Monday, April 3, 2017

တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး၏ထေရုပ္ပါတ္တိ

(တောင်တန်း သာသနာပြု ဆရာတော်ဘုရားကြီး
၏ပုံတော်အား ကိုယ်တိုင်ရေးဆွဲ ပူဇော်လှူဒါန်းပါသည်)

တောင်တန်းသာသနာပြုဆရာတော်ဦးဥတ္တမသာရ (သို့ )
မတ္တာဝိဟာရီ ဆရာတော်လောင်းလျာကို ၁၂၇၂ ခု၊ ပြာသို လပြည့်ကျော် ၁ ရက်၊ (၁၅ ဇန်န၀ါရီ ၁၉၁၁)တနင်္ဂနွေနေ့တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် နွေတွင်းကုန်းကျေးရွာ တွင် ခမည်းတော် ဦးဘိုးညို မယ်တော်ဒေါ်သေးတာ မှ ဖွားမြင်ခဲ့သည်။၁၂၈၄ ခုနှစ်တွင် ရွာကျောင်း ဆရာတော် ဘဒ္ဒန္တဝိလာသကို ဥပဇ္ဈာယ် ပြု၍ မိဘ နှစ်ပါး တို့၏ ပစ္စယာ နုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ် ရောက်တော် မူသည်။ ၁၂၉၂ ခုနှစ်၊ နွေတွင်းကုန်းရွာ ကျောင်းဆရာတော် ဘဒ္ဒန္တဝိလာသကို ဥပဇ္ဈာယ် ပြု၍ ရဟန်း အဖြစ်သို့ ရောက်တော်မူသည်။
စာပေလေ့လာ ဘ၀မှာ
ဆရာတော်သည် မုံရွာမြို့ ရွှေသိမ်တော်တိုက်၊ မဟာ လယ်တီတိုက်၊ စစ်ကိုင်းတောင် မဟာ သမယချောင်၊ မန္တလေးမြို့ ချမ်းသာကြီး မြောက်တိုက်၊ အမရပူရမြို့ တူးမောင်းတိုက်၊ ပခုက္ကူမြို့ မဟာ ဝိသုတာ ရာမတိုက် ဆရာတော်များ ထံတွင် ပိဋကတ် ကျမ်းစာများ ကို တတ်စွမ်းသမျှ သင်ယူ ခဲ့သည်။ ရှေးခေတ်စာသင်နည်းအရ ကျမ်းကြီးပေါက် သင်ယူ တတ်မြောက် တော်မူခဲ့ပြီး အင်္ဂလိပ်စာ၊ ချင်းစာပေ၊ ချင်းဘာသာ စကား တို့ကိုလည်း လေ့လာ တတ်မြောက် ခဲ့သည်။ ရန်ကုန်တိုင်း ကမာရွတ် မြို့နယ် ဝါဆိုကျောင်းနှင့် လှိုင်မြို့နယ် အောင်ချမ်းသာ ကျောင်းတို့၌ စာဝါများ ပို့ချခဲ့သည်။
သာသနာပြုတို့ အတုယူစရာ
စာပေများ သင်ယူတတ်မြောက်ပြီး၍ သပိတ်တလုံး ပိုက်ကာ တောထွက်တော်မူခဲ့သည်၊ နှစ်ပေါင်း ၅၀ ကျော်ကာလပတ်လုံး ချင်းတောင်တန်းတလျောက် သာသနာပြုတော်မူပြီး ရံဖန် ရံခါမှသာ ပြည်မကြီးမှာ ဒကာဒကာမတို့ ပင့်လျောက်ချက်အရ ကြွေ၇ာက် ချီးမြှောက်တော်မူသည်၊
တဘ၀ ချုပ်ငြိမ်းချိန်
၁၃၅၇ ခုနှစ်၊ ပြာသိုလဆန်း ၇ရက် (၂၇၊ ၁၂၊ ၁၉၉၅) နေ့ ညနေ ( ၆း ၃၀) နာရီ အချိန်၌ သက်တော် ၈၆ နှစ်၊ သိက္ခာတော် ၆၆ ဝါ အရတွင် ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်၊ လုံပီး ကျေးရွာမှ ရန်ကုန်မြို့သို့ ဆေးကုသမှု ခံယူရန် ကြွရောက်တော်မူစဉ် မန္တလေး လေဆိပ်မှာပင် တဘ၀ ချုပ်ငြိမ်းတော်မူခဲ့သည်။
