"နိဗ္ဗာန်သို့ ဦးတည်သွားနေသူ"
___________________________
နိဗ္ဗာန်ကို သွားချင်တဲ့သူဟာ . . .
အရည်အချင်း ( ၈ ) မျိုးနဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ်တဲ့ ။
ဒါ ရုက္ခန္ဓောပမသုတ္တန်မှာ နိဗ္ဗာန်ခရီးလမ်းမှာ သတိထားရမယ့်
အရာတွေကို မြတ်စွာဘုရားက ရှင်းလင်းဟောပြထားတော်မူတယ် ။
ကောသမ္ဗိမိပြည် ဆိုတာ ဒီကနေ့ခေတ် အိန္ဒိယနိုင်ငံ Alharbad ဆိုတဲ့ မြို့နားမှာ ရှိတယ် ။ ဂင်္ဂါမြစ်နဲ့ ယမုံနာမြစ်ရဲ့ ဆုံဆည်းရာ နေရာမှာ ရှိတဲ့အတွက် မြစ်နဲ့လဲ နီးတယ် ။
စိတ်ထဲ မျှော်မှန်းပြီး ကြည့်လိုက်ပါ ။
ကောသမ္ဗီပြည်မှာ မြတ်စွာဘုရား သီတင်းသုံးနေချိန် ဂင်္ဂါမြစ်ကို ခေတ္တခဏ ရောက်ရှိလာတယ် ။ နောက်ပါရဟန်းတွေနဲ့ ပေါ့ ။ အဲဒီအခါ ဂင်္ဂါမြစ်ထဲမှာ သစ်တုံးကြီးတစ်တုံးဟာ ရေစီးကြောင်းအတိုင်း ပေါလောမျောနေတယ် ။
ကြည့်နော် , ဒါ သာမန်မြင်ကွင်းလေးပဲ ဖြစ်တယ် ။
သာမန်မြင်ကွင်းတစ်ခုပေမယ့် ကြည့်တတ်ရင် တရား ဖြစ်ပါတယ်။
တရားဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲရှိနေတယ် ။ အမြဲတမ်း ကိုယ့်ခန္ဓာကိုယ်နဲ့ ဆက်စပ်ပြီး တွေးတတ်ဖို့ လိုတယ်ပေါ့ ။ အဲဒီလို တွေးတတ်ဖို့ မြတ်စွာဘုရားက သွန်သင်တယ်နော် ။
ကြည့် - ကောသမ္ဗီမြစ်ကမ်းမှာ မြစ်ရေကြော သစ်တုံးကြီး မျှောနေတာ ဘာမှ မထူးဘူး ။ အဲဒီ သစ်တုံးကြီးကို ကြည့်ပြီး မြတ်စွာဘုရားက ရဟန်းတွေကို ဘယ်လို ဆုံးမလဲ ? ဆိုတော့ -
ကြည့်ကြစမ်း , ဟိုမှာ သစ်တုံးကြီး မျှောနေတာ တွေ့ကြလား ?
အဲဒီသစ်တုံးကြီးဟာ အခြေအနေ ကောင်းလို့ရှိရင် ပင်လယ်ထဲ ရောက်သွားမှာ တဲ့ ။ အခြေအနေ မကောင်းရင် အနှောင့်အယှက် ( ၈ ) မျိုးနဲ တွေ့ပြီး သစ်တုံးကြီးဟာ ပင်လယ်ထဲ ရောက်မှာ မဟုတ်တော့ဘူး တဲ့ ။
အဲဒီ အနှောင့်အယှက် ( ၈ ) မျိုးဆိုတာ ဘာတုန်း ?
----------------------------------
( ၁ )
#အန္တောပူတိ - ( အတွင်းမှာ ပုပ်နေတယ် ) သစ်တုံးကြီးက
အဆွေးကြီး ဆိုလို့ရှိရင် ဒီလောက် ဝေးလံတဲ့ ခရီးကြီး , ရေထဲ မျှောသွားရတဲ့ သစ်တုံးကြီးဟာ ဟိုလှိုင်းက ပုတ် , ဒီလှိုင်းကပုတ် , ကျောက်ဆောင်နဲ့တွေ့ရင် ကျောက်ဆောင်နဲ့ တိုက် . . .ဆိုရင်
အဲဒီသစ်တုံးကြီဟာ အစိတ်စိတ် အမွှာမွှာဖြစ်ပြီး ပကတိ အကောင်း အတိုင်း ပင်လယ်ထဲ ရောက်နိုင်ပါ့မလား ? ဆွေးနေတဲ့သစ်တုံးဟာ လှိုင်းပုတ်တာနဲ့ တစစီ ဖြစ်သွားမှာ ။
ဆွေးနေတဲ့ သစ်တုံးလိုပဲ ဘုန်းကြီးတို့တစ်တွေ ကိုယ့်ကိုယ်ကို ခံစားပြီး ကြည့်ရအောင် ။
အတွင်းကပုပ်နေတဲ့ဆွေးနေတဲ့သစ်တုံး ဆိုတာ ဘာကို ပြောတာလဲ ?
