။ တရားအကျင့် ကျင့်သုံးဆောက်လိုတဲ့ စိတ်ကို ထက်သန်ရွှင်လန်းစေတယ်။ ဒ့ါအပြင် မြတ်စွာဘုရားရဲ့ အသံတော်ဟာလည်း သာယာသန့်ရှင်းတော်မူတယ်။ ကြားနာသူတွေ ရှင်းလင်းစွာ သိလွယ်တယ်။ နာပျော်ဖွယ်ကောင်းတယ်။ ကွဲအက်ခြင်းမရှိဘူး။ တခဲနက် လုံးစည်းတဲ့ အသံတော်ရှိတော်မူတယ်။ နက်နဲပြီး ပဲတင်ထပ် ပြန့်နှံ့စေတော်မူတဲ့ အသံအင်္ဂါတော်နဲ့ လည်းပြည့် စုံတော်မူတယ်။
သို့သော်လည်း မြတ်စွာဘုရား ရဲ့ အသံတော်ဟာ သိစေတော်မူလိုတဲ့ ပရိသတ်အတိုင်းတာကို ကျော်လွန် ပြန့်နှံ့သွားခြင်း မရှိဘူးလို့ ဆိုပါတယ်။ မြတ်စွာဘုရားရဲ့ ဆိုခဲ့ပြီးတဲ့ အသံတော်အင်္ဂါရပ် (၈) ပါးနဲ့ ပတ်သက်ပြီး အသေးစိတ် ဖွင့် ဆိုချက်တွေကို အောက်ပါကျမ်းဂန်များမှာလည်း တွေ့နိုင်တယ်။ DA.ii.452f.; and MA.ii.771f ။ မြတ်စွာဘုရားဟာ မင်းပရိ သတ်၊ ဗြဟ္မာဏပရိသတ်၊ သူဌေးသူကြွယ်ပရိသတ်၊ ရဟန်း၊ သမဏပရိသတ်၊ စတုမဟာရာဇ် နတ်ပရိသတ်၊ တာဝတိံသာနတ် ပရိသတ်၊ မာရ်နတ်ပရိသတ်နဲ့ ဗြဟ္မာ ပရိတ် လို့ ဆိုတဲ့ ပရိသတ်ရှစ်ပါးကိုလည်း တရားဟောကြားတော်မူတယ်။အဲလို ဟောကြားတော်မူတဲ့အခါ မြတ်စွာဘုရားဟာ သက်ဆိုင်ရာ ပရိသတ်အသီးသီးရဲ့ အဆင်းပုံသဏ္ဌန်အဖြစ်ပြောင်းလဲသွားပြီး၊ သူတို့ရဲ့ သက်ဆိုင်ရာ ဘာသာစကားကိုအသုံးပြုပြီး တရားစကားဟောကြားမူတတ်တယ်လို့ အဂုင်္တ္တရနိကာယ် မှာ တွေ့ကြရ တယ်။
ဘုရားရှင်တစ်ပါးနဲ့ ပတ်သက်ပြီး ထူးခြားကြည်ညိုဖွယ်ရာတွေကို ဂေါတမဗုဒ္ဓမြတ်စွာ အကြောင်းရေးသားတဲ့အခါ တွေ့ကြရ လိမ့်မယ်။ ဘုရားအလောင်းတော်တွေဟာ ကြင်ယာတော်က သားတော်တစ်ပါးဖွားတော်မူတဲ့အခါမှသာ တောထွက်တော်မူကြ ပါတယ်။ အကြောင်းရင်းကတော့ ဘုရားအလောင်းတော်ကို လူသားထက် ထူးခြားသူ အဖြစ်ထင်မြင်ခြင်း မရှိအောင်ဖြစ်တယ် လို့ အဖွင့်ကျမ်းမှာရှင်းပြထားတယ်။ ။ တောမထွက်ခင်မှာလည်း ဘုရားအလောင်းတော်တွေဟာ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဆိုတဲ့ နိမိတ်ကြီးလေးပါးကိုလည်း မြင်တွေ့ကြရတယ်။ အချို့ဘုရားအလောင်းတော်တွေဟာ ဒီ နိမိတ်ကြီးလေး ပါးကို တစ်ချိန်တည်းမြင်တွေ့ကြရပေမဲ့၊ အချို့ဘုရားအလောင်းတော်တွေ၊ ဥပမာ ၀ိပဿီ ဘုရားအလောင်းတော်ဟာ ဒီ နိမိတ် ကြီးလေးပါးကို ကာလခြားပြီး မြင်တွေ့ရတယ်။ ဘုရားမဖြစ်ခင် ညမှာ အိပ်မက်ကြီး ငါးပါးကိုလည်း မြင်မက်ကြပါတယ်။