ရေးသားခဲ့သော စာအုပ်များ
1. ကိုယ်တွေ့ မှတ်တမ်းများ - ၁၉၈၉ ခုနှစ်
2. ချမ်းမြေ့စွာ ဘဝ နေနည်း တရားတော် - ၁၉၈၉ ခုနှစ်
3. ဂုဏ်တော်ကွန်ချာ ပုတီး စိပ်နည်းများ - ၁၉၈၉ ခုနှစ်
4. ဆရာတော် အရှင် ဦးဥတ္တမသာရ၏ ကိုယ်တွေ့ မှတ်တမ်းများ - ၁၉၅၄ ခုနှစ်
5. တောင်တန်းတရား (ပထမတွဲ) - ၁၉၉၁ ခုနှစ်
6. တောင်တန်း သာသနာပြု ဆရာတော် ဦးဥတ္တမသာရ - ၁၉၉၄ ခုနှစ်
7. ပရိတ် မေတ္တာ တန်ခိုး ထက်စေသောနည်း - ၁၉၉၂ ခုနှစ်
8. ဘဝ တံခွန်အောင် လမ်းညွှန် တရားတော် - ၁၉၉၂ ခုနှစ်
9. ဘဝ အောင်မြင်ရေး လမ်းညွှန် ဒေသနာ - ၁၉၉၃ ခုနှစ်
10. ဘုန်ကြီးမှတ်စု - ၁၉၉၇ ခုနှစ်
11. မေတ္တာ စွမ်းအား လက်တွေ့ အကျိုးများ - ၁၉၉၄ ခုနှစ်
12. မေတ္တာရှင်ကြီး၏ မေတ္တာစာ - ၁၉၉၂ ခုနှစ်
13. ရဟန်း ဘဝ ချမ်းသာ (ပထမတွဲ) - ၁၉၉၂ ခုနှစ်
14. ရဟန်း ဘဝ ချမ်းသာ (ဒုတိယတွဲ) - ၁၉၉၃ ခုနှစ်
15. သံသရာဝဋ်ကို လွတ်အောင် ရုန်းကြစို့ရဲ့ - ၁၉၉၄ ခုနှစ်
စာစောင်အသီးသီးတွင် ရေးသားခဲ့သော ဓမ္မဆောင်းပါးများ
1. ကိုယ်က ဖန်တီး၍ သံသရာ ကျင်လည် နေကြသည်၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၃၈) အမှတ် (၁၈) မှ (၂၁) အထိ
2. ချင်းစော်ဘွားကြီး ဦးဝမ်မှုံ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၂၉၊ ၁၁၊ ၁၉၃၇)
3. ချင်းတောင်တန်း သာသနာပြု၊ ဒဂုန် မဂ္ဂဇင်း (၅/ ၁၉၄၁)
4. တောင်တန်း သာသနာပြုရေး၊ ဒဂုန် မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၁) (၁၊ ၁၊ ၁၉၄၇)
5. တောင်အစဉ်စဉ် တောအထပ်ထပ် သာသနာ ရောင်ခြည် ထင်ဟပ်ခဲ့ပြီ၊ ဂျာနယ်ကျော် မဂ္ဂဇင်း အတွဲ
(၁၀) အမှတ် (၉) (၈၊ ၁၁၊ ၁၉၄၇)
6. ဒေသန္တရ ဗဟုသုတ ရှာမှီးကြရာ၌ ကြုံကြိုက်တတ်သော အခက်အခဲများ၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၉၃) (၆/၁၉၄၁)
7. နာဂ တောင်တန်းသားတို့၏ နောက်ကွယ်မှ ဤရက် ဤရွာများ၊ ဂျာနယ်ကျော်မဂ္ဂဇင်း (၂၂၊ ၂၊ ၁၉၄၇)
8. နှစ်ပြည်ထောင် အခြေကျ အလယ်က ကျောက်ဆောင် မျှော်လို့သာ မှန်းမိတော့ လွမ်းခမ်းငဲ့ ရစ်သီ၊ ဒဂုန် မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၇) (၇/၁၉၄၇)
9. နိဗ္ဗာန် ရလိုလျှင် သွားရောက်နည်း အဖုံဖုံရှိသည်၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၃၀) အမှတ် (၁၄)
