Tuesday, April 4, 2017

★တစ်ယောက်တည်း ငြိမ်းချမ်းအောင်နေနည်း★

★တစ်ယောက်တည်း ငြိမ်းချမ်းအောင်နေနည်း★
= = = = = = = = = = = = = = = = = = = = =

☆(ယောဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဟောကြားခဲ့သည့် အဆုံးအမ တရားတော်) ☆
----------

တစ်ယောက်တည်း ငြိမ်းချမ်းအောင်နေနည်း၊ အများနဲ့ ငြိမ်းချမ်းအောင် နေနည်းလို့
နှစ်နည်းရှိတယ်။ တစ်ယောက်တည်း ငြိမ်းချမ်းအောင် နေတတ်မှ အများနဲ့လည်း
ငြိမ်းချမ်းအောင် နေတတ်တယ်။ ကိုယ် ငြိမ်းချမ်းအောင် နေတတ်မှ သူများကိုလည်း
ငြိမ်းချမ်းအောင် လုပ်ပေးနိုင်တယ်။ တစ်ယောက်တည်း ငြိမ်းချမ်းအောင် နေနည်းက
"သတိ" ပါ။ သတိ အမြဲထားနေတာပါ။ အများနဲ့ ငြိမ်းချမ်းအောင် နေနည်းအတိုချုပ်က
ခန္တီနဲ့ မေတ္တာပါ။

ဘ၀ထဲက ဓမ္မလုပ်ငန်း အချုပ်က သစ္စာလေးပါး အမှန်တရားပါ။ ပါဠိလို ဒုက္ခ၊ သမုဒယ၊
နိရောဓ၊ မဂ္ဂ။ မြန်မာလို အတိုချုပ်ခေါ်ရင် "ပိတာ၊ ငြိတာ၊ အိတာ၊ သိတာ"ပါ။
ဒုက္ခဆင်းရဲဆိုတာ သူ့ကိုနိုင်တဲ့ ဉာဏ်မပေါ်သေးသမျှ ကိုယ့်အပေါ် ပိနေတာပါ။

သမုဒယလောဘက ဒုက္ခခန္ဓာအပေါ် ဖြုတ်ရ၊ ဖယ်ရ ခက်လှအောင် ငြိနေပါတယ်။ မသိလို့ ငြိတယ်။
ငြိလို့ ပိတယ်။ မသိကြီးလေ အငြိကြီးလေ၊ အငြိကြီးလေ အပိကြီးလေပါ။ နိရောဓက
အပိနဲ့အငြိ ချုပ်ငြိမ်းတာ၊ အေးချမ်းတဲ့ နိဗ္ဗာန်ပါ။ အိပေါ့။ နိဗ္ဗာန်မရသေးခင်
ဘ၀ထဲမှာလည်း ငြိတဲ့ ကိလေသာအပူကို ဖယ်နိုင်ရင် ပိတဲ့ဒုက္ခ လျှော့ချနိုင်ရင်
အေးချမ်းတဲ့ 'အိ' အကောင်းကို ရနိုင်တယ်။

ငြိတာကို ဖယ်နိုင်တဲ့အား၊ ပိတာကို လျှော့ချပေးနိုင်တဲ့ အားပဲ လိုပါတယ်။
မဂ္ဂဆိုတာ ဒုက္ခကိလေသာ အပိ အငြိ အဆိုး ဒီဘက်ကမ်းကနေ နိရောဓ 'အိ' အကောင်း
ဟိုဘက်ကမ်းကို ကူးဖို့ တံတားခင်းပေးတာပါ။ မဂ္ဂင် ၈ ပါး ရှိပါတယ်။ မဂ္ဂင် ၈
ပါးကို ချုံးလိုက်ရင် သီလ၊ သမာဓိ၊ ပညာသိက္ခာ သုံးပါး၊ ဘ၀ထဲက ဓမ္မစည်းကမ်း
သုံးချက်ပါ။ အရာရာ စည်းကမ်းရှိတာ၊ တည်ငြိမ်အေးချမ်းတာ၊ ရင့်ကျက်တာပါ။ ဣနြေ္ဒရရ၊
သိက္ခာရှိရှိ ပြောဆိုနေထိုင်တာပါ။ အသက်ကြီးတိုင်း ဂုဏ်မြင့်အောင် မြှင့်ပေးတာပါ။

သိက္ခာဟာ အာဏာထက် အရာရောက်တယ်။ လူ့အလုပ်အားလုံး သိက္ခာ သုံးပါး၊ စည်းကမ်း
သုံးချက်အတိုင်းသာ လုပ်နိုင်ရင် အရာရာ အောင်မြင် တိုးတက်ပါတယ်။ သီလသိက္ခာက
ကိုယ်နှုတ်နဲ့ ကျူးလွန်ဖောက်ပြန် သောင်းကျန်းတဲ့ ကိလေသာ အကြမ်းစားကို
ထိန်းချုပ်ဖယ်ရှားပေးတာ။ သမာဓိသိက္ခာက စိတ်ထဲမှာ ထကြွသောင်းကျန်း လှုပ်ရှားနေတဲ့
ကိလေသာအလတ်စားကို ထိန်းချုပ်ဖယ်ရှား ပစ်တာ။ ပညာသိက္ခာက စိတ်ထဲမှာ
အမြစ်တွယ်နေတဲ့ အကြောင်းဆုံရင် အချိန်မရွေး ပေါ်လာနိုင်တဲ့ ကိလေသာအနုစားကို
ဖယ်ရှားပစ်နေတာ ဖြစ်လို့ အဆိုး ကင်းလွတ်ကြောင်းလည်း ဖြစ်ပါတယ်။