ဘုရားဖြစ်တော်မူပြီးတဲ့အခါ မဟာဗြာဟ္မာမင်းကတောင်းပန်လျှောက်ထားတဲ့အခါမှသာ တရားစတင်ဟောကြား တော်မူတယ်။ အကြောင်းရင်းကတော့ သတ္တ၀ါတွေဟာ မြတ်စွာဘုရားရှင်နဲ့ တရားတော်ကို အလေးဂရုပြုမိစေဖို့ဖြစ်တယ် လို့ အဖွင့်ကျမ်းမှာ ရှင်းပြထားတယ်။ ဘုရားရှင်တွေဟာ မဟာဗောဓိကနေ ဣသိပတန မိဂဒါဝုန်တောကို ဈာန်နဲ့ ကြွချီတော်မူပြီး တရားဦးဟောကြားတော်မူလေ့ရှိတယ် လို့ဆိုပါတယ်။ သို့ပေမဲ့ ဂေါတမ ဗုဒ္ဓမြတ်စွာကတော့ လမ်းမှာ ဥပက ကိုတွေ့ဖို့အတွက် ခြေလျင်ခရီး ကြွချီတော်မူတယ်။ (DA.ii.471) ။
ဘုရားရှင်တို့ရဲ့ တစ်နေ့တာကာလကိုလည်း အပိုင်းအခြားပြုပြီး သက်ဆိုင်ရာကာလ အပိုင်းအခြားမှာ ဆိုင်ရာ ဗုဒ္ဓကိစ္စတော်တွေကို ဆောင်ရွက်ကြောင်းလည်း ကျမ်းဂန်တွေမှာ တွေ့ကြရတယ်။ ဘုရားရှင်ဟာ နံနက်စောစော အိပ်ယာထတော်မူပြီး ကိုယ်လက် သုတ်သင် မျက်နှာသစ်တော်မူပါတယ်။ ပြီးတဲ့အခါ ဆွမ်းခံချိန်ရောက်တဲ့တိုင်အောင် ဖလသမာပတ်ဝင်စားတော်မူတယ်။ ဆွမ်း ခံချိန်ရောက်တဲ့အခါ သင်္ကန်းစံပယ်အောင် ပြင်ဆင်ဝတ်ရုံတော်မူပြီး ဆွမ်းခံကြွတော်မူတယ်။ တခါတရံ တစ်ပါးတည်းကြွတော်မူ ပြီး၊ တခါတရံ တပည့်သာဝက နောက်လိုက်ရဟန်းတော်များစွာနဲ့ ကြွတော်မူပါတယ်။
တစ်ပါးတည်း ကြွတော်မူလိုတဲ့အခါ မြတ် စွာဘုရားရှင်ဟာ ဂန္ဓကုဋိ တိုက်ခန်းတံခါးကို ပိတ်ထားတော်မူတယ်။ ဒီလိုနည်းနဲ့ ရဟန်းတော်တွေဟာ မြတ်စွာဘုရားရဲ့ အလို တော်ကို သိကြရတယ်လို့ဆိုပါတယ်။ ဝေးလံတဲ့ ဒေသတွေကို ဆွမ်းခံကြွတော်မူတဲ့အခါ မြတ်စွာဘုရားရှင်ဟာ ဈာန်တန်ခိုးတော်နဲ့ ကြွတော်မူပြီး အဲလိုအခါမျိုး မှာ အဘိဉာဉ်ရ ရဟန္တာမထေရ်မြတ်တွေသာ မြတ်စွာဘုရားနဲ့အတူတကွ ဆွမ်းခံကြွချီတော်မူကြ တယ်။ (ThagA.i.65) ။ တခါတရံ မြတ်စွာဘုရားဟာ မထင်မရှားရဟန်းတစ်ပါးအသွင်နဲ့သာ ဆွမ်းခံဝင်တော်မူလေ့ရှိပြီး (ပကတိယာ) တခါတရံ တော့ ဘုရားရှင်တို့ရဲ့ အသရေတော်၊ ဘုန်းတော်တွေထင်ရှားစွာပြုပြီး ဆွမ်းခံဝင်တော်မူတယ် လို့လည်း တွေ့ကြရတယ်။ ဆွမ်းဘုဉ်းပေးပြီးတော်မူတဲ့အခါမှာ မြတ်စွာဘုရားရှင်ဟာ ဂန္ဓကုဋိတိုက်တော်ကို ပြန်လည်ကြွချီတော်မူ တယ်။ ယခု ဆိုခဲ့ပြီးတဲ့ မြတ်စွာဘုရားရှင်တို့ရဲ့ နံနက်ပိုင်း ဆွမ်းဘုဉ်းပေးတော်မူသည် အထိ ဆောင်ရွက်တော်မူတဲ့ ကိစ္စတွေကို တော့ ‘‘ပုရေဘတ္တ ကိစ္စ’’ လို့ခေါ်တယ်။