ပင်လယ်ထဲ ရောက်ဖို့အတွက် သစ်တုံးဟာ အကောင်းပကတိ ဖြစ်ဖို့ လိုအပ်သလို ဘုန်းကြီးတို့တစ်တွေမှာလည်း သစ်တုံးအဆွေးကြီး မဖြစ်ဖို့ လိုအပ်တယ် ။ သစ်တုံးအဆွေး ဟုတ်မဟုတ် ကိုယ့်ဘာသာ ကိုယ်ကြည့် ။
#သစ်တုံးအဆွေး ဆိုတာ ဘာကိုပြောတာလဲ ?
#ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ပုဂ္ဂိုလ် ကို ပြောတာ , ကိုယ်ကျင့်သီလ မရှိတဲ့ ပုဂ္ဂိုလ်ဟာ သစ်တုံးအဆွေးနဲ့ အတူတူပဲ ။ အတွင်းမှာ ဘာအနှစ်သာရမှ မရှိဘူး ။` အန္တောပူတိ ´ အတွင်းမှာ ပုပ်နေတယ် ။
ယောက်သွားဆိုတာ အပြင်ဘက်က အခွံမာတယ် မဟုတ်လား ?
ပုပ်ရင် အတွင်းထဲက ပုပ်တယ် ။ အဲဒီလိုပဲ ကိုယ်ကျင့်တရား ပျက်ပြားပြီးတော့ ဖုံးဖိထားရတဲ့ ကိုယ်ကျင့်တရား ရှိတယ် ။
#လောကလူတွေဖုံးဖိပြီးတော့ဟန်ဆောင်နေကြတယ်။
အဲဒါကို မြတ်စွာဘုရားက ဘာပြောတုန်း ဆိုတော့
#ရွှေရည်သုတ်ထားတဲ့မြေနားဋောင်း တဲ့။ ရွှေရည်သုတ်ထားတော့ အပြင်ဘက်က ကြည့်လိုက်ရင် ရွှေနားဋောင်းလေးလိုပဲ , ဝင်းဝင်းလက်လက်နဲ့ သို့သော် အတွင်းက ကြည့်လိုက်ရင် မြေကြီးပဲ ။ ဘာမှ တန်ဖိုး မရှိဘူး ။
အဲဒီလိုပဲ
ကိုယ်ကျင့်တရား ပျက်ပြားနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်က အပြင်ဘက်ကနေ ကြည့်လိုက်ရင် သူတော်စင်အသွင် ဆောင်နေပေမယ့် , လူတော်လူကောင်းအသွင် ဆောင်နေပေမယ့် သူဟာ တန်ဖိုး မရှိဘူး တဲ့။
အတွင်းက ပုပ်ဆွေးနေတဲ့ သစ်တုံးလိုပဲ နိဗ္ဗာန်ကို မရောက်နိုင်ပါဘူး တဲ့ , လမ်းတင်ပဲ တစ်စစီ ကွဲသွားမှာ ။
အရေးကြီးဆံးက သစ်တုံးသစ်ဆွေး မဖြစ်ဖို့ဘဲ ဖြစ်တယ်။ အဲဒါကြောင့် မြတ်စွာဘုရားက -
#သင်ချစ်သားတို့လည်းအနှစ်မရှိတဲ့အတွင်းပုပ်နေတဲ့သစ်တုံးတွေမဖြစ်ပါစေနဲ့ လို့ ဒီလို ဟောတယ် ။
------------------------------------------
( ၂ ) အဲဒီသစ်တုံးကြီးက ကောင်းပါပြီ တဲ့ ။
အနှစ်သာရတော့ ပြည့်တယ် ။ လူကလည်း ကိုယ်ကျင့်တရား
ကောင်းပါတယ် ။ ကိုယ်ကျင့်တရား ကောင်းတာနဲ့ နိဗ္ဗာန်ကို ဦးတည် သွားနိုင်ပြီလား ?
