Tuesday, April 4, 2017

ငြိကပ်ခြင်း နှစ်မျိုး

ငြိကပ်ခြင်း နှစ်မျိုး
..............
.
ဒကာ၊ ဒကာမတွေကို ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ဘယ်သူကိုပဲ ပေါင်းသင်းဆက်ဆံစေကာမူ ကြီးကြီး ငယ်ငယ် ရွယ်ရွယ် လတ်လတ် စီးပွား ဥစ္စာ ရာထူး အာဏာ ရှိရှိ၊ မရှိရှိ လမင်းကြီးလို တညီတည်း တစ်သားတည်း ဘယ်သူ့အပေါ်မှာမှ လောဘဖြင့်လည်:ငြိကပ်ခြင်းမရှိ၊ ဒေါသဖြင့်လည်း တွန်းဖယ်ခြင်းမရှိ။

(ပရိသတ်ရေ) ငြိကပ်ခြင်းက နှစ်မျိုးရှိတယ်နော်။

၁။ လောဘနဲ့ ငြိကပ်တွယ်တာနေတာက တစ်မျိုး၊

၂။ ဒေါသနဲ့ ငြိကပ်တွန်းဖယ်နေတာက တစ်မျိုးလို့ ငြိကပ်မှု နှစ်မျိုး ရှိတယ်။

ဒေါသဖြစ်လို့ မကျေမနပ် ဖြစ်နေတာဟာလည်း ငြိကပ်နေတာပါပဲ။
ပရိသတ်ကြီး စဉ်းစားကြည့်ပါလား။ ကိုယ်နဲ့ မတည့်လို့ ရန်ဖြစ်ထားတဲ့သူ တစ်ယောက်ကို မေ့မှ မမေ့ဘဲ။ မေ့လို့မှ မရဘဲ၊ ဟုတ်လား။ (ပရိသတ်ကြီး) မေ့နိုင်ရဲ့လား။

`` မမေ့နိုင်ပါဘုရား ´´

ချစ်ရတဲ့သူကိုသာ မေ့လို့မရတာ မဟုတ်ပါဘူးနော်။

မုန်းတဲ့သူကိုလည်း မေ့လို့ မရပါဘူး။

ချစ်သူကို ဘာကြောင့် မမေ့တာလဲ။

ချစ်တဲ့ သံယောဇဉ်ကြောင့် မမေ့တာ။

မုန်းသူကိုရော ဘာကြောင့် မမေ့တာလဲ။

မုန်းတဲ့သံယောဇဉ်ကြောင့် မမေ့တာပဲပေါ့၊ ဟုတ်လား။

မုန်းတာဟာလည်း သံယောဇဉ်ပါပဲ။ ဒေါသ ပဋိဃ သံယောဇဉ်ပေါ့။ ဒေါသ ကောဓ ဆိုတာကလည်း နှောင်ဖွဲ့တယ်နော်။ သူလည်း သံယောဇဉ် တစ်မျိုးပါပဲ။

အဲဒီတော့ ဒီကနေ့ ပရိသတ်အပေါင်း သူတော်ကောင်းတို့ဟာ ဆရာတော်ဘုရားကြီးရဲ့ လမ်းစဉ်အတိုင်း ကျင့်သုံးကြမယ်ဆိုရင် ဘယ်လို ကျင့်ကြရမလဲ။
စန္ဒူပမာ ကျင့်စဉ်ကို ကျင့်ရမယ်။
ဘာကျင့်စဉ်လဲ။

`` စန္ဒူပမာ ကျင့်စဉ်ပါဘုရား ´´

၁။ ချစ်တယ်ဆိုပြီး တဏှာလောဘနဲ့လည်း ငြိကပ်တွယ်တာ နှစ်သက် မက်မောလို့မနေဘဲ၊

၂။ မုန်းတယ်ဆိုပြီးတော့လည်း ဒေါသ၊ ကောဓ၊ အာဃာတ တွေနဲ့ ရန်ငြိုးဖွဲ့လို့လည်း မနေကြဘဲ၊

၃။ လမင်းကြီးလို ခပ်ဝေးဝေးကနေ လွတ်လွတ်လပ်လပ်နေပြီးတော့ မေတ္တာအအေးဓာတ်တွေ အမြဲမပြတ် ဖြန့်ဝေနေကြရမယ်နော်။

သီတဂူ ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်ဉာဏိဿရ

Credit :thitkhat23

No comments:

Post a Comment