အဲဒီနောက်မြတ်စွာဘုရားရှင်ဟာ ဂန္ဓကုဋိကျောင်းတိုက်အတွင်းက ထွက်တော်မူပြီး အလုပ်အကျွေး ရဟန်းတော်အသင့်ပြင်ထားတဲ့ နေရာမှာ ထိုင်တော်မူ လျက် ခြေဆေးတော် မူပါ တယ်။ ခြေဆေးအင်ပျဉ်မှာရပ်တည်တော် မူရင်းဘဲ မြတ်စွာဘုရားဟာ တပည့် ရဟန်းတော်တွေကို မမေ့မလျော့ပွားများအားထုတ်ကြဖို့ ဆုံးမတော်မူတယ်။ ကမ္မဋ္ဌာန်းတောင်းတဲ့ ရဟန်းတွေကို ဣနြေ္ဒအနု၊ အရင့်၊ နလုံးသွင်း၊ စရိုက် တွေနဲ့ ကိုက်ညီဆီလျော်တဲ့ ကမ္မဋ္ဌာန်းတရား ချီးမြှင့်တော်မူပါတယ်။ အဲဒီနောက် ဂန္ဓကုဋိတိုက်ခန်းအ တွင်း ပြန်လည် ကြွတော်မူပြီး အလိုရှိရင် ခတ္တခဏ လျောင်းစက်အပန်းဖြေတော် မူတယ်။
လျောင်းစက်တော်မူပြီးတဲ့ အခါ ကျွတ်ထိုက်တဲ့ သတ္တ၀ါတွေကို ဗုဒ္ဓဉာဏ်တော်စွမ်းအားနဲ့ ကြည့်ရူဆင်ခြင်တော်မူပြီး သင့်လျော်တဲ့ တရားဓမ္မများလမ်းညွှန်ဟော ကြားခြင်းဖြင့် ချေချွတ်တော်မူပါတယ်။ ညနေခင်းရောက်တဲ့အခါ မြတ်စွာဘုရားရှင် ရေသုံးသပ်တော်မူတယ်။ ညရဲ့ပထမ ပိုင်း ညဥ့်ဦးယမ်မှာတော့ တပည့်ရဟန်းတော်တွေကို တရားဓမ္မဟောကြားတော်မူတယ်။ ညရဲ့ ဒုတိယပိုင်း သန်းခေါင်းယမ်ကာလ မှာတော့ နတ်၊ ဗြာဟ္မာများစွာရဲ့ မေးမြန်းလျှောက်ထားမူတွေကို ဖြေကြားတော်မူတယ်။ ညရဲ့ တတိယပိုင်း မိုးသောက်ယမ်ကို တော့ သုံးပိုင်း ခွဲခြားတော်မူပြီး ပထမပိုင်းမှာ စင်္ကြန်ကြွတော်မူတယ်။ ဒုတိယပိုင်းမှာ ကျိန်းစက်တော်မူပြီး နောက်ဆုံးပိုင်းမှာတော့ ကျွတ်ထိုက်တဲ့ ဝေနေယျသတ္တ၀ါအပေါင်းကို ဗုဒ္ဓဉာဏ်တော် စွမ်းအား နဲ့ ကြည့်ရူဆင်ခြင်တော်မူပါတယ်။ ဒီလိုဆင်ခြင်တော်မူတဲ့ အခါ ရှေးရှေးဘုရားရှင်တို့ထံမှာ အဓိကာရ ကုသိုလ်ကောင်းပြုခဲ့ပြီး ပြည့်စုံတဲ့ ဥပနိဿယရှိတဲ့ ကျွတ်တန်းဝင်ထိုက်သူဝေနေယျ သတ္တ၀ါတွေသာ ဘုရားရှင်ရဲ့ ဉာဏ်တော်မှာ ထင်ရှားပေါ်လာတယ်လို့ ဆိုပါတယ်။