လမ်းမှာ အခက်အခဲတွေ အများကြီး ရှိသေးတယ် ။
အနှစ်သာရ ရှိတဲ့ သစ်တုံးကြီးဖြစ်လင့်ကစား လှိုင်းပုတ်လို့
#ဟိုဘက်ကမ်းတင်သွားမယ် ဆိုရင် ရောက်ပါ့မလား ?
မရောက်ပါဘူး ။
( ၃ ) အေး ဒီဘက်ကမ်းတင်သွားရင်လည်း မရောက်နိုင်ဘူး တဲ့ ။
ဟိုဘက်ကမ်းလည်း မတင် , ဒီဘက်ကမ်းလည်း မတင်ပါမှ ပင်လယ်ထဲ ရောက်မယ် ပေါ့ ။
( ၄ )တစ်ခါတစ်ရံ ဟိုဘက်ကမ်းလည်း မတင်ပါဘူး , ဒီဘက်ကမ်းလည်း မတင်ပါဘူး ။ ရေစိမ်ဝပြီး သစ်တုံးကြီးဟာ မပေါ်နိုင်တော့ဘဲ ရေထဲ မြုပ်သွားမယ် , အဲဒီလို ရေထဲ မြုပ်နေတဲ့ သစ်တုံးကရော ပင်လယ်ထဲ ရောက်ပါ့မလား ? မရောက်နိုင်ဘူး ။
( ၅ ) ရေထဲလည်း မမြုပ်ဘူး ။ သို့သော် အလယ်က သောင်ထွန်းနေလို့ သောင်တင်သွားရင်ရော အဲဒီသစ်တုံး ပင်လယ်ထဲ ရောက်ပါ့မလား ? မရောက်တော့ဘူး ။ ရှေ့ဆက်သွားဖို့ ခရီး မရှိတော့ဘူး ။ ခရီးက ရပ်သွားပြီ ။
( ၆ ) သောင်တော့ မတင်ဘူး , မျောတော့ မျောနေတာပဲ ။ သို့သော်
လူတွေ ထင်းလုပ်ဖို့ ဆယ်ပြီးတော့ အိမ် ယူသွားတယ် ။ တစ်ခုခု အသုံးချဖို့ ဆယ်ယူသွားမယ် ဆိုရင် ရောက်ပါ့မလား ? မရောက်တော့ဘူး ။
( ၇ )လူကတော့ မဆယ်ဘူး , မမြင်ရတဲ့ နတ်တွေဘာတွေက အဲဒီ ငသစ်တုံးကြီးကို မ,ယူသွားလို့ရှိရင်ရော မရောက်နိုင်ဘူး ။
ဟော နောက်တစ်ခု ( ၈ )
လူကလည်း မဆယ်ဘူး , နတ်ကလည်း မဆယ်ဘူး , ပေါလောနဲ့ ရေထဲ မျှောနေမယ် , ဒါပေမယ့် ဝဲနဲ့တွေ့ပြီး ဝဲက စုပ်ယူထားလိုက်မယ် ဆိုရင် ဝဲလည်နေတဲ့ သစ်တုံးဟာ ပင်လယ်ထဲ ရောက်ပါ့မလား ?
မရောက်တော့ဘူးပေါ့ ။
မြတ်စွာဘုရားက ရဟန်းတွေကို သစ်တုံးကြီးကို ကြည့်ပြီးတော့ တရားဟောတယ် ။
အေး အဲဒါကို မြတ်စွာဘုရားက ဥပမာထားပြီး ရဟန်းတွေကို ကမ္မဋ္ဌာန်း နည်းလမ်း ပေးနေတာ ဖြစ်တယ် ။ နိဗ္ဗာန်ကို ဦးတည်သွားဖို့ရာ အတွက် ဘာလုပ်ရမလဲ ဆိုတာ နည်းလမ်းပေး ဟောနေတာ ဖြစ်တယ်။
#သင်တို့တစ်တွေလည်းဟောဒီသစ်တုံးကြီးလိုနိဗ္ဗာန်ကိုဦးတည်သွားနေဖို့လိုအပ်တယ်။ ဘာဖြစ်လို့တုန်းဆိုရင် ငါဟောထားတဲ့
#သမ္မာဒိဋ္ဌိဆိုတာနိဗ္ဗာန်ကိုဦးတည်တာဖြစ်တယ်။
---------------------------------------
ရဟန်းတစ်ပါးကလျှောက်တယ် ။
#ဟိုဘက်ကမ်းဆိုတာ ဘာကိုပြောတာလဲ ဘုရား ?
