🌲 ပုဂ္ဂိုလ်သတ္တဝါ အမျိုးအစား (၄) မျိုး🌲
〰〰〰〰〰〰〰〰〰〰
ဒီဃနိကာယ် မဟာဝဂ္ဂပါဠိတော် မဟာပဒါနသုတ်၌ ဘုရားရှင်ကိုယ်တော်မြတ်သည်
ဘုရားဖြစ်တော်မူပြီးနောက် တရားဟောတော်မူထိုက်သော သတ္တဝါတို့ကို
ရှုတော်မူသောအခါ ကြာ(၃) မျိုးကို ဥပမာပြု၍ ရှုတော်မူပုံကို ပြထား၏။
၎င်းတို့မှာ- (၁) ရေပေါ်၌ ပေါ်နေသောကြာ
(၂) ရေနှင့်ညီနေသောကြာ
(၃) နောက်ရက်များကြမှ ရေပေါ်သို့တက်လာမည့်ကြာဟူ၍ သုံးမျိုးရှိ၏။
အဋ္ဌကထာ၌မူ ဤသုံးမျိုးအပြင် ရေပေါ်သို့မတက်နိုင်တော့ပဲ ငါး, လိပ်တို့၏ အစာဖြစ်ကာ
ရေအတွင်း၌သာ ပျက်စီးရမည့် ကြာတစ်မျိုးကိုလည်း ပြထားသေး၏။
(၁) ဥဂ္ဃဋိတညူပုဂ္ဂိုလ်။ ။ ရေပေါ်၌ ပေါ်နေသောကြာသည် အရုဏ်တက်၍ နေအရောင်
ရသည်နှင့်တစ်ပြိုင်နက် ပွင့်မည့်ကြာတည်း။ ဗုဒ္ဓမြတ်စွာ၏ တရားတော်နှင့်
တွေ့သည်နှင့်တစ်ပြိုင်နက် မဂ်, ဖိုလ်တရားထူးကို ရထိုက်သော ပုဂ္ဂိုလ်သည် ထိုကြာနှင့် တူလေ၏။
ဤပုဂ္ဂိုလ်ကို " ဥဂ္ဃဋိတညူပုဂ္ဂိုလ်" ဟုခေါ်၏။ ဥပမာ- အရှင်သာရိပုတ္တရာသည် အရှင်အဿဇိထံမှ
တရားနှစ်ပိုဒ်ကို ကြားနာရ၍ သောတာပန်ဖြစ်၏။ ထိုသောတာပန်သည် " ဥဂ္ဃဋိတညူပုဂ္ဂိုလ်" တည်း။
(၂) ဝိပဉ္စိတညူပုဂ္ဂိုလ်။ ။ ဘုရားရှင်သည်လည်းကောင်း၊ သာဝကတို့သည်လည်းကောင်း
တရားဟောတော်မူသည့်အခါ အကျဉ်းအကျယ်( ဥဒ္ဒေသနိဒ္ဒေသ)
အားဖြင့် ဟောတော်မူကြ၏။ ထိုသို့ဟော်တော်မူရာ၌ အကျဉ်းဟောစဉ်က အနက်အဓိပ္ပါယ်ကို
မသိသေး၍ တရားထူးမရနိုင်သေးပဲ အကျယ်ဟောတော်မူမှ အနက်အဓိပ္ပါယ်ကိုနားလည်၍
တရားထူးရသောပုဂ္ဂိုလ်ကို " ဝိပဉ္စိတညူပုဂ္ဂိုလ်" ဟုခေါ်သည်။ ဗုဒ္ဓမြတ်စွာ၏ တရားတော်ကို
အကျယ်ဟောပြမှသာ တရားထူးရသောပုဂ္ဂိုလ်အားလုံးသည် ဝိပဉ္စိတညူပုဂ္ဂိုလ်များ ဖြစ်ကြ၏။
ဤပုဂ္ဂိုလ်များကား ရေပေါ်သို့ မပေါ်တက်သေးပဲ ရေနှင့်ညီမျှနေ၍ မကြာခင်ရေပေါ်တက်၍
ပွင့်လာကြမည့် ကြာများနှင့် တူကြလေ၏။
(၃) နေယျပုဂ္ဂိုလ်။ ။ ရေ၏အတွင်း၌ရှိ၍ နောက်ရက်လောက်မှ ရေပေါ်သို့တက်မည့်
ကြာကဲ့သို့ အကျဉ်း အကျယ်ဟောရုံမျှဖြင့် တရားမပေါက်သေးပဲ
ကြားနာအပ်ပြီးသော တရားတော်၏ အနက်အဓိပ္ပါယ်ကို အမှန်အတိုင်းသိအောင် ဆရာ့အထံ၌