ဘုရားရှင်တို့ ဟာ ဖူးတွေ့ဖို့ရောက်ရှိလာတဲ့ မည်သူမဆို မေးလိုရာမေးမြန်းဖို့ ခွင့်ပေးတော်မူတယ်။ ဒီလို မေးမြန်းခွင့်ပေးခြင်းကို ‘‘သဗ္ဗညုပ၀ါရဏာ’’ လို့ခေါ်ပြီး မေးလာတဲ့ မေးခွန်းသမျှ ဖြေကြားဖို့ ကတိပေးစကားမျိုးကို ဘုရားရှင်ကလွဲပြီး ဘယ်သူမှ မပေး နိုင်ဘူးလို့ ဆိုပါတယ်။ (SNA.i.229) မိုးတွင်းအခါကာလကလွဲပြီး ဘုရားရှင်ဟာ တစ်နေမှ တစ်နေရာသို့ မပြတ် ဒေသစာရီ ကြွချီတော်မူပြီး တရားဓမ္မတွေကို ကျင့်သုံးလိုက်နာဖို့ သတ္တ၀ါတွေကို ရွှင်လန်းတက်ကြွစေတယ်။
တရားဓမ္မနဲ့ အညီ နေထိုင်ကြ ဖို့ တိုက်တွန်းဟောကြားတော်မူတယ်။ ဒီလိုဘုရားရှင်တို့ရဲ့ ဓမ္မခရီးကြွချီမူကို ‘‘စာရိကာ’’ လို့ခေါ်ပြီး ‘‘တုရိတ’’ နဲ့ ‘‘အတုရိတ’’ ဆိုပြီး နှစ်မျိုးရှိတယ်။ ‘‘တုရိတ စာရိကာ’’ ဆိုတာ တစ်စုံတစ်ယောက်သော ကျွတ်ထိုက်သူ သတ္တ၀ါတစ်ဦးကို ငဲ့ညှာတော်မူပြီး ရှည်လျားဝေးလံခရီးကို ကြွချီတော်မူခြင်းဖြစ်ပြီး အချိန်ကာလအားဖြင့် မကြာရှည်တတ်ဘူးလို့ ဆိုတယ်။ ဥပမာအားဖြင့် ဂေါတ မ ဗုဒ္ဓမြတ်စွာဟာ ရှင်မဟာကဿပ မထေရ်မြတ်အလောင်းလျာကို ချေချွတ်တော်မူဖို့ သုံးဂါဝုတ် ကြွတော်မူတယ်။
အာဠာဝက ဘီလူးနဲ့ အဂုင်္လိမာလကို ချွတ်တော်မူဖို့ ယူဇနာသုံးဆယ် ကြွတော်မူပြီး ပုက္ကုသာတိ မင်းကို တရားဟောကြားဖို့တော့ လေးဆယ့်ငါး ယူဇနာ ခရီးကို ကြွတော်မူပါတယ်။ ‘‘အတုရိတ စာရိကာ’’ ဓမ္မခရီးကတော့ အချိန်ကာလ အားဖြင့် ရှည်လျားပြီး ဖြည်းဖြည်းချင်းသာ ကြွချီတော်မူတယ် လို့ ဆိုပါတယ်။ မြတ်စွာဘုရားရှင်တို့ရဲ့ ‘‘စာရိကာ’’ ခရီးအကွာဝေးဟာလည်း တစ်နှစ်ပြီး တစ်နှစ် ကွာခြား ပြောင်းလဲမူတွေရှိတယ်လို့ ဆိုတယ်။ တခါတရံ ဘုရားရှင်ဟာ ယူဇနာ ကိုးရာရှိတဲ့ ခရီး အ၀န်းအ၀ိုင်းကို ကြွ တော်မူပြီး ‘‘မဟာမဏ္ဍလ စာရိကာ’’ လို့ခေါ်တယ်။ တခါတရံတော့ ယူဇနာကိုးရာရှိတဲ့ ‘‘မဇ္ဈိမ မဏ္ဍလ’’ ခရီးကြွတော်မူပြီး၊ တခါ တရံတော့ ယူဇနာခြောက်ရာ အ၀န်းအ၀ိုင်းရှိတဲ့ ‘‘အန္တော မဏ္ဍလ’’ ခရီးကိုကြွချီတော်မူတယ်။
‘‘မဟာ မဏ္ဍလ’’ ခရီး ဟာ ကာလ အားဖြင့် ကိုးလကြာမြင့်ပြီး၊ ‘‘မဇ္ဈိမ မဏ္ဍလ’’ ခရီးဟာ ရှစ်လနဲ့ ‘‘အန္တော မဏ္ဍလ’’ ခရီးကတော့ တစ်လကနေ လေးလ ထိ ကြာရှည်တယ်လို့ ဆိုတယ်။ အဲဒီ မြတ်စွာဘုရားရှင်ရဲ့ ‘‘စာရိကာ’’ နဲ့ ‘‘စာရိကာ’’ ဓမ္မခရီး အမျိုးမျိုး ကြွချီတော်မူရခြင်းရဲ့ အသေး စိတ်အကြောင်းရာတွေကို