#ဒီဘက်ကမ်းဆိုတာ ဘာလဲ ဘုရား ? တဲ့ အဲဒီတော့ မြတ်စွာဘုရား က -
#ဒီဘက်ကမ်းဆိုတာ တခြားမဟုတ်ဘူးတဲ့ ,ကိုယ့်သန္တာန်မှာ ရှိနေတဲ့
မျက်စိ , နား , နာ , လျှာ , ကိုယ် , စိတ် လို့ ဆိုတဲ့ အဇ္ဈတ္တိအာယတန ( ၆ ) ပါး ကို ခေါ်တာ ဖြစ်တယ် ။
ဘုန်းကြီးတို့တစ်တွေမှာ - မျက်စိ ရှိတယ် , နားရှိတယ် , နှာခေါင်း ရှိတယ် , လျှာရှိတယ် , ကိုယ်ရှိတယ် , စိတ် ဆိုတာ ရှိတယ် ။
#အဲဒီအပေါ်တင်သွားတယ်ဆိုတာ - လူတွေဟာ ကိုယ့်မျက်စိလေးကို ` ငါ့မျက်စိ ´ , မျက်စိဟာ ငါပဲ , ငါလိုချင်တိုင်း ရတဲ့ အရာလေးပဲ , ငါ့ရဲ့အတ္တ ပဲ . . . . လို့ ဆိုတဲ့ မမှန်ကန်တဲ့ အတွေးတွေနဲ့ မျက်စိပေါ်မှာ ဆင်ခြင်သုံးသပ်နေမယ်ဆိုရင် -
#ကမ်းတင်သွားပြီ။
အဲဒီအတွေး ဝင်လိုက်တာနဲ့ တပြိုင်နက် ဒီဘက်ကမ်းမှာ တင်သွားပြီ ။ တင်သွားပြီ ဆိုရင် နိဗ္ဗာန်ရောက်ဖို့ မလွယ်ဘူးပေါ့ ။
--------------------------------------
ကဲ တစ်ဖက်ကမ်းကို ကြည့်လိုက်ဦး ။
မျက်စိက မြင်တဲ့အဆင်းအာရုံကို `လှလိုက်တာ´ လို့ တွေးတယ် ။
လှလိုက်တာ လို့ ပြောတာနဲ့ လိုချင်လိုက်တာလို့ ပြောတာနဲ့
#လောဘကလာပြီ။
မုန်းစရာကောင်းတယ်လို့ ပြောလိုက်တာနဲ့
#ဒေါသကလာပြီ။
မျက်စိကုမင်ရတဲ့ အာရုံ , နားက ကြားရတဲ့အသံ , လောကလူတွေ
နေ့စဉ်နဲ့အမျှ ပြောနေတာ - မျက်စိက မြင်ထားတဲ့ အာရုံကို ပြောတယ် , နားက ကြားတဲ့အသံကို ပြောတယ် ။နှာခေါင်းက အနံ့အာရုံ အကြောင်း ပြောတယ် ။ ဒီအပေါ်မှာ မက်မောနေကြတာပဲ ။
တစ်ချို့များ နားထဲ နားကြပ်ကလေး ထည့်ပြီး တစ်ယောက်ထဲ လှုပ်နေတာ ရှိသေးတယ် ။ ဘေးကကြည့်ရင် ဒီလူ ဘာဖြစ်တာတုန်း ? ငလျင်များ လှုပ်နေသလားလို့ ထင်ရတယ် ။ ယိမ်းထိုးနေတာ , စည်းချက် ပေးနေတာ ။
#အဲဒါကမ်းတင်တာပဲ။
#ဟိုဘက်ကမ်းလို့ခေါ်တယ် ။
တစ်ကမ္ဘာလုံး ခြုံပြီးကြည့် , လူသားတွေရဲ့ အနေအထားကို ကြည့်။
ဒီဘက်ကမ်း တင်လိုက် , ဟိုဘက်ကမ်း တင်လိုက် , ဘယ်လို လုပ်ပြီး ရှေ့ခရီး ဆက်လို့ ရမှာတုန်း ?