10. ဘုန်းကြီး ကျောင်းတိုက်များသည် လောက အယူဝါဒကို လိုက်နာ သင့်သလော၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၉၅) (၁၊ ၈၊ ၁၉၄၁)
11. မဏိပူရ နယ်ခြား တမူးမြို့၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၀/၁၉၄၇)
12. မြေပေါက်လွတ် ဆွမ်းကျွေးတဲ့ ပွဲတဲ့၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၁၃) အမှတ် (၃၆) မှ အမှတ် (၄၀) အထိ
13. မြို့တော် ဖလမ်း၊ ဒဂုန် မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၁၀) (၁၀၊ ၁၁၊ ၁၉၄၇)
14. မြို့တို့ ဌာနေ၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၈) (၁၊ ၁၊ ၁၉၄၁)
15. မြို့တော် ဘုတလင်၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၈) (၃၊ ၇၊ ၁၉၄၁)
16. ယဉ်ကျေးလာသော ချင်းတောင်၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၉) (ဧပြီလ)
17. ရွှေပြည်ဝင် စာတမ်း၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၄) (၃၊ ၉၊ ၁၉၄၀)
18. သာသနာပြု ပန္နက်စွဲရန် အကောင်းဆုံး ဌာနကြီး တခု၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၃၊ ၉၊ ၁၉၄၇)
19. သာသနာ့ သူရဲကောင်းများ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၂၂၊ ၂၊ ၁၉၄၇)
20. အာသံပြည် သာသနာရေး၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၉) အမှတ် (၁၀)
21. အယ်ဒီတာသို့ လွမ်းဖွယ် ချင်းဝိသေသတိုင်းမှ ပေးစာ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၃၀၉) ခုနှစ်၊
ချင်းတောင်တန်း ရဲ့ သခင်ကြီး
ချင်းတောင်တန်း တစ်ကြောလုံး မိုးမရွာတာကြာပြီ၊ ဘယ်လိုတွေဖြစ်နေပါလိမ့် --- --
ဒါဆို သခင်ကြီး လုပ်ထားတာပဲ ဖြစ်မယ် - လာ သွားကြစို့ သခင်ကြီးကို သွားပြောကြမယ် ---
ဒီနေ့ နေမပွင့်နိုင်လောက်အောင် မြူခိုးတွေ ပိတ်သဲနေတာပဲ၊ တောင်ယာ လုပ်ချင်တာတောင် လုပ်လို့ မရကြဘူး၊ မြူတွေ ဆိုင်းနေတာ သခင်ကြီး လုပ်ထားလို့ ဖြစ်မယ် --
လာ သွားကြစို့ရဲ့ သခင်ကြီးကို သွားပြောပြီး နေပူအောင် လုပ်ပေးခိုင်းကြမယ် -- -
ဒကာတို့-- ဒီနေ့ တောလိုက် မသွားကြပါနဲ့၊ အန္တရာယ်နဲ့ တိုးလိမ့်မယ်၊ သားကောင်လဲ ရမှာ မဟုတ်ဘူး၊