ဒီဃနိကာယ် အဖွင့်ကျမ်း DA.i.240 3 မှာတွေ့နိုင်တယ်။ မြတ်စွာဘုရားရှင်ဟာ ဓမ္မခရီးတစ်ခုနဲ့ ပတ် သက်ပြီး ကိုယ်တော်တိုင် ကြွရောက်တော်မူနိုင်ခြင်း မရှိတဲ့အခါ တပည့်သာဝက ရဟန်းတော်တွေကို စေလွှတ်တော်မူပါတယ်။ (SNA.ii.474)။ မြတ်စွာဘုရားရှင်ဟာ ဒီလို ဓမ္မခရီးတော်၊ ဒေသစာရီကြွချီတော်မမူခင်မှာ တပည့်ရဟန်းတော်တွေ ခရီးအတွက် ပြင်ဆင်ခွင့် ရရှိအောင် နှစ်ပါတ်တာ ကာလကနေ ကြိုတင်အသိပေးတော်မူတယ် လို့လည်း တွေ့ကြရတယ်။
ဗုဒ္ဓမြတ်စွာဟာ သဗ္ဗညုတဉာဏ်တော်ပိုင်ရှင်ဖြစ်တယ် လို့ ပြောတဲ့အခါ အလိုလျောက် အရာရာတိုင်းကို သိတော်မူနေတယ် လို့ မဆိုပါဘူး။ အလိုရှိတော်မူတဲ့အခါ ဘယ်အရာမဆို သိတော်မူနိုင်တယ်လို့ ဆိုလိုခြင်းဖြစ်ကြောင်း MNid.178,179; see also MNidA.223; SNA.i.18 စတဲ့ ကျမ်းဂန်များမှာ တွေ့ရတယ်။ မြတ်စွာဘုရားတို့ရဲ့ဉာဏ်တော်ဟာ အတိုင်းအတာ၊ ပမာဏ နဲ့ ဖော်ပြခြင်းငှာ မစွမ်းနိုင်တဲ့ ဂုဏ်တော်လေးပါးမှာ တစ်ပါးအပါအ၀င်ဖြစ်တယ်။ (မြတ်စွာဘုရားရှင်တို့ရဲ့ အရပ်တော်ဟာလည်း အခြား ပုဂ္ဂိုလ်တို့နဲ့ နှိုင်းယှဉ်ဖို့ တိုင်းတာမယ် ဆိုရင် ပမာဏတိုင်းတာလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။ (MA.ii.790) ။ ပြီးတော့ မြတ်စွာဘုရားရှင်တို့ဟာ အောက်ပါနည်းလမ်း (၃) မျိုးနဲ့ သတ္တ၀ါတွေကို တရားဓမ္မဟောပြတော်မူတယ်။
၁။ ဆန်းကြယ်တဲ့ အစွမ်းတန်ခိုးတွေကို သုံးခြင်းနည်းလမ်း။ (ဣဒ္ဓိပါဋိဟာရိယ)
၂။ စိတ်အကြံကို ဖတ်ခြင်းနည်းလမ်း။ (အာဒေသနာ ပါဋိဟာရိယ)
၃။ စရိုက်၊ စိတ်နေစိတ်ထား၊ နှလုံးသွင်းနဲ့ သင့်တော်ပြီး အကျိုးစီးပွားဖြစ်ထွန်းစေမဲ့ တရားဓမ္မတို့ကို ရှင်းလင်းသင်ပြဟောကြား ညွှန်ပြခြင်းနည်းလမ်း။ (အနုသာသနီ ပါဋိဟာရိယ)
ဒီနည်းလမ်း (၃) မျိုးမှာ မြတ်စွာဘုရားရှင်တို့ အများဆုံးအသုံးပြုတဲ့နည်းလမ်းဟာ နောက်ဆုံး ‘‘အနုသာသနီ ပါဋိဟာ ရိယ’’ နည်းလမ်းဖြစ်တယ်။ (BuA.81) ဗုဒ္ဓမြတ်စွာရဲ့ ပြိုင်ဘက် ဘာသာရေးခေါင်းဆောင်တွေက ဗုဒ္ဓမြတ်စွာဟာ လှည့်ဖြားသိမ်းသွင်းတတ်တဲ့ အတတ် (အာဝတ္တနမာယာ) ကို တတ်မြောက်တယ်လို့ စွပ်စွဲကြတယ်။ ဒါဟာ မမှန်မကန်စွပ်စွဲ ခြင်းဖြစ်ပါတယ်။ တခါတရံ မှာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးမတော်ကို တပည့်သာဝက ရဟန်းတော်တွေကတောင် မခံယူကြကြောင်း တွေ့ကြရတယ်။