#ဒီဘက်ကမ်းတင်တာနဲ့ပြီးသွားရောတစ်ဘဝ။
#ဟိုဘက်ကမ်းတင်တာနဲ့ပြီးသွားရောတစ်ဘဝ။
အဲဒီလို ဘဝပေါင်းများစွာ နေလာတဲ့သူတွေ ဘယ်လိုလုပ်ပြီး နိဗ္ဗာန် ရောက်နိုင်ပါ့မလဲ ။
ဟိုဘက်ကမ်းလည်း မကပ်နဲ့ , ဒီဘက်ကမ်းလည်း မကပ်နဲ့ ဆိုတာ
မျက်စိ နား နှာ လျှာ ကိုယ် စိတ် ပေါ်မှာလည်း စွဲလမ်းမှု မပြုနဲ့ ။
အဆင်း အသံ အနံ့ အရသာ အထိအတွေ့ အပေါ်မှာလည်း
မက်မက်မောမော မတွယ်တာနဲ့ ။
အဲဒါဆိုရင် ဟိုဘက်ကမ်းလည်း မကပ်ဘူး , ဒီဘက်ကမ်းလည်း
မကပ်ဘူး ။ ရှေ့ဆက်သွားနိုင်တယ် ။
-----------------------
#အလယ်ခေါင်နေရမယ်။ သို့သော်လည်း စိတ်မချနဲ့ဦး ။
လူတွေမှာ ဘာဖြစ်နိုင်သလဲ ဆိုလို့ရှိရင်
#နန္ဒီရာဂ ထဲ နစ်သွားနိုင်သေးတယ် တဲ့။
ဟိုဘက်ကမ်းလည်း မတင်ဘူး , ဒီဘက်ကမ်းလည်း မတင်ဘူး ။
သို့သော် ရေထဲ မြုပ်သွားတယ် ။
#ရေထဲမြုပ်သွားတယ်ဆိုတာ မိသားစုထဲက ခေါင်းကို မဖော်နိုင်ဘူး။
သံယောဇဉ်တွေ ကြီးလို့ ဘယ်မှ မသွားနိုင်ဘူး ။ မြေး စိတ်မချလို့ သားသမီး စိတ်မချလို့ ဘယ်မှ မသွားနိုင်ဘူး ။ ဟော မြုပ်မမေနဘူးလား ?
ရေလည်ခေါင်မှာ မြုပ်သွားနိုင်တာပဲ ။
#နန္ဒီရာဂ တဲ့ , နှစ်သက်စရာ အာရုံတွေနဲ့ တွေ့ရင် နှစ်သက်လိုက်တယ် , တွယ်တာစရာအာရုံနဲ့တွေ့ရင် တွယ်တာလိုက်တယ် ဆိုရင် -
#မြုပ်သွားပြီ။
------------------------------
အေး မြုပ်လည်း မမြုပ်ဘူး ။ ဟိုဘက်ကမ်းလည်း မတင်ဘူး ။ ဒီဘက်ကမ်းလည်း မတင်ဘူး ဆိုရင် ဘာလာပြန်တုန်း ။
#မြစ်လယ်မှာသောင်ထွန်းနေတာလိုမျိုး။
လူတွေမှာ ခုနက သံယောဇဉ်တွေ စွန့်လိုက်နိုင်ပြန်တော့
ဘာလာတုန်း ဆိုရင် -
#အသ္မိမာန - ငါ ဆိုတဲ့ မာနလေး ကျန်နေတယ် ။
တရားကျောင်း သွားရင်လည်း အဲဒါလေး ပါလာတယ် ။
#ငါဉာဏ်စဉ်နာပြီးပြီ။ သူတို့က မနာရသေးဘူး ။
#ငါကတရားကိုဘယ်နှစ်ကြိမ်ဝင်ပြီးပြီ။ သူတို့ တစ်ခါမှ မဝင်ဘူး ။
#ငါကတရားပေါက်ပြီးသား။ သူတို့တွေ တရား မပေါက်သေးဘူး ။
အဲဒါမျိုးတွေ မလာဘူးလား ။ ` အသ္မိမာန´ တဲ့ ။
အဲဒီမာနမျိုး မပြောနဲ့ ။ ရှင်အနုရုဒ္ဓါ ရဲ့ မာနမျိုးတောင်မှ ရဟန္တာ ဖြစ်ဖို့ အဟန့်အတားကြီး ဖြစ်သွားတယ် ။