မေးမြန်း၍လည်းကောင်း ၊သိအပ်ပြီးသော အဓိပ္ပါယ်ကို နှုတ်, စိတ်တို့ဖြင့် ဆောင်ထား၍လည်းကောင်း
မိတ်ကောင်း,ဆွေကောင်း ဆရာကောင်း,သမားကောင်းတို့အထံ၌ နည်းခံ၍လည်းကောင်း
အတော်ကြာအောင် ကမ္မဋ္ဌာန်းဘာဝနာကို အားထုတ်မှ တရားပေါက်သော ပုဂ္ဂိုလ်ကို " နေယျပုဂ္ဂိုလ်"
ဟုခေါ်၏။
(၄) ပဒပရမပုဂ္ဂိုလ်။ ။ နောက်ဆုံးပုဂ္ဂိုလ်တစ်မျိုးကား လူဝတ်ကြောင်အဖြစ်ဖြင့် တရားတော်ကို
နာယူကျက်မှတ်၍ တတ်သိအောင်သင်ပြီးလျှင်သော်လည်းကောင်း၊
ရဟန်း, သာမဏေအဖြစ်ဖြင့် ပါဠိ, အဋ္ဌကထာ ကျမ်းစာတို့ကို တတ်သိအောင် သင်ပြီးလျှင်
လည်းကောင်း ထိုတရားတော်၏ အနက်အဓိပ္ပါယ်ကို ဆရာသမားတို့အထံ၌ အဖန်ဖန် ဆွေးနွေး
မေးမြန်း၍ ကိုယ်တိုင်တရားပြနိုင်သော ကမ္မဋ္ဌာန်းဆရာ, စာချဆရာဖြစ်ရုံသာမက
ထိုတရားတော်အတိုင်း သီလသိက္ခာ စင်ကြယ်စွာဖြင့် ကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်လေ့ရှိ၏။
သို့သော် ထိုဘဝ၌ တရားထူးကိုမရနိုင်သေးသောကြောင့် ထိုပုဂ္ဂိုလ်ကို ရေအတွင်း၌ ငါး, လိပ်တို့၏
အစာသာဖြစ်၍ ရေပေါ်သို့မတက်နိုင်သေးသော ကြာမျိုးနှင့် တူလေသည်။
ယခုခေတ်၌ ပဒပရမပုဂ္ဂိုလ်သည် ဖျင်းအ ထုံထိုင်း၍ စာမတတ်သောပုဂ္ဂိုလ်ဟု ယူဆကြ၏။
ထိုသို့မဟုတ်ပါ။ ပဒပရမပုဂ္ဂိုလ်သည် နေယျပုဂ္ဂိုလ်ကဲ့သို့ စာတတ်အောင် သင်နိုင်ပါ၏။
သို့သော် နေယျပုဂ္ဂိုလ်ကဲ့သို့ တရားအားထုတ်သောအခါ တရားမပေါက်နိုင်သောကြောင့်သာ
ပဒပရမအဆင့်သို့ လျှောကျရပါသည်။ ရှေ့ပုဂ္ဂိုလ်(၃) မျိုးသည် ဤဘုရားသာသနာတော်၌
တရားထူးရကြ၍ ပဒပရမပုဂ္ဂိုလ်ကား တရားထူးမရ။
သို့သော် နောက်နောက်ဘဝ နောက်ဘုရားသာသနာတော်၌ တရားထူးရဖို့ရန် ကမ္မဋ္ဌာန်းဘာဝနာ
အားထုတ်မှုဝယ် အထုံဝါသနာ ပါပြီဖြစ်သောကြောင့် ဤဘဝတရားအားထုတ်မှု၌ လုံးလုံးအကျိုးမရှိဟု
မဆိုနိုင်ပါ။ အထုံဝါသနာပါခြင်းဟူသော အကျိုးထူးရှိပါသည်။ ဤအထုံဝါသနာပါမှုကြောင့်ပင်
နောက်နောက်ဘဝ နောက်ဘုရားသာသနာတော်၌ " တိက္ခပည- လွယ်ကူသောအသိဉာဏ်ရှိသူ၊
ခိပ္ပါဘိည- လျှင်မြန်သော တရားထူးဉာဏ်ရှိသူ ဖြစ်ပါလိမ့်မည်။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰
2.4.2017, 12:33 PM
Credit :Original. Uploader
No comments:
Post a Comment