သခင်ကြီး -- -- ကယ်ပါအုံး - ဒီမှာ လူတယောက် တောဝက် အပက်ခံလိုက်ရလို့ပါ - --
အဲလို အဲလိုမျိုး ဒုက္ခအားလုံး တို့ရဲ့ ကယ်တင်ရှင်၊ ချင်းတမျိုးသားလုံးရဲ့ ကျေးဇူးရှင် ဗိုက်ကြီးသည် ကလေးမမွေးနိုင်တာက အစ လိုက်လံ ကူညီပေးခဲ့ရတဲ့ သခင်ကြီး ခေါ် တောင်တန်းဆရာတော်ကြီးရဲ့ ဘ၀ဟာ ခက်ခဲကြမ်းတမ်း ပင်ပန်းခဲ့ပါတယ်။
ဆောင်းတွင်းကာလရဲ့ တခုသော ညမှာတော့ ဆရာတော်ကြီး သီတင်းသုံးတဲ့ တောင်ပေါ်ကျောင်းဝင်း
ပြင်လေးထဲမှာ ကပ္ပိယချင်းဒကာတယောက်ရယ်၊ ဆရာတော်ကြီးရယ် မီးလှုံနေပါသတဲ့၊ ကျားတကောင်
ကလည်း ချမ်းလွန်းလို့ ထင်ပါရဲ့ မီးပုံဘေးနားအထိ ရောက်လာပြီး ငြိမ်ဝပ်စွာ မီးလှုံနေတယ်၊ ဒီမှာတင် ချင်းဒကာက ကျားကြီးကို ကြည့်ကာ သတ်ပြီး ရောင်းစားလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ လို့ စိတ်တွင်းက ကြံစည်ကာ အကုသိုလ်စိတ်များ ဖြစ်လာတာနဲ့ တပြိုင်နက်ထဲ ကျားကြီးဟာ အမှတ်မထင် ဟောက်လိုက်ပါသတဲ့၊ ဒီမှာတင် ဆရာတော်ဘုရားကြီးက --
ဒကာကြီးက သူ့ကို ရန်ပြုဖို့ ဘာကြောင့် စိတ်ကူးရတာလဲ ပါဏာတိပါတ ကို မလုပ်ရဘူးလေ -
တင်ပါ တပည့်တော် စောစောကတော့ ကြောက်နေတာပါ၊ နောက်တော့ သူက ရန်မပြုမှန်း သိတာကြောင့် အကုသိုလ်စိတ်တွေ ၀င်လာမိတာပါဘုရား -- ဟု လျောက်ထားသတဲ့၊
ချင်းတောင်တန်းက အတွေ့အကြုံများ
အသွားအလာ ခက်ခဲ၍ ဝေးလံ ခေါင်းပါးသော တောင်တန်း ဒေသ များတွင် နှစ်ပေါင်း ၅၀ မျှ သီတင်းသုံး နေထိုင်လျက် ဒေသခံ တိုင်းရင်းသား များအား ဗုဒ္ဓ တရားတော်များကို မျိုးစေ့ချ ပေးတော်မူခဲ့ပြီး အိန္ဒိယနိုင်ငံ အာသံ ပြည်နယ်၊ မဏိပူရ ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်း များနှင့် ဥရောပ နိုင်ငံများအထိ လှည့်လည့် သာသနာ ပြုတော် မူခဲ့သည်။
အထူးအားဖြင့် မေတ္တာအရာတွင် ကြီးမားတော်မူကာ သတ္တဝါတို့ အပေါ် နူးညံ့သော စိတ်ထားဖြင့် လက်နှိပ်ဓာတ်မီးမပါ နေ့ရော ညပါ ကြမ်းတမ်းသော တောတောင် ခရီးဝယ် တောင်ဝှေးတစ်ချောင်းဖြင့် ခဲခဲယဉ်းယဉ်း ပင်ပင်ပန်းပန်း သွားလာ၍ သာသနာ ပြုတော်မူခဲ့ပြီး အစားအသောက် ကအစ ချိုးခြံချွေတာကာ သာသနာပြုတော်မူခဲ့သည်၊