`ငါ စင်္ကြာဝဋ္ဌာတစ်ထောင်ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ် ´ လို့
တွေးမိတာ ။ ရှင်သာရိပုတ္တရာက ထောက်ပြတယ် ။ အဲဒီအတွေး
မတွေးနဲ့ တဲ့ ။ ဒါ မာနအတွေး တဲ့ ။ အဲဒါကို ဖယ်လိုက်မှ ရဟန္တာ ဖြစ်တာ ။
အဲဒါ သောင်တင်တာ ခေါ်တာနော် ။ ရှေ့ဆက်လို့ မရဘူး ။
သင်္ဘောတွေ သောင်တင်သွားရင် ရှေ့ဆက်မောင်းလို့ ဖြစ်ပါ့မလား။
မရဘူး ။ အဲဒါကို ပယ်ဖို့ လိုအပ်တယ်။
-----------------------------------
အဲဒါ ပယ်လိုက်ပါပြီ ။
ပတ်ဝန်းကျင်နဲ့ လိုက်လိုက်လျောလျော နေတယ်။
ဘုန်းကြီး ရဟန်းတွေဆို ဒကာ , ဒကာမတွေနဲ့ သံယောဇဉ် ဖြစ်ပြီး
လူ့သံယောဇဉ် ခွာလိုက်ပြီ , မိသားစု သံယောဇဉ်လည်း မရှိဘူး။
အိမ်ထောင် မရှိတဲ့အတွက် အိမ်ထောင်သံယောဇဉ် မရှိဘူး ။
ဒါပေမယ့် -
ကိုးကွယ်တဲ့ ဒကာ , ဒကာမတွေအပေါ်မှာ သံယောဇဉ် ဖြစ်နေပြီ
ဒါဆို
#လူဆယ်ခံလိုက်ရတာပဲ ။
-----------------------------------------
စိတ်ထဲမှာ ဒီဘဝမှာ နိဗ္ဗာန် မရောက်သေးရင် ဟောဒီအကျင့်ကလေး
ကြောင့် - ငါ နတ်ပြည် ရောက်ပါစေ , နတ်မင်းကြီး ဖြစ်ပါစေ ။
ဒီလို အတွေးလေး ဝင်လာပြီးတော့ ကိုယ်ကျင့်ထားတဲ့ အကျင့်လေးနဲ့
နတ်ပြည်ကို အလဲအလှယ် လုပ်ချင်လာတယ် ။
အဲဒီအတွေးလေးဟဝင်လာခဲ့လို့ရှိရင် - နတ်အဆယ် ခံလိုက်ရပြန်ရော ။ အဲဒီပုဂ္ဂိုလ်ဟာနော် နိဗ္ဗာန် မရောက်နိုင်တော့ဘူး ။
------------------------------
ကောင်းပြီ , လူလည်း မဆယ်ဘူး ။ နတ်လည်း မဆယ်ဘူး ။
သို့သော်လည်း ကာမဂုဏ်အာရုံတွေထဲကနေ ခွဲမထွက်နိုင်ဘူး ။
ကာမဂုဏ်ဆိုတာ နှစ်သက်စရာ အာရုံကို ကာမ လို့ ခေါ်တာ ဖြစ်တယ် ။ အဲဒီ နှစ်သက်စရာ အာရုံတွေဟာ လူရဲ့စိတ်ကို နှောင်ဖွဲ့ထားတတ်တာကြောင့် ဂုဏဂုဏ် လို့ ပြောတာ ဖြစ်တယ် ။ ကာမဂုဏ ဆိုတဲ့ အနှောင်အဖွဲ့ လို့ ဒီလို ဆိုလိုတယ် ။
သစ်တုံးတစ်ခုဟာ ဝဲလယ်နေတယ် ဆိုရင် , ထိုသစ်တုံးဟာ ဝဲစုပ်ခံ
လိုက်ရပြီ ဆိုရင် ရှေ့ဆက် ရွှေ့လို့ ရပါ့မလား ။ ဒီနားမှာပဲ
#ဝဲလည်နေတယ် ။
လောကလူတွေဟာလည်း ကာမဂုဏ်အာရုံတွေကို မပယ်ဖျက်နိုင်တဲ့
အတွက် ဝဲလည်နေတယ် ။ ကာမဂုဏ် ဆိုတဲ့ ဝဲထဲက မထွက်နိုင်တဲ့ ပုဂ္ဂိုလ် ဟာ နိဗ္ဗာန် မရောက်နိုင်ဘူး ဒီလို ဆိုလိုတာ ဖြစ်တယ်။