မဂ္ဂင် ၈ ပါး၊ (သိက္ခာ ၃ ပါး) ကို ထပ်ချုံးလိုက်ရင် သတိ တစ်လုံးပဲကျန်တယ်။ သတိဟာ
ငြိတာကိုလည်း ဖယ်ရှားပေးနိုင်တယ်။ ပိတာကိုလည်း လျှော့ချပေးနိုင်တယ်။
အေးချမ်းတဲ့ အိ- ချမ်းသာကိုလည်း အရယူပေးနိုင်တယ်။ အရှိန်အ၀ါ အကြီးဆုံးတရားပါ။
ကျန်တဲ့မဂ္ဂင် ၇ ပါးတရားတွေ အကောင်းဂုဏ် တက်နေတာဟာ အဓိက သတိပါဝင်
ယှဉ်တွဲနေလို့ပါ။ ဘယ်တရားမဆို သတိပါမှ အကောင်းပြည့်စုံ နိုင်ပါတယ်။

သတိဆိုတာ -

🌸 ၁။ ကိုယ်လုပ်လိုတဲ့ အာရုံကို ပေါ်အောင် ဖော်ပေးတယ်။

🌸 ၂။ ပေါ်လာတဲ့အာရုံနဲ့ စိတ်ကို ကိလေသာအပူ ကြားမခိုနိုင်အောင် ကပ်ပေးတယ်။

🌸 ၃။ အချိန်၊ အကြိမ်၊ လုပ်ငန်း ပမာဏအားဖြင့် သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ
အဲဒီအာရုံမပျောက်ရအောင် ထိန်းပေးတယ်။

🌸 ၄။ အလုပ်တစ်ခု လုပ်နေတုန်း အခြားအာရုံတစ်ခုခု ကြားဖြတ် ၀င်မလာရအောင်
ကာကွယ်စောင့်ရှောက်ပေးတယ်။

🌸 ၅။ အလုပ်တစ်ခု လုပ်နေတုန်း ရှေ့အသိနဲ့ နောက်အသိ၊ အသိချင်းစပ်ပေးတယ်။
စိတ်ပေါက်ကို ဖာပေးတယ်။ စိတ်စုတ်ကို ချုပ်ပေးတယ်။ စိတ်ကို အာရုံပေး လုံနေအောင်
ထိန်းပေးတယ်။

🌸 ၆။ လုပ်နေဆဲ အလုပ်အားလုံး အရေးအကြီးဆုံးလို့ သတ်မှတ်ပေးတယ်။ စူးစိုက်ပေးတယ်။
အရေးတကြီး စူးစိုက်လုပ်ရင် အလုပ်အားလုံး တရားအလုပ်ချည်းပဲ။ သတိဟာ
အချိန်တိုင်းကို ကိုယ်ပိုင် အချိန်ဖြစ်အောင် လုပ်ပေးတဲ့ အချိန်ထိန်း ကိရိယာပါ။
အာရုံတိုင်းကို ကိုယ်ပိုင် ကုသိုလ်အာရုံဖြစ်အောင် ဆောင်ရွက်ပေးနိုင်တဲ့
အာရုံထိန်း ကိရိယာပါ။ စိတ်တိုင်းကို ကိုယ်ပိုင် ကုသိုလ်စိတ်ဖြစ်အောင်
ဖန်တီးနိုင်တဲ့ စိတ်ထိန်း ကိရိယာပါ။ ပစ္စုပ္ပန်ရောက်နေဆဲ အချိန်တိုင်းကို
တန်ဖိုးထားတယ်။ ပစ္စုပ္ပန်လုပ်နေဆဲ အလုပ်တိုင်းကို လေးစားတယ်ဆိုရင် တစ်ယောက်တည်း
ငြိမ်းချမ်းအောင် နေတာပါပဲ။ လူ့ဘ၀မှာ တစ်ယောက်တည်း ငြိမ်းချမ်းအောင်
နေတတ်ပြီဆိုရင်
အများနဲ့လည်း ငြိမ်းချမ်းအောင် နေတတ်ပါပြီ။

{ ၁၃၇၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ တနင်္လာနေ့ နေပြည်တော်ရှိ ရွှေနန်းတော်
ဟိုတယ်၌ တိပိဋက ယောဆရာတော် သီတင်းသုံးနေရာ ဒေါ်အောင်ဆန်းစုကြည်ဟာ
ဖူးမြော်လိုကြောင်း ကြိုတင်ခွင့်တောင်း အသိပေးပြီး လာရောက် နာယူတော်မူသော
တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်

အရှင်ပညာသာရ သံသရာခရီးသည်
၁-၂-၂၀၁၇ (ဗုဒ္ဓဟူးနေ့)
Ashin kalyarna

Credit -  Original uploader.

No comments:

Post a Comment