တနေ့တနေ့ ဘုန်းပေးစရာ မရှိ၍ ပိန်းဥပြုတ် ကန်စွန်းဥပြုတ်ဖြင့်လည်း ဆွမ်းတနပ် ပြီးတော်မူခဲ့ရသည်လည်း ရှိခဲ့၏။ ဒေသခံ ချင်းတိုင်းရင်းသားတို့သည်ကား ကိုးကွယ်ခံ တန်ခိုးရှင်ကြီးဟူ၍လည်းကောင်း၊ သခင်ကြီး ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြကာ ချစ်ကြောက် ရိုသေလေးစားကြပေသည်၊ တခါတရံ ချမ်းအေးသော ဆောင်းတွင်းကာလ၀ယ် ထူထဲသော စောင်အထပ်ထပ် ခြုံထားသော်လည်း တောင်ပေါ်ကျောင်း၌ သီတင်းသုံးတော်မူသော သခင်ကြီး ကျောင်းသင်္ကန်းထက်မှ စောင်များကို ဖောက်ထွက်ကာ ထူးဆန်းသော အလင်းရောင်တန်းများ
ဖြာထွက်နေခြင်း၊ ကျောင်းသင်္ကန်းတခုလုံး လင်းထိန်နေခြင်း စသော ထူးဆန်းဖွယ်ရာများကို တောင်ခြေမှ ချင်း တိုင်းရင်းသား ဒကာ ဒကာမများ မကြာခဏ တွေ့မြင်ကြရသည် ဟု ဆရာတော်ကြီး၏ အထ္ထုပ္ပတ္တိ စာအုပ်တွင် ဖတ်ရှု့ရပေသည်၊ ထိုအတွက်ကြောင့်လည်း ဆရာတော်ကြီးအား မေတ္တာဝိဟာရီ ( မေတ္တာဖြင့် အမြဲမပြတ်နေလေ့ရှိသော ) မထေရ်ကြီး ဟူ၍ ရဟန်းရှင်လူ အများက လက်ခံ ကြည်ညိုခဲ့ကြ၇သည်။
အနည်းဆုံး တနှစ်တခေါက်အနေဖြင့် မြန်မာပြည် အလယ်ပိုင်း အောက်ပိုင်းဒေသများသို့ ကြွတော်မူကာ သက်တော်ကြီးရင့်တော်မူသည်အထိ ဒကာ ဒကာမတို့အား မေတ္တာဖြင့် ချီးမြောက်တော်မူခဲ့သည်။ ဆရာတော်ကြီး ပရိတ်ရွတ်တိုင်း တရားဟောတိုင်းမှာလဲ ရေအိုးရေခွက် ပုလင်း စသည်တို့၌ရှိသောေ၇များ ဆူဝေ လျံတက် လေ့ရှိသောကြောင့် ရေဆူဆရာတော် ဟုလည်း ကျော်ကြားတော်မူခဲ့ပေသည်။
လူဖြစ်လေရ၊ ဒုလ္လဘ၌
ဖြည့်ကြရောင်ဝါ၊ လထက်သာသည်၊
ပညာအလင်း ကိုယ်မှာဝင်းစေ၊
ဇင်မင်းဆယ်ဆ၊ မျှမကသည့်
စာဂအကျင့်၊ မွှေးသဖြင့်လျှင်၊
အခွင့်ထိုက်တန် နေရာမှန်၌
သက်ပန်ရာပြည့် တည်စေသတည်း။ ။
ဘ၀မှာ ထိုက်တန်စွာ ဘာဝနာ ပွားများအားထုတ် ထားသူအတွက် ကောင်းရာ သုဂတိ ရောက်စေဖို့ ဆုတောင်း ပေးနေစရာ မလိုတော့ပါဘူးလေ၊
တက္ကသိုလ်ဘုန်းနိုင်က သဇင်ပန်းကို တင်စားသလို စာရေးသူကလဲ ၁၃၅၇ ခုနှစ်၊ ပြာသိုလဆန်း ၇ရက် (၂၇၊ ၁၂၊ ၁၉၉၅) နေ့ ညနေ ( ၆း ၃၀) နာရီ အချိန်၌ သက်တော် ၈၆ နှစ်၊ သိက္ခာတော် ၆၆ ဝါ အရတွင် ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်၊ လုံပီး ကျေးရွာမှ ရန်ကုန်မြို့သို့ ဆေးကုသမှု ခံယူရန် ကြွရောက်တော်မူစဉ် မန္တလေး လေဆိပ်မှာပင် တဘ၀ ချုပ်ငြိမ်းတော်မူခဲ့သော ဆရာတော်ကြီး၏ သီလ သမာဓိ ပညာဂုဏ်တို့ကို ပူဇော်သောအားဖြင့်ရေးသား ပူဇော်အပ်ပါသည်၊
Posted by ဓမ္မဂီရိ

Credit: Original upload

No comments:

Post a Comment