-----------------------------
မြတ်စွာဘုရားက ဒီသစ်တုံးကြီးကို ကြည့်ပြီးတော့ နိဗ္ဗာန်သွားဖို့
ဦးတည်ပြီးတော့ ဘာတွေ လုပ်ရမယ် ဆိုတာ -
#ကမ္မဋ္ဌာန်း ပေးတာပဲ ။
ဒါဟာ ကမ္မဋ္ဌာန်း ပေးတာ ဖြစ်တယ် ။
ဘယ်လို ကမ္မဋ္ဌာန်း ရှုရမှာတုန်း ဆိုရင် ` သမ္မာဒိဋ္ဌိ ´ နဲ့ ပဲ သွားမှာပဲ။
မှန်ကန်တဲ့ အမြင်တစ်ခုနဲ့ သွားတာပဲလေ ။
မဂ္ဂင် ( ၈ ) ပါးနဲ့ မှန်ကန်တဲ့အတွေးကို တွေးရင်
မှန်ကန်တဲ့ အမြင် - သမ္မာဒိဋ္ဌိ ဆိုတာ ရမယ်။
မှန်မှန်ကန်ကန် ကြိုးစားအားထုတ်မှု ဆိုတဲ့ - သမ္မာဝါယာမ ။
အဲဒီတော့ မှန်မှန်ကန်ကန် အမှတ်ရခြင်း ဆိုတဲ့ - သမ္မာသတိ ။
မှန်မှန်ကန်ကန် စိတ်တည်ငြိမ်ခြင်း ဆိုတဲ့ သမ္မာသမာဓိ ။
ကိုယ်ကျင့်သီလ လို့ ဆိုတဲ့ အခြေအနေကောင်း ။
အဲဒါတွေ စုပေါင်းလိုက်တဲ့အခါ မဂ္ဂင်ရှစ်ပါး ပဲပေါ့ ။
#မဂ္ဂင်ရှစ်ပါး နဲ့ အလုပ်လုပ်လ်ု့ရှိရင် ဟောဒီသစ်တုံးကြီးဟာ
ရှောရှောရှူရှူ ပင်လယ်ထဲ ရောက်သွားသလို -သင်တို့ တစ်တွေဟာလည်း နိဗ္ဗာန်ကို ဦးတည်သွားနေပြီး တစ်ချိန်ကျရင် နိဗ္ဗာန်ကို ဝင်မှာပဲ
လို့ ဒီလို ဟောတော်မူတယ် ။
ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိတ်သတ်တို့
နိဗ္ဗာန်ကို ဦးတည်သွားနိုင်ဖို့ရာအတွက်
- ဟိုဘက်ကမ်းလည်း မတင်အောင်
- ဒီဘက်ကမ်းလည်း မတင်ရအောင်
- အလယ်မှာလည်း မြုပ်မသွားရအောင်
- သောင်လည်း မတင်စေရအောင်
- လူဆယ်တာလည်း မခံရအောင်
- နတ်အဆယ်လည်း မခံရအောင်
- ဝဲစုပ်လည်း မခံရအောင်
- အတွင်းပုပ်လည်း မဖြစ်ရလေအောင်
- ကိုယ်ကျင့်သီလ နဲ့ ပြည့်ဝစေဖို့ သတိထားပြီး
ကိုယ်စီကိုယ်စီ ကြိုးစားအားထုတ်ကြမယ် လို့ အဓိဋ္ဌာန်ပြီး
အားလုံး နိဗ္ဗာန်သို့ ဦးတည်ကာ ကြိုးစားအားထုတ်နိုင်ကြပါစေကုန်
သတည်း . . .။
"ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ"
(နိဗ္ဗာန်သို့ ဦးတည်သွားနေသူ ၊ စာ -၂၀ -၄၆ ) မှ အကျဉ်းအား
ကောက်နုတ်ပူဇော်ပါ၏
ဓမ္မ နှစ်သက်သူ
https://www.facebook.com/donation.of.dhamma/
Credit: Original upload
No comments:
Post a Comment