(ဥပမာ- ကောသမ္ဗီရဟန်းတော်တွေ)၊ သို့သော်လည်း အချို့ သတ္တ၀ါတွေမှာတော့ ဗုဒ္ဓမြတ်စွာတစ်ဦးတည်းက သာ သွန်ဟောပြ ချေချွတ်တော်မူနိုင်တယ်။ အဲလို ပုဂ္ဂိုလ်တွေကို “ဗုဒ္ဓဝေနေယျ’’ လို့ခေါ်တယ်။ (SNA.i.331) အချို့ပုဂ္ဂိုလ်တွေ ဟာ ဗုဒ္ဓမြတ်စွာကို ရုပ်ရည် ရူပကာယတော်ကြောင့် ကြည်ညိုဆည်းကပ်ကြတယ်။ အချို့ကတော့ အသံတော်ကြောင့် ကြည် ညို ဆည်းကပ်ကြပြီး၊ အချို့ကတော့ ရိုးရှင်းတော်မူတဲ့ ရသမျှသင်္ကန်းတော်ကိုသာ ရောင့်ရဲဝတ်ရုံတော်မူခြင်း အစရှိတဲ့ ခြိုးခြံတဲ့ အကျင့်တော်ကြောင့် ကြည်ညိုဆည်းကပ်ကြတယ်။ အချို့ပုဂ္ဂိုလ်တွေကတော့ သီလ၊ သမာဓိ၊ ပညာ စတဲ့ တရားဂုဏ်တော် တွေကြောင့် အတုမရှိပုဂ္ဂိုလ်မြတ်လို့ သိမြင်ကြတဲ့အတွက် မြတ်စွာဘုရားကို ကြည်ညိုဆည်းကပ်ကြတယ် လို့ဆိုပါတယ်။ (DhA.iii.113f.)
မြတ်စွာဘုရားရဲ့ ဟောကြားသွန်သင်မူတွေဟာ ကြားနာသူအတွက် ဆုံးရှုံးသွားရမူမဖြစ်စေနိုင်ပေမဲ့ တခါတရံမှာ ဗုဒ္ဓမြတ်စွာဟာ မျက်မှောက် ထင်ရှားတဲ့ အကျိုးသက်ရောက်မူ မရှိနိုင်ဘူးလို့ သိမြင်တော်မူပေမဲ့ တရားဟောကြားတော်မူတတ်ပါတယ်။ (ဥပမာ ဥဒုမ္ဗရိက သီဟနာဒသုတ်၊ ဒီဃနိကာယ်)။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိတော်မူတဲ့ အချိန်က မြတ်စွာဘုရား သီတင်းသုံး တော်မူရာ အနီးဝန်းကျင် အရပ်ဒေသမှာ နေထိုင်တော်မူကြတဲ့ ရဟန်းတော်တွေဟာ သူတို့ရဲ့ ကျောင်းသင်္ကန်းတွေမှာ မြတ်စွာ ဘုရားရှင်အတွက် အထူးနေရာတစ်ခု အမြဲမပြတ် ပြင်ဆင်ထားလေ့ရှိကြတယ်။
အကြောင်းရင်းကတော့ ဗုဒ္ဓမြတ်စွာဟာ မကြာ ခဏဆိုသလို ရဟန်းတော်တွေထံ ကြွရောက်တော်မူတတ်လို့ဖြစ်တယ်။ (DA.i.48)။ တခါတရံမှာ မြတ်စွာဘုရားဟာ ကမ္မဋ္ဌာန်း တရားအားထုတ်လို့ အခက်ခဲတွေ့နေတဲ့ တပည့်ရဟန်းတစ်ပါးပါးကို အားပေးကူညီပြီး လမ်းညွှန်ပေးတော်မူဖို့အတွက် ဂန္ဓကုဋိ တိုက်မှာ သီတင်းသုံးတော်မူရင်းနဲ့ ရောင်ခြည်တော် လွှတ်တော်မူပါတယ်။ အဲဒီနောက် လွှတ်တော်မူလိုက်တဲ့ ရောင်ခြည်တော် နဲ့ အတူ ရဟန်းတော်ရဲ့ ရှေ့မှောက်သို့ ကြွရောက်တော်မူလာပြီး လမ်းညွှန်ဆုံးမ သြ၀ါဒပေးတော်မူတယ်။ ဒီလိုနည်းနဲ့ မြတ်စွာ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ ဂါထာ တရားတော်တွေကို ‘‘သြဘာသဂါထာ’’ တော်လို့ခေါ်ပါတယ်။ (SNA.i.16, 265)
မြတ်စွာဘုရားရှင်တိုင်းမှာ တပည့်ရဟန်းသံဃာတော်တွေရှိတော်မူပြီး မြတ်စွာဘုရားရှင်တိုင်းရဲ့ ပထမ ပါတိမောက္ခုဒ္ဒေသဂါထာ တော် ဟာ တူညီကြတယ်။ (DA.ii.479)။ မြတ်စွာဘုရားရှင်တို့ရဲ့ တရားတော်ဟောကြားတော်မူခြင်း ရည်ရွယ်ချက်ဟာလည်း အရဟတ္တမဂ်၊ အရဟတ္တဖိုလ်လို့ ခေါ်တဲ့ နောက်ဆုံး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရရှိဖို့ဖြစ်တယ်။ (DA.iii.732)
မတ်စွာဘုရားရှင်တို့ဟာ ဘုရားရှင်တို့ရဲ့ ဉာဏ်တော်အားဆယ်ပါးနဲ့လည်း ပြည့်စုံတော်မူကြပါတယ်။ ဘုရားရှင်တို့ရဲ့ ကိုယ်ကာ ယာအားတော်ကတော့ ပကတိဆင်ပေါင်း ကုဋေတစ်ထောင် သို့မဟုတ် ဆဒ္ဒန်ဆင်ဆယ်စီးရဲ့အားနဲ့ ညီမျှတော်မူတယ်။ ဘုရား ရှင်တို့သည်သာ နတ်တို့ရဲ့ အစားအစာကို ကောင်းစွာ ကြေညက်အောင် အစာချေဖျက်တော်မူနိုင်ကြတယ်။ ဒါ့အပြင် မြတ်စွာ ဘုရားရှင်တို့ဟာ ဝေသာရဇ္ဇဉာဏ်တော် (၄) ပါး၊ အာဝေဏိက ဂုဏ်တော် (၁၈) ပါး၊ အနုတ္တိယဂုဏ်တော် (၁၆) ပါးတို့နှင့်လည်း ပြည့်စုံတော်မူတယ်။(DA.iii.994) (D.iii.102ff.)
ပုဗ္ဗေနိဝါသာနုဿတိဉာဏ်လို့ခေါ်တဲ့ ရှေးဘ၀များစွာကို အောက်မေ့ဆင်ခြင်နိုင်တဲ့ ဉာဏ်တော် အရာမှာလည်း ဗုဒ္ဓဘုရားရှင် တို့ဟာ အခြားပုဂ္ဂိုလ်တို့ထက် အထူးသာလွန်တော်မူတယ်။ ဒီလို ဉာဏ်အမြင်မျိုးကို ရရှိနိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ တိတ္ထိယာ၊ ပကတိ သာဝက၊ မဟာသာဝက၊ အဂ္ဂသာဝက၊ ပစ္စေကဗုဒ္ဓါများနဲ့ ဗုဒ္ဓဘုရားရှင်တို့ဖြစ်တယ်။ ဒီနေရာမှာ တိတ္ထိတွေရဲ့ ဉာဏ်အမြင်ဟာ ပိုးစုန်ကြူးမီးရောင်နဲ့တူတယ်။ ပကတိသာဝကတွေရဲ့ ဉာဏ်အမြင်ကတော့ ဆီမီးရောင်နဲ့တူပြီး၊ မဟာသာဝကတို့ရဲ့ ဉာဏ်အမြင်ဟာ မီးရှူးတန်ဆောင် အလင်းရောင်နဲ့တူတယ် လို့ဆိုပါတယ်။ ပစ္စေကဗုဒ္ဓါတို့ရဲ့ ဉာဏ်အမြင်ကတော့ လရောင်နဲ့ သာတူပြီး ဘုရားရှင်တို့ရဲ့ ဉာဏ်အမြင်တော်ဟာ နေရောင်တမျှထွန်းလင်းတောက်ပတော်မူတယ် လို့ ဆိုပါတယ်။ ဒီ အကြောင်းတွေကို ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာမှာ အသေးစိတ်တွေ့ရတယ်။
ဘုရားရှင်တိုင်းဟာ ရဟန်းများစွာ၊ နတ်၊ ဗြာဟ္မာများစွာ တညီတညွတ်တည်း ညီမူစုဝေးကြတဲ့ မဟာသမယအစည်းဝေးကြီးကို ဖြစ်ပေါ်စေပါတယ်။ အဲဒီ အစည်းအဝေးပွဲကြီးမှာ ညီမူရောက်ရှိလာတဲ့ နတ်၊ ဗြာဟ္မာတွေရဲ့ စရိုက်နဲ့ ကိုက်ညီအောင် တရားအစဉ် ကို ဘုရားရှင်တို့သာ သိရှိဟောကြားတော်မူနိုင်ကြတယ်။ (D.ii.255; DA.ii.682f)
ဘုရားရှင်တို့ဟာ ရောဂါဝေဒနာတွေကနေ လုံးဝကင်းလွတ်ခြင်းမရှိဘူး။ ပြီးတော့ အာယုကပ်လို့ခေါ်တဲ့ ပွင့်ထွန်းတော်မူ ရာသက်တမ်းရဲ့ အပြည့်အ၀နှစ်ကာလထိအောင် သက်တော်ပြည့်နေနိုင်တော်မူကြပေမဲ့ ဒီလို အပြည့်အ၀နေတော်မူ တဲ့ ဘုရားရှင် မရှိဘူးလို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ ဥတုရာသီနဲ့ သုံးဆောင်ဘုဉ်းပေးတော်မူတဲ့ အာဟာရဟာ သက် တမ်းကို ယုတ်လျော့စေလို့ ဖြစ်ကြောင်း ရှင်းပြထားတယ်။ (DA.ii.413)
သို့သော်လည်း ဘယ်ဘုရားရှင်မှ သာသနာတော် အခိုင်မာတည်တံ့မူ မရှိသေးသမျှ ကာလပတ်လုံး ပရိနိဗ္ဗာန်စံဝင်တော်မမူဘူး လို့ဆိုတယ်။ မြတ်စွာဘုရားရှင်တို့ရဲ့ ပရိနိဗ္ဗာန် စံဝင်တော်မူခြင်းနဲ့ ပတ်သက်ပြီး သုံးမျိုးတွေ့ရတယ်။ ‘‘ကိလေသ ပရိနိဗ္ဗာန၊ ခန္ဓပရိနိဗ္ဗာန နဲ့ ဓာတုပရိနိဗ္ဗာန တို့ဖြစ်တယ်။ ကိလေသ ပရိနိဗ္ဗာနဟာ ဗောဓိပင်ခြေရင်းမှာ ဖြစ်ပေါ်ခဲ့တယ်။ ခန္ဓပရိနိဗ္ဗာနကတော့ မြတ်စွာဘုရားရှင်တို့ ပရိနိဗ္ဗာန်ဝင်စံတော်မူတဲ့အခါမှာ ဖြစ်ပေါ်ပါတယ်။ ဓာတုပရိနိဗ္ဗာနကတော့ အချိန်အတိုင်းတာတစ်ခုထိ ရှည်ကြာပြီးတဲ့နောက်ဖြစ်ပေါ်ပါတယ်။ ဒီ အကြောင်းတွေကို ဂေါတမမြတ်စွာဘုရားရှင် အကြောင်းရေးသားတဲ့အခါ အကျယ်တ၀င့် သိရှိကြရလိမ့်မယ်။ အချို့ဘုရားရှင်တွေဟာ အထူးသဖြင့်သက်တော်ရှည်တော်မူကြတယ်။
ဒီလို သက်တော်ရှည်တော်မူတဲ့ ဘုရားရှင်တွေမှာ သမ္မုခသာဝက လို့ခေါ်တဲ့ မြတ်စွာဘုရားရှင်ထံမှောက်မှာ အကျွတ်တရားရတော်မူတဲ့ တပည့်သာဝကရဟန်းတော်တွေသာရှိကြပြီး ပရိနိဗ္ဗာန်ဝင်စံတော်မူတဲ့ အခါ ကြွင်းကျန်ရစ်တဲ့ ဓါတ်တော်တွေဟာလည်း မပြိုမကွဲဘဲ တစ်သားတည်း ကျန်ရစ်တော်မူတယ် ဆိုတယ်။ ဒါ့အပြင် ကြွင
Credit: Original upload
No comments:
